နိရဉ္စရာ
ရခိုင်ပြည်နယ် ခရိုင် (၅) ခုမှ ရွေးချယ်ခံရသော ရခိုင်ကျောင်းသား လူရည်ချွန် ၃၀ သည် ရခိုင်ပြည်နယ် စစ်တွေမြို့မှ တဆင့် သူတို့ အပန်းဖြေ အနားယူမည့် လူရည်ချွန်စခန်းများသို့ ထွက်ခွာသွားခဲ့ကြသည်ဟု သတင်း ရရှိသည်။
“ ဟုတ်ကဲ့။ သူတို့က စစ်တွေကနေ ရန်ကုန်။ ရန်ကုန်ကနေ ဒီကနေ့ ဧပြီလ ၂၃ ရက်နေ့မှာ အပမ်းဖြေစခန်းတွေ ဖြစ်ကြတဲ့ ငွေဆောင်၊ အင်းလေးနဲ့ ပုဂံတို့ကို ထွက်ခွာသွားကြပါပြီ” ဟု ရခိုင်ပြည်နယ် ပညာရေးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမောင်သာက နိရဉ္စရာသို့ ပြောသည်။
ယခုနှစ် လူရည်ချွန် ကျောင်းသားများအား တစ်ခရိုင် (၆) ဦးကျဖြင့် ရွေးချယ်ခဲ့ပြီး ရွေးချယ်ခဲ့ပုံ စနစ်အားလည်း လက်ထောက် ညွှန်ကြားရေးမှူးက ယခုလို ပြောဆိုသည်။
“ အတန်း သုံးတန်းပေါ။ အဋ္ဌမတန်း၊ န၀မတန်းနဲ့ ဒသမတန်းက ကျားတစ်ဦး၊ မတစ်ဦးစီပေါ့။ စုစုပေါင်း ခြောက်ဦးကို ခရိုင်တစ်ခုစီကနေ ရွေးချယ်ပါ။ ပထမတော့ နှစ်ဝက်စာမေးပွဲမှာ ပထမရရှိတဲ့ ကျောင်းသား ကျားတစ်ဦး၊ မတစ်ဦးကို မြို့နယ် အတွင်းမှာရှိတဲ့ အထက်တန်းနဲ့ အလယ်တန်းကျောင်းတွေက ရွေးချယ်ပါတယ်။ မြို့နယ် အဆင့် စ ပြိုင်ရပါတယ်။ မြို့နယ် အလိုက် အဆင့်ကနေ ပထမ ရရှိတဲ့ ကျောင်းသား ကျောင်းသူတွေ အနေနဲ့ ခရိုင်အဆင့် ပြိုင်ရပြီး ထူးချွန်တဲ့ ကျောင်းသား ခြောက်ဦးကို ရွေးချယ်ပြီး လူရည်ချွန် အဖြစ် သတ်မှတ်ပါတယ်” ဟု သူက ဆိုသည်။
ခရိုင်အဆင့်တွင် မေးခွန်းများ ဖြေရကြောင်း၊ မေးခွန်းများကို ဗဟိုက ပေးပို့ကြောင်း၊ မေးခွန်းများထဲတွင် အင်္ဂလိပ်စာ၊ အထွေထွေ ဗဟုသုတ ဥာဏ်စွမ်းတို့ပါဝင်ကြောင်း၊ ၎င်းအပြင် ကိုယ်ကာယ ကြံ့ခိုင် ကျန်းမာမှုကိုလည်း စစ်ဆေးကြောင်း၊ ပထမ ရရှိသူ ကျောင်းသားနှင့် ကျောင်းသူ တစ်ဦးစီကို ရွေးချယ်ခြင်း ဖြစ်ကြောင်း သိရသည်။
“ လူရည်ချွန် ရွေးချယ်မှု ပျောက်နေရာကနေ အခုလို လူရည်ချွန်တွေ ပြန်ပေါ်လာတဲ့ အတွက် ကျောင်းသား မိဖတွေက စိတ်ပိုင်းဆိုင်ရာ တက်ကြွလာတယ်။ ကျောင်းသား ကျောင်းသူတွေ အကြားမှာလည်း ပညာရေးပိုင်းအရရော တစ်ခြား လူမှုရေး အပိုင်းမှာရော ယှဉ်ပြိုင်လိုစိတ်တွေ ရှိလာတဲ့ အတွက် အပြိုင်အဆိုင် ကြိုးစားလာကြတယ်။ စာတစ်ခု တော်တာမဟုတ်ဘဲ ဘက်စုံ ထူးချွန်ဖို့လိုတယ်ဆိုတဲ့ အသိ ၀င်လာပြီး စံပြ ကျောင်းသား ကျောင်းသူတွေ မွေးထုတ်လာနိုင်မှာ ဖြစ်တဲ့ အတွက် အထူး အကျိုး ဖြစ်ထွန်းစေပါတယ်” ဟု ဦးမောင်သာက ပြောဆိုသည်။
ယခု လူရည်ချွန်များ၏ ခရီးစရိတ်အတွက် ရခိုင်ပြည်နယ် အစိုးရနှင့် အင်းပေါက်ဝ ကုမ္ပဏီမှ ကျပ် ၃၃ သိန်းစီ၊ စုစုပေါင်း ကျပ် ၆၆ သိန်းလှူဒါန်းခဲ့သည်ဟုသိရသည်။
လူရည်ချွန်များအနေဖြင့် ရက်ပေါင်း (၁၁) ရက် စခန်းအသီးသီးတွင် အပန်းဖြေ အနားယူပြီး နေရာအသီးသီးကို လေ့လာခွင့် ရရှိကြမည်ဟု သိရသည်။
ရခိုင်ပြည်နယ် အစိုးရမှလည်း ဧပြီလ ၁၉ ရက်နေ့က လူရည်ချွန်များအား ရခိုင်ပြည်နယ် အစိုးရရုံး ခန်းမတွင် ဂုဏ်ပြုပွဲ ပြုလုပ်ပြီး ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းကိုယ်တိုင် တက်ရောက် ချီးမြှင့် အားပေးစကားများ ပြောကြားခဲ့သည်ဟု သိရသည်။

No comments:
Post a Comment