Friday, April 3, 2015

ဖမ်းဆီး ထိန်းသိမ်းခံကျောင်းသားများနှင့် ၀န်းရံသူများ လွှတ်ပေးရေး လှည်းတန်းတွင် လှုပ်ရှားမှုပြုလုပ်

ထက်ထက်အောင်

ဖမ်းဆီး ထိန်းသိမ်းခံကျောင်း သားများနှင့် ၀န်းရံသူပြည်သူများ လွှတ်ပေးရေး အတွက်ပြည် သူလူထု၏ အာရုံစိုက်မှု မလျော့ သွားစေရေး ရည်ရွယ်၍ စတေကာ ကမ်ပိမ်းတစ်ခုကို ရန်ကုန်မြို့ လှည်းတန်းတွင် ဧပြီ ၂ ရက် ညနေလေးနာရီခန့်က အကြမ်းမဖက်ရေးလိုလားသူများ ကပြုလုပ်ခဲ့ကြသည်။

ယင်းလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည့် ကဗျာချစ် သူများအဖွဲ့မှ ကဗျာဆရာမောင်ဆောင်းခက "ကျောင်းသားတွေနဲ့ ၀န်းရံပြည် သူတွေ အပေါ်ပြည်သူ လူထုရဲ့အာရုံစိုက်မှု မလွတ်အောင်လှုပ်ရှားတာပါ။ အကြမ်းမဖက်ရေး လိုလားသူတွေ စုပေါင်းပြီး နယ်တွေမှာလည်း ဆက်လှုပ်ရှား သွားဦးမယ်” ဟုဆိုသည်။

ယင်းလှုပ်ရှားမှုတွင် Genaration Wave အဖွဲ့နှင့်အတူ ဒိန်းမတ်နိုင်ငံမှ လေ့လာရေးကျောင်းသားများလည်း ပါဝင်ဆင်နွှဲရန် ရောက်ရှိနေသော်လည်း ၎င်းတို့၏ လုံခြုံရေးအတွက် စိတ်ချရသော အခြေအနေမရှိ၍ ပါဝင်ခဲ့ခြင်းမရှိဟု သိရသည်။

Genaration Wave မှ ကိုမိုဃ်းသွေးက“ ကျွန်တော်တို့ အခုကမ်ပိမ်းလုပ်မယ့် ပတ်ပတ်လည်မှာ လ၀ကတွေ၊ အက်စ်ဘီ (ရဲ သတင်းတပ်ဖွဲ) တွေ ဒီလောက် များ များတွေ့ရမယ် မထင်ထားဘူး၊ တကယ်လို့များ ဒိန်းမတ်ကျောင်းသားတွေရဲ့ ပတ်စ်ပို့သိမ်းတာတို့ပြန်ဖို့လေဆိပ်တန်းပို့လိုက်တာမျိုးတို့ လုပ်လိုက်ရင် မလွယ် ဘူးလေ။ ဒါကြောင့် ကမ်ပိမ်းမှာ မပါဝင်တော့ကြောင်း အက်စ်ဘီကို အကြောင်းကြားလိုက်ပါပြီ” ဟု မဇ္ဈွိမကို ပြောသည်။

စတေကာ ကမ်ပိမ်းတွင် “ကျောင်းသားထုကို ၀န်းရံကြ”၊ “ ဖမ်းဆီး ထိန်းသိမ်း ခံကျောင်း သားများနှင့် ၀န်းရံပြည်သူများအားချက်ချင်းလွှတ်”ဟူသော စတေကာ များကပ်ခြင်းနှင့် "we are student ,respect our change”လက်ပတ်များ လိုက်ပတ်ပေးခြင်းတို့ကို လှည်းတန်း တစ်ဝိုက်ရှိ လူစည်ကား ရာနေရာ များတွင် လုပ်ဆောင် ခဲ့ကြသည်။

အဆိုပါ အကြမ်း ဖက်မှုအလို မရှိသည့် လှုပ်ရှားမှုကို အကြမ်း မဖက်ရေး လိုလား သူများက စုပေါင်းပြုလုပ်ခဲ့ ကြခြင်းဖြစ်ပြီး အသင်း အဖွဲ့တစ်စုံ တစ်ခု၏ အမည် မတပ်စေလိုကြောင်း၊ ဆက်လက် လုပ်ဆောင် သွားမည့် လှုပ်ရှားမှု များတွင်လည်း အကြမ်းဖက်မှု အလိုမရှိသည့် မည်သူမဆို ပါဝင်လှုပ် ရှားနိုင်ကြောင်း ကဗျာ ဆရာမောင်ဆောင်း ခကဆိုသည်။

No comments: