Tuesday, April 7, 2015

ခြေမျက်စိမှ လည်ပင်းအဆုံး လုံခြုံစွာ ဝတ်ဆင်ဖျော်ဖြေမည်ဟု Grand Royal မဏ္ဍပ် စီစဉ်သူ ကိုဂျွန်လွင်ဆို

မိုးသူ

ပြီးခဲ့သည့်နှစ် သင်္ကြန်တွင် ထိုင်းနိုင်ငံမှ လာရောက်ဖျော်ဖြေသော အကအဖွဲ့ တစ်ဖွဲ့က ယဉ်ကျေးမှုနှင့် မကိုက်ညီသော ဝတ်စားဆင်ယင်ခဲ့မှုကြောင့် နာမည်ပျက် စာရင်း သွင်းခံခဲ့ရသည်ဆိုသော Grand Royal မဏ္ဍပ်သည် ယခုနှစ်တွင် ခြေမျက်စိမှ လည်ပင်းအဆုံး လုံခြုံစွာ ဝတ်ဆင်ဖျော်ဖြေမည်ဟု မဏ္ဍပ် စီစဉ်သူ Stars & Models INT'L တည်ထောင်သူ ကိုဂျွန်လွင်က ဆိုလိုက်သည်။

ယခုနှစ်တွင် လုံခြုံစွာ ၀တ်ဆင် ဖျော်ဖြေမည် ဆိုသော ၀န်ခံကတိ လက်မှတ်ထိုး၍ အဆိုပါပွဲကို စီစဉ်ခဲ့ သည်ဟုလည်း ၎င်းက ဆိုသည်။

၎င်းက “ဒီနှစ်ဖျော်ဖြေရေးကိုလည်း စနစ်တကျ သေချာစီစဉ်ထားပါတယ်။ ပါဝင်ဖျော်ဖြေမယ့် ထိုင်းမလေးတွေကိုလည်း ခြေမျက်စိမှအစ လည်ပင်အဆုံးသေချာ လုံလုံခြုံခြုံဝတ်ထားမှာပါ။ မနှစ်က အကြောင်းနဲ့ပတ်သက်ပြီးတော့ ကျွန်တော့်ကို သက်ဆိုင်ရာက တိုက်ရိုက်သေသေချာချာ မပြောပါဘူး။ ဒီနှစ်မှာသွား လျှောက်တော့သူတို့နဲ့ ဝန်ခံကတိ လက်မှတ်ထိုးပြီးတော့ ဒီပွဲကိုစီစဉ်လိုက်တာပါ” ဟု ပြောသည်။

အဆိုပါ Grand Royal မဏ္ဍပ်ကို ပြီးခဲ့သည့် နှစ်က နာမည်ပျက်စာရင်းသွင်းထားသည် ဆိုသော်လည်း ၄င်းတို့ကို တရားဝင် အကြောင်းကြားခြင်း မရှိဟုလည်း ဆိုသည်။

ယခုနှစ် အတွက် Grand Royal မဏ္ဍပ်သည် ကန်တော်ကြီးဥယျာဉ်၊ မျှော်စင်ကျွန်း၌ ဖျော်ဖြေသွားမည် ဖြစ်ပြီး ဧပြီ ၁၃ မှ ၁၆ ရက်အတွင်းတွင် Stars & Models INT'L မှ မော်ဒယ်များ၊ ထိုင်းနိုင်ငံမှမော်ဒယ်များ၊ Iron Cross တေးဂီတ အဖွဲ့အပြင် အဆိုတော်အသစ်ဖြစ်သည့် အစ္စတာနှင့် ထက်ထက်မြင့်အောင် တို့လည်း ပါဝင် ဖျော်ဖြေမည်ဖြစ်သည်။

ယင်းအပြင် နိုင်ငံတကာ DJ များဖြစ်သည့် DJ Athena, DJ Dan, DJ Yukie နှင့် ပြည်တွင်း ဒီဂျေများဖြစ်သည့် DJ Thaw Thaw, DJ Thaw Lay တို့ကလည်း ဖျော်ဖြေသွားမည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ် Grand Royal မဏ္ဍပ်တွင် ထိုင်းနိုင်ငံမှ ငှားရမ်းခဲ့သည့် အကအဖွဲ့က မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသော ၀တ်စားဆင်ယင်မှု၊ ကပြဖျော်ဖြေမှုများ ပြုလုပ်ခဲ့သည့်အတွက် အင်တာနက် စာမျက်နှာ များတွင် ပြန့်နှံ့ခဲ့သည်။

ယင်းကြောင့် ပြီးခဲ့သည့်နှစ် သင်္ကြန်အကြိုနေ့က Grand Royal မဏ္ဍပ်တွင် ထိုင်းအကအဖွဲ့၏ ဝတ်စားဆင်ယင်မှုနှင့် ဖျော်ဖြေမှုသည် မြန်မာရိုးရာ နှင့် ဆန့်ကျင်သောကြောင့် ရန်ကုန်သင်္ကြန် နာမည်ပျက်ခဲ့ရသည်ဟု ရန်ကုန်တိုင်း နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းကပြောခဲ့သေးသည်။

၂၀၁၄ ခုနှစ် သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်များတွင် စည်းကမ်းဖောက်ဖျက်မှုများ၊ ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် ဝတ်စားဆင်ယင် ကခုန်မှုများ ရှိခဲ့ပြီး သင်္ကြန်မဏ္ဍပ်ကော်မတီက ခွင့်ပြုပေးခဲ့သည့် ရေကစားမဏ္ဍပ်များ၏ ခန့်မှန်း သုံးပုံတစ်ပုံမှာ စည်းကမ်းဖောက်ဖျတ်ခဲ့သည်ဟု ဆိုသည်။

ယခုနှစ် သင်္ကြန် အတွက်လည်း အက အခုန်များကို အလွန်အမင်း မလိုက်စားရန်နှင့် သိက္ခာကျလောက်သော အရက်သေစာ သောက်စားမူးယစ်မှုတို့မှ ရှောင်ကြဉ်ရန်လည်း ယဉ်ကျေးမှု ၀န်ကြီး ဌာနက ထုတ်ပြန်ထားသည်။ ယင်းအပြင် မြန်မာ့ယဉ်ကျေးမှုအလွန် ဝတ်စားဆင်ယင်မှုများ ရှောင်ကြရန်၊ အမြင်မတင့်တယ်သည့် နေထိုင်မှု၊ ပြုမူမှုများ ရှောင်ကြရန်လည်း ကန့်သတ်ထားသည်။

ယခုနှစ် သင်္ကြန်ကာလတွင် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း မဏ္ဍပ်ကြီး ၃၀ ကျော် ဆောက်လုပ်ခွင့် ပြုထားသည်။

No comments: