Tuesday, April 28, 2015

သစ်တောအရာရှိကို အုပ်စုဖွဲ့ရိုက်နှက်သူများအား တရားစွဲဆိုရန် စတင်လုပ်ဆောင်နေပြီ

မောင်သင်တုန်း

ပဲခူးမြို့နယ်ရှိ စစ်ပင်ဆိတ်ကျေးရွာတွင် သစ်ခိုးထုတ်သောကားဖြင့် သစ်ခိုးထုတ်ဟန် အယောင်ဆောင်ကာ လိုက်လံဖမ်းဆီးခဲ့သည့် သစ်တောအရာရှိ အပါအဝင် ဝန်ထမ်းများကို အုပ်စုဖွဲ့ဓားဖြင့်ခုတ်ကာ ရိုက်နှက်ခဲ့သည့် အဖွဲ့ကို တရားစွဲဆိုရန် ဆောင်ရွက်လျှက်ရှိသည်ဟု သစ်တော စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဦးပြည်စုံမျိုးက ပြောသည်။

“သစ်ခိုးထုတ်တဲ့ကားနဲ့ အရောင်ပြတယ်။ အဲဒါကို သစ်တော လက်ထောက်ညွှန်ကြားရေးမှူးနဲ့ ဝန်ထမ်းတွေက မသင်္ကာလို့ လိုက်ဖမ်းတယ်။ ရွာထိပ်ရောက်တော့ အုပ်စုဖွဲ့လိုက် ထွက်လာပြီး ရိုက်တယ်။ ဓားနဲ့ခုတ်တယ်။ ခု ရန်ကုန်ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ကုသနေရတယ်” ဟု ညွှန်ကြားရေးမှူး ဦးပြည်စုံမျိုးက ပြောသည်။

အဆိုပါနေ့တွင် သစ်များဖမ်းဆီးရမိခြင်း မရှိသော်လည်း နောက်ရက်တွင် ဒုတိယညွှန်ကြားရေးမှူးချူပ်ကိုယ်တိုင် သွားရောက်ဖမ်းဆီးရာတွင် တရားမဝင် သစ်တန်ချိန် ၃၀၀ အထိဖမ်းဆီးရရှိခဲ့သည်။

“သစ်တွေဖမ်းဆီးတဲ့အခါ အထိနာတော့ တမင်လုပ်ကြံတယ်လို့ ပြောလို့ရတယ်။ ခုတော့ ဘယ်သူတွေဆိုတာလည်း သိပြီ။ တရားစွဲဖို့ လုပ်နေပါပြီ” ဟု ဦးပြည်စုံမျိုးက ပြောသည်။

သစ်တောအရာရှိ အပါအဝင် သစ်တောဝန်ထမ်းနှစ်ဦးနှင့် ယာဉ်မောင်းမှာ ရိုက်နှက်ခြင်းခံရပြီး လိုက်လံဖမ်းသည့် ကားလည်း ဖျက်ဆီးခြင်းခံရသည်ဟု ဆိုသည်။ စစ်ပင်ဆိတ်ကျေးရွာထိပ်တွင် ဧပြီ ၁၁ရက်က ကျေးရွာသားများအပါအဝင် အုပ်စုဖွဲ့လိုက် ရိုက်နှက်ခြင်းဖြစ်ပြီး စုစုပေါင်း လူနှစ်ဆယ်ကျော်၏ ရိုက်ခံခဲ့ရသည်ဟု ၎င်းက ပြောဆိုသည်။

သင်္ကြန်အကြိုရက်တွင် အဆိုပါဒေသမှ တရားမဝင် သစ်တန်ချိန် သုံးရာကို ဖမ်းဆီးနိုင်ခဲ့သည်ဟုဆိုသည်။ သစ်တော ဝန်ထမ်းများအနေဖြင့် တရားမဝင်သစ်များ ဖမ်းဆီးရာတွင် သတ်ဖြတ်ခံရခြင်း၊ အုပ်စုဖွဲ့ ရိုက်နှက်ခြင်းနှင့် ခြိမ်ခြောက်ခံရမှုများ အဖြစ်များလာသည်ဟု သိရသည်။

No comments: