ခင်မြတ်မြတ်ဝေ၊ စည်သူမောင်မောင်
ဧပြီ ၂၃ ရက် ညနေက ရန်ကုန်မြို့ အပါအဝင် မြို့နယ်အချို့တွင် မိုးသက်လေပြင်း ကျရောက်ခဲ့၍ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ဆင်းသက် မည့်လေယာဉ် အချို့ မဆင်းသက်နိုင် ဘဲလေကြောင်း ပျံသန်းမှု အချို့လည်း ညနေ ၆နာရီ မှစပြီး နာရီ ဝက်ခန့် ရပ်နားခဲ့ရ သည်ဟုလေကြောင်း ရဲတပ်ဖွဲ့မှ တာဝန်မှူးက မဇ္ဈိမ ကိုပြောသည်။
"နာရီဝက်လောက်ပဲ ရန်ကုန်ကနေ ထွက်မယ့် လေယာဉ်တွေဆို မထွက်ခိုင်းဘူး။ အဝင်လေယာဉ်တွေကျတော့ ရပ်ထားလို့ မရတော့နေပြည်တော် မှာလေးစင်း ရပ်လိုက်ရတယ်။ တချို့လေယာဉ်ကျတော့ ဆင်းမရလို့ အပေါ်မှာပဲ ပတ်ပြီး နေရတာပေါ့၊ နာရီဝက်လောက်ပါပဲ"ဟု ၎င်းက အတည်ပြုပြောသည်။
ရာသီဥတု အခြေအနေကြောင့် ရန်ကုန်လေဆိပ်သို့ ည ၉နာရီ ဆိုက်ရောက်ရ မည့်လေယာဉ်မှာည ၁၁နာရီမှ ဆိုက်ရောက်ခဲ့ရပြီး ခရီးစဉ်နှောင့်နှေးမှု အချို့ဖြစ် ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။
မိုးလေဝသ ပညာရှင်ဒေါက်တာ ထွန်းလွင်ကမူ မတ်လမှမေလ ကုန်အထိ မိုးတိမ်တောင်များ ရှိသည့် အတွက် လေကြောင်းလိုင်းများ သတိထား ကြရန်လည်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် သတိပေးထားသည်။
"မေလဆန်းပြီးရင် မုတ်သုံလေကဝင်တော့မယ်။ မုတ်သုံလေဦးဝင်ရာတစ်လျှောက်မှာမိုးတိမ်တောင်တွေက တန်းစီဖြစ်ဦး မယ်။လောလောဆယ် မုန်တိုင်းတော့ မရှိသေးပါ။ မိုးတိမ်တောင်တွေတော့ ရှိပါတယ်"ဟု ၎င်းကပြော ထားသည်။
ရန်ကုန်မြို့တွင်း အသေးစား ထိခိုက်မှု အချို့
ရန်ကုန်မြို့တွင် လာရောက် အလုပ်လုပ်ကာ ဒလမြို့သို့ ပြန်ရမည့် အလုပ်သမား များ၊ကျောင်းသား များ၊ဈေးသည်များ မှာလေပြင်း တိုက်ခတ်မှုကြောင့် သမ္ဗာန် များ မထွက်နိုင်သည့်အတွက် ညနေ ၆ နာရီခန့်မှ စတင်ပြီး အခက်အခဲ ကြုံခဲ့ရသည်။
ရန်ကုန်- ဒလ သို့ ပြေးဆွဲသော သမ္ဗာန်များကို ရပ်ဆိုင်း၍ သင်္ဘောသုံးစီး အသုံးပြု ပြေးဆွဲခဲ့ရသည်ဟု ပန်းဆိုးတန်း ဆိပ်ကမ်းမှ တာဝန်ရှိသူက မဇ္ဈိမကိုပြော သည်။
အလားတူ ရန်ကုန်မြို့တွင်း အလုပ်သမား၊ ဝန်ထမ်း၊ ဈေးသည်များ အိမ်ပြန်ရန် လိုင်းကား၊ အငှားများလည်း ရှားပါးခဲ့ပြီး လေပြင်းကြောင့် သစ်ပင်လဲပြိုမှုများ ရှိ၍ လမ်းပိတ်ဆို့ မှုများလည်း ရှိခဲ့သဖြင့် အခက်အခဲများ ကြုံခဲ့ရသေးသည်။
ရန်ကုန်မြို့တွင် ဧပြီ ၂၃ ရက်နေ့ ညနေပိုင်း တွင်လေပြင်း တိုက်ခတ်မှုကြောင့် ပုဇွန်တောင်ဈေးတွင် ဈေးသည် ဆိုင်ပိတ်သိမ်း ခဲ့ရသည်။ "မနေ့က သာကေ တပြန်ဖို့ လိုင်းကား လုံးဝ မရဘူး။ TAXI ငှားတော့လည်း မရဘူး။ နောက်ဆုံး ကားငှားလို့ ရတော့လည်း ကားသမားက သာကေတ တံတားမှာ ပိတ်နေလို့ မင်္ဂလာဈေး မှတ်တိုင်မှာ ဆင်းတဲ့။ သာကေတကို လမ်းပိတ်လို့ မပို့ပေးနိုင်ဘူးလို့ ပြောတယ်"ဟု သာကေတ ၁ ဈေးကွေ့တွင် နေထိုင်သူ ဦးလှမောင်က ၎င်း၏ အတွေ့အကြုံ ကိုပြန်ပြောသည်။
ထို့ပြင် လေပြင်းတိုက်ခတ်ကာ မိုးရွာသွန်းမှုကြောင့် မြို့နယ် အချို့၌ လျှပ်စစ်မီး များပြတ်တောက်ခဲ့ ပြီးဈေးဆိုင် အချို့လည်း ဆောလျင်စွာ ပိတ်သိမ်း ခဲ့ရသည်။
"လေးနာရီလောက် ကတည်းက မိုးရွာတာ ထီးတွေတောင် ဖွင့်မရတော့ ညနေပိုင်း ထမင်းဆိုင်တောင် မရောင်းလိုက်ရဘူး၊ ပိတ်ထားရတယ်။ အဲဒီအချိန်ကစပြီး မီးတွေက ပျက်သွားတယ်။ ည ၈နာရီ ကျော်လောက်မှာ မီးပြန်လာတယ်။ ငါး မိနစ်လောက်ပဲ ကြာတယ်၊ ထရန်စဖော်မာပေါက် သွားတယ်။ရှော့ ဖြစ် သွားတယ် "ဟု သာကေတတွင် ထမင်းဆိုင်ဖွင့်ထားသူ ဒေါ်ရီက ပြောသည်။
ဧရာဝတီတိုင်းတွင်လည်း အပျက်အစီး၊ အသေအပျောက်ရှိ
ဧရာဝတီတိုင်းတွင် ညနေပိုင်းက မိုးရွာပြီးလေပြင်း တိုက်ခြင်းနှင့် မိုးကြိုးပစ်ခြင်း တို့ကြောင့်နေအိမ်များ ပျက်စီး သည့်အပြင် လူသေဆုံး မှုများလည်း ရှိခဲ့ကြောင်း ဧရာဝတီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ကပြောသည်။
မိုးရွာသွန်းကာ လေပြင်းတိုက်ခြင်း နှင့် မိုးကြိုးပစ်ခြင်းတို့ကြောင့် မြောင်းမြ နှင့် ကျုံပျော်မြို့နယ်တွင် အမျိုးသမီးနှစ်ဦး မိုးကြိုး ထိသေဆုံးခဲ့သည်။
ပုသိမ်ခရိုင်တွင် မူနေအိမ် ခုနစ် လုံး၊ ဟင်္သာတခရိုင် တွင်နေအိမ် ၆၀ နှင့် ဓမ္မာရုံ တစ် ရုံ၊ ရထားလိုင်း အခန်းခြောက် ခန်းတွဲ တစ်လုံး၊မအူပင် ခရိုင်တွင်နေ အိမ် လေးလုံး နှင့် စာသင်ကျောင်း နှစ်ကျောင်း၊ မြောင်းမြခရိုင်တွင် တဲ ၁၂ လုံး၊ ဒေးဒရဲမြို့တွင် ဓာတ်တိုင် ခြောက်တိုင် နှင့် ပန်းတနော်မြို့တွင် ဓာတ်တိုင်နှစ် တိုင် ပျက်စီးခဲ့သည်ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန် ထားသည်။
No comments:
Post a Comment