Monday, April 27, 2015

ကချင် တိုက်ပွဲများအတွက် အစိုးရနှင့် KIA ဆွေးနွေးမည်

နန်းဆိုင်နွမ်

အစိုးရ တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး နှစ်ဖက် ပဋိပက္ခ ညှိနှိုင်းရေး အဖွဲ့များသည် ဧပြီ ၂၇ ရက်တွင် မြစ်ကြီးနားမြို့၌ တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

“အဓိကတော့ ဖားကန့်နဲ့ တနိုင်းလမ်းမှာ ဖြစ်တဲ့ တိုက်ပွဲကိစ္စ ဆွေးနွေးကြမှာပါ။ ဘာကြောင့် တိုက်ပွဲတွေ ဖြစ်တာလဲ၊ အခုလို ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ အချိန်မှာ တိုက်ပွဲတွေက မဖြစ်သင့်ဘူးပေါ့။ ဆွေးနွေးတာတွေ လုပ်ရင်တော့ အဆင်ပြေ သွားမှာပါ”ဟု ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့မှ ဦးလမိုင်ဂွန်ဂျာက ပြောသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း အစိုးရ တပ်မတော်နှင့် KIA တို့ ဧပြီ ၁၇ ရက်မှ စတင်၍ ယမန်နေ့အထိ တိုက်ပွဲများ ဆက် တိုက် ပြန်လည် ဖြစ်ပွားနေပြီး တိုက်ပွဲကြောင့် တနိုင်းမြို့နယ် ကောင်းရာ ကျေးရွာရှိ ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေကြရ သည် ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ ပဋိပက္ခ ညှိနှိုင်းရေး တွေ့ဆုံပွဲသို့ KIA ဘက်မှ ဗိုလ်မှူးကြီး ဇော်တောင် ခေါင်းဆောင်သည့် ကိုယ်စားလှယ် ၅ ဦးနှင့် အစိုးရ ဘက်မှ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်မည် ဖြစ်ကြောင်းလည်း ဦးလမိုင်ဂွန်ဂျာက ပြောပြသည်။

တိုက်ပွဲများ ပြန်လည် ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး အစိုးရဘက်မှ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက “နယ်မြေ ထိပ်တိုက် တွေ့ဆုံမှုတွေကြောင့် တိုက်ပွဲတွေ ဖြစ်ပွားတာပါ။ တွေ့ဆုံဖို့ ပြင်ဆင်နေပါတယ်။ နှစ်ဦးနှစ်ဘက် အဆင်ပြေတဲ့ရက် တွေ့ဖို့ လုပ်နေပါတယ်”ဟု ဧရာဝတီကို ပြောသည်။

ယမန်နေ့က တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ဖားကန့်မြို့နယ် ဒွန်ဘန် ကျေးရွာအနီး ဖားကန့်-တနိုင်း ကားလမ်းကို ပိတ်ထားကြောင်း တနိုင်းမြို့ ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။

“တိုက်ပွဲတွေကြောင့် တနိုင်းအနီးက ရွာ ၃ ရွာက ပြည်သူတွေ ပိတ်မိနေရတယ်။ ထိခိုက်တာတွေတော့ မရှိဘူး”ဟု ထိုဒေသခံက ပြော သည်။

ဖားကန့်-တနိုင်း ကားလမ်းသည် တိုက်ပွဲများ မဖြစ်ခင်က တနေ့လျှင် ကားအစီးရေ ၃၀၀ ဝန်းကျင် ဖြတ်သန်းနေသည်ဟုလည်း ၎င်းက ဆိုသည်။

အစိုးရ တပ်မတော်က KIA ကို မတ်လ ၂၁ ရက်က စတင်ပြီး တိုက်လေယာဉ်များ အသုံးပြု တိုက်ခိုက်ခဲ့သည့်အပြင် ကချင်ပြည် နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် အတွင်းရှိ KIA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်းကိုပါ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ် ၁၇ ရက်မှ ၂၂ ရက် အထိ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟို ဌာန (MPC) တွင် ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ အပစ် အခတ် ရပ်စဲရေး ဆွေးနွေးပွဲတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အကြား ပဋိပက္ခ လျှော့ချရေးကိုလည်း ထည့် သွင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

No comments: