ဖနိဒါ
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း အစိုးရ စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့တို့ ဧပြီလ ၁၈ ရက်မှစတင်၍ တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေသည်ဟု ဖားကန့်ဒေသခံများနှင့် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) က ပြောသည်။
ဖားကန့်မြို့နယ်တွင် တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေသည်ဟု သိရသော်လည်း အသေးစိတ်မသိရသေးကြောင်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာသဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် ကြန့်ကြာမှု ရှိနိုင်မည်ဟု PCG မှ ဦးဆန်အောင်က ပြောသည်။
“တိုက်ပွဲပြန်ဖြစ်တယ်လို့တော့ ကြားရတယ်။ တိုက်ပွဲပြန်ဖြစ်လာတော့ အနှောက်အယှက်ဖြစ်တယ်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဖို့ အချိန်ကြန့်ကြာလာနိုင်တယ်။ ဒီအချိန်မှာ တိုက်ပွဲမဖြစ်ဖို့ ထိန်းသိမ်းသင့်တယ်။ နောက် ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေးအဖွဲ့ကလည်း တိုက်ပွဲ မဖြစ်ခင်မှာ ကိုယ်လှုပ်ရှားမဲ့ နေရာတွေမှာ အရင်သတင်းပို့ပြီးတော့ သွားလာသင့်တယ်။ သတင်းမပို့ဘဲ သူများ နယ်မြေမှာ သွားရင်တော့ တိုက်ခိုက်လာမှာပဲ။ အစိုးရစစ်တပ်က သတင်းမပို့ဘဲ ချောင်းမြောင်းပစ်ပြီးတော့ ကေအိုင်အိုစခန်းတွေ လိုက်သိမ်းတာတွေက အမြဲလို ဖြစ်နေတယ်။ ဒါပေမဲ့ ဒီနေ့ ဖားကန့်မှာ ဖြစ်တဲ့ကိစ္စက ဘာဖြစ်တယ်ဆိုတာ အသေးစိတ် မသိသေးဘူး”ဟု သူက မဇ္ဈိမကို ပြောသည်။
ဖားကန့်မြို့နယ် KIA ၏ တပ်ရင်း ၆ ၏ ၄ အိမ်စု (Bosadee Post)ရှိရာသို့ အစိုးရ စစ်တပ်များ လှုပ်ရှားလာသဖြင့် မိုင်းနင်းမိရာမှ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရကြောင်း ဖားကန့်မြို့နယ် ကချင်ပြည်သူ့ အသံဖော်ထုတ်ရေး ကော်မတီ၏ ဥက္ကဌ ဦးလမောင်လတောင်က ပြောသည်။
“မနေ့ကတည်းကနေ ဖြစ်တာ။ ဒီနေ့လည်း ၃ နာရီထိ တိုက်ပွဲဖြစ်နေတယ်။ အစိုးရ စစ်တပ်က KIA တပ်ရင်း ၆ ရှိတဲ့ဘက်ကို လှုပ်ရှားလာတာ အဲဒီမှာ ရဲဘော်တစ်ဦးက မိုင်းနင်းမိတယ်။ အဲဒီမှာ နှစ်ဖက် တိုက်ပွဲဖြစ်ကြတယ်။ တိုက်ပွဲက ပြင်းထန်တယ်လို့ ပြောတယ်။ အစိုးရ စစ်တပ်ဘက် ထိခိုက်ကျဆုံးမှု များတယ်၊ မနေ့ကလည်း ထိခိုက်တဲ့ ရဲဘော်တွေ သယ်လာတာတွေ ရှိတယ်။ ဒီနေ့လည်း ထပ်သယ်လာတယ်လို့ သိရတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။
အစိုးရ စစ်တပ်က နယ်မြေစိုးမိုးရေးအတွက် လုံခြုံရေးအရ လှုပ်ရှားသွားလာစဉ် နှစ်ဖက် တိုက်ပွဲ ပြန်လည် ဖြစ်ပွားရခြင်း ဖြစ်မည်ဟု ယူဆကြောင်း လက်ရှိ ဖားကန့်မြို့ပေါ်တွင် ဆားမှော်ဘက်မှ အစိုးရ၏ စစ်အင်အားများ ဖြည့်တင်းလာမည်ဟု သတင်းရရှိကြောင်း သူက ပြောသည်။
“အစိုးရ စစ်တပ်က သူတို့နယ်မြေအနီးတစ်ဝိုက်မှာ ကင်းလှည့်တယ်။ လှုပ်ရှားလာတယ်။ အဲဒီမှာ ကေအိုင်အိုတွေ လှုပ်ရှားတဲ့ နယ်မြေဘက်ကို ရောက်သွားတယ်။ ပြောချင်တာကို ဒီဒေသတဝိုက်မှာ လုံခြုံမှုရှိအောင်ဆိုပြီး လှုပ်ရှားတဲ့အချိန်မှာ ဒီလို တိုက်ခိုက်မှု ဖြစ်ပွားတယ်လို့ ထင်တယ်”ဟု သူက ပြောသည်။
မတ်လ ၃၁ ရက်က အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းပါ စာချုပ်များ သဘောတူညီမှု ရရှိပြီးနောက် ဧပြီလ ၅ ရက်က ကချင်ပြည်နယ် နမ္မတီးဒေသရှိ KIA ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၁ တပ်ဖွဲ့နှင့် အစိုးရ စစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO ) ဗဟိုကော်မတီ ခေါင်းဆောင်များကလည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုများအပေါ် ဧပြီလ ၁၈ ရက်မှ စတင်၍ ပြန်လည် သုံးသပ်နေသည်။
No comments:
Post a Comment