Saturday, April 25, 2015

သီလဝါ စီးပွားရေးဇုန် ဇွန်လတွင် ဖွင့်မည်

Mizzima

မြန်မာနိုင်ငံ၏ ပထမဆုံး အထူးစီးပွားရေးဇုန် ဖြစ်လာမည့် သီလဝါ အထူးစီးပွားရေးဇုန်ကို ဇွန်လမကုန်မီ ဖွင့်လှစ်သွားမည်ဟု ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာ အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

"သီလဝါ အထူးစီးပွားရေးဇုန်က အပိုင်း ၁ မှာ ဌာနေနဲ့ နိုင်ငံခြားစက်ရုံ ရှစ်ခု တည်ဆောက်ရေး လုပ်ငန်းစဉ်တွေက ပြီးစီးသလောက်ဖြစ်နေပြီ" ဟု မြန်မာ သီလဝါ အထူးစီပွားရေးဇုန် ဦးပိုင်လီမိတက်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသိန်းဟန်က ပြောကြောင်း ဘန်ကောက်ပို့စ်က ရေးသားသည်။

သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း ၁သည် ရန်ကုန် အရှေ့တောင်ပိုင်း ဟတ်တာ ၄၀၀ အကျယ်အဝန်းရှိပြီး ဇွန်လအတွင်းတွင်အားလုံးဖွင့်လှစ်မည်ဟု ဆိုသည်။

"စက်ရုံတွေကနေ မြန်မာလူထုအတွက် အလုပ်အကိုင် အနည်းဆုံး ၂၀,၀၀၀ ကို ဖန်တီးပေးနိုင်မှာဖြစ်ပြီး စက်မှုဇုန်ရဲ့ အပိုင်း ၁ တစ်ခုလုံးကအလုပ်အကိုင်ပေါင်း ၅၀,၀၀၀ ကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်" ဦးသိန်းဟန်ကပြောသည်။

အောက်တိုဘာလတွင် ဆောက်လုပ်ရေးစတင်မည့် အပိုင်း ၂ အပါအဝင်ဆိုလျှင် သီလဝါအထူးစီပွားရေးဇုန်သည် ဟတ်တာ ၂,၄၀၀ ကျယ်ဝန်းပြီး အကျိုးတူ ဖက်စပ်လုပ်ငန်းဖြစ်သည့် မြန်မာ-ဂျပန်သီလဝါဖွံ့ဖြိုးရေးက တာဝန်ယူခြင်းဖြစ်သည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာမှ စတင်ခဲ့သည့် သီလဝါ စက်မှုဇုန်တည်ဆောက်ရေးလုပ်ငန်းသည် ၂၀၁၆ ခုနှစ် သို့မဟုတ် ၂၀၁၇ ခုနှစ်အတွင်း အလုံးစုံအပြီးသတ်မည် မျှော်မှန်းထားသည်။

သီလဝါစက်မှုဇုန်တွင် ဂျပန်ကုမ္ပဏီများက အများစု ပါဝင်မည်ဖြစ်ပြီး မြန်မာ၊ ထိုင်း၊ ထိုင်ဝမ်နှင့် စင်ကာပူကုမ္ပဏီများလည်းပါဝင်မည်ဖြစ်သည်။

No comments: