Mizzima
ကိုယ်ကျိုးစွန့်ရမည့် အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့နရစဉ်တွင် သတ္တိနှင့် မဆုတ်မနစ်သော သန္နိဌာန်ကို ထုတ်ဖော်ပြသခဲ့ကြသည့် လူ့အခွင့်အရေး ရပ်ခံကာကွယ်သူများ (Human Rights Defenders)အား နိုင်ငံတကာ လူ့အခွင့်အရေးအသိုက်အ၀န်းက ရွေူးချယ်အပ်နှင်းသည့် ဆုဖြစ်သည်။ ဆုအပ်နှင်းရခြင်း၏ ရည်ရွယ်ချက်မှာ အဆိုပါ လူ့အခွင့်အရေးရပ်ခံကာကွယ်သူများအား ယခင်ကထက် လူသိများထင်ရှားစေခြင်းဖြင့် ၎င်းတို့၏ အလုပ်ကို မီးမောင်းထိုးပြရန်နှင့် ကာကွယ်ရန်ဖြစ်သည်။
ရောဘတ်စန်းအောင် (မြန်မာ)
၁၉၇၄ခုနှစ်၊ တက္ကသိုလ် ပထမနှစ်ကတည်းကပင် ရောဘတ်စန်းအောင်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို သတ္တိပြောင်စွာ ဆန့်ကျင်တိုက်ခိုက်လာခဲ့သည်။ ခက်ခဲကြမ်းတမ်းသော အခြေအနေများတွင် ထောင်အကြိမ်ကြိမ် ကျခဲ့သလို၊ ရုပ်ပိုင်းအရ အတိုက်ခိုက်ခံခဲ့ရသကဲ့သို့၊ အမြဲတန်းလိုလို အခြိမ်းခြောက်ခံနေခဲ့ရသည်။ သူ၏ ပညာရေးမှာလည်း အကြိမ်ကြိမ် နှောင့်ယှက်ခံခဲ့ရပြီး ၁၉၉၃မှ ၂၀၁၂ခုနှစ်အထိ ရှေ့နေလုပ်ခွင့် ပိတ်ပင်ခံခဲ့ရသည်။ ၂၀၁၂ခုနှစ်တွင်မှ ရှေ့နေလုပ်ခွင့်လိုင်စင်ကို ပြန်လည် ရယူနိုင်ခဲ့သည်။ ထိုမှနောက်ပိုင်းတွင် ရောဘတ်စန်းအောင်သည် ထောင်သွင်းအကျဉ်းချခံရသည့် ကလေးစစ်သားများ၊ အငြင်းပွားနေသည့် သတ္တုတွင်းတွင် ဆန့်ကျင်ကန့်ကွက်နေသူများ၊ နိုင်ငံရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူများ၊ စစ်တပ်က မြေသိမ်းခံရသူများနှင့် ကျောင်းသားတက်ကြွလှုပ်ရှားသူများအား ကိုယ်စားပြု၍ ရှေ့နေလိုက်ပေးခဲ့သည်။ ရောဘတ်စန်းအောင်သည် သူ၏ ရှေ့နေဘ၀တစ်လျှောက်လုံးတွင် အခွင့်အရေး နစ်နာဆုံးရှုံးသူများအား အခါများစွာတွင် အခကြေးငွေမယူဘဲ အကြံပေးခြင်း၊ ဥပဒေ အကျိုးဆောင်ပေးခြင်းများကို ပြုလုပ်ခဲ့သည်။
ဤဆုအတွက် နောက်ဆုံးပိတ် စကာတင်လျာထားခံရခြင်းနှင့် ပတ်သက်၍ ရောဘတ်စန်းအောင်က ဤသို့ပြောသည်။ 'ဒီဂုဏ်သိက္ခာကြီးမားလှတဲ့ ဆုအတွက် ရွေးချယ်ခံရတယ်ဆိုလို့ အလွန့်အလွန်ကို ဂုဏ်ယူမိသလို၊ နိဝါတတရားလည်း ထားမိပါတယ်။ဒီဆုက မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး၊ တန်းတူညီမျှရေးနဲ့ တရားမျှတရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး ရပ်ခံမြှင့်တင်နေသူတွေအတွက် သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို ကမ္ဘာကြီးက မေ့မထားဘူးဆိုတဲ့ သတင်းစကားကို ဆောင်ကျဉ်းလာခဲ့တာပါ။ မြန်မာပြည်သူတွေ ကုလ လူ့အခွင့်အရေး ကြေညာချက်နဲ့အညီ တရားမျှတတဲ့ ဥပဒေတွေအောက်မှာ ဂုဏ်သိက္ခာရှိရှိနဲ့ နေနိုင်ကြဖို့ ကျွန်တော်နဲ့အတူ ဒိုးတူဘောင်ဖက် တိုက်ပွဲဝင်ခဲ့ကြတဲ့ မြန်မာပြည်သူတွေကိုလည်း ဆုပေးလိုက်ခြင်းမည်ပါတယ်''
အက်စ်မောင်း ဒိုင်ရယ်လို (ဂီနီ)
ဂီနီစစ်တပ်က ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို ဂီနီစစ်တပ်က အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် ၂၀၀၉ခုနှစ် စက်တင်ဘာ ၂၈ရက် နောက်ပိုင်းတွင် သူမ၏ လူ့အခွင့်အရေးလှုပ်ရှားမှုများ စတင်လာခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် သူမ၏သားအပါအ၀င် လူပေါင်း ၁၅၀ကျော် အသတ်ခံခဲ့ရပြီး၊ အမျိုးသမီး ၁၀၀ကျော် အဓမ္မပြုကျင့်ခံခဲ့ရသည်။ ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ သူမနှင့် စက်တင်ဘာ၂၈ တိုက်ခိုက်ခံရသူများအတွက် သူမထူထောင်ခဲ့သည့် APIVA အဖွဲ့တို့က ထိုရာဇ၀တ်မှုများအတွက် တရားမျှတမှုကို ရှာဖွေရန် ကြိုးစားခဲ့သလို၊ အများစုမှာ ၄င်းတို့၏ နေအိမ်များသို့ မပြန်နိုင်ကြတော့သည့် လိင်ပိုင်း အစော်ကားခံရသူများအတွက်လည်း ကျန်မားရေးနှင့် သက်မွေးမှု အထောက်အပံ့များ ပေးနိုင်ရန် ကြိုးစားခဲ့သည်။ သူမက အကြမ်းဖက်ခံရမှုများအတွက် သက်သေများထွက်ပေါ်လာရန်နှင့် ရုံးတော်အမှုကြားနာစစ်ဆေးရာတွင်လည်း သက်သေခံထွက်ဆိုရန် ရဲဆေးတင်ပေးခဲ့ရာ အကျိုးဆက်အနေဖြင့် အကြီးတန်း စစ်တပ်အရာရှိများအပါအ၀င် လူ၁၁ဦးကို တရားစွဲဆိုနိုင်လာခဲ့သည်။
သူမက ဤသို့ပြောကြားခဲ့သည်။ ''ဂီနီမှာ လူ့အခွင့်အရေး ရပ်ခံကာကွယ်သူတစ်ဦးအနေနဲ့ ဒီဆုစကာတင်စာရင်းဝင်ရတာ အလွန်ပဲ နှစ်သိမ့်ရပါတယ်။ ဒီဆုက ဂီနီမှာ လူ့အခွင့်အရေးတွေကို ကာကွယ်မြှင့်တင်ရေး ဆက်လက်တိုက်ပွဲဝင်ဖို့အတွက် ခွန်အားဖြစ်စေပါတယ်။ ဒီဆုဟာ စက်တင်ဘာ၂၈ရက် အဖြစ်အပျက်တွေနဲ့ ပတ်သက်တဲ့ အမှုတွေအပေါ် အပြုသဘော အကျိုးသက်ရောက်ပြီး၊ ဂီနီက လူ့အခွင့်အရေး ရပ်ခံကာကွယ်သူတွေအတွက်လည်း တွန်းအားတစ်ရပ်ဖြစ်လိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။''
အာမတ် မန်ဆော (အာရပ်စော်ဘွားများ ပြည်ထောင်စု-ယူအေအီး)
၂၀၀၆ခုနှစ်မှ စတင်၍ လွတ်လပ်စွာဖော်ပြခွင့်၊ အရပ်ဖက်နှင့် နိုင်ငံရေးအခွင့်အရေး ဖော်ဆောင်မှုလုပ်ငန်းများတွင် စူးစိုက်လုပ်ဆောင်လာခဲ့သည်။ ၂၀၀၆-၂၀၀၇တွင် လူမှုရေး ဝေဖန်ပြောဆိုမှုများအတွက် ထောင်သွင်းအကျဉ်းချခံရသူနှစ်ဦးကို ထောက်ခံသည့်လှုပ်ရှားမှုကို အောင်မြင်စွာ စည်းရုံးလုပ်ဆောင်နိုင်ခဲ့သည်။ အကျိုးဆက်အနေဖြင့် ၄င်းတို့နှစ်ဦးအား လွတ်ပေးခဲ့ပြီး၊ စွဲချက်များကိုလည်း ဖယ်ရှားပေးခဲ့ရသည်။ နောက် များမကြာမီတွင် ယူအေအီး ၀န်ကြီးချုပ်က ဂျာနယ်လစ်များအား ၄င်းတို့၏အလုပ်နှင့် စပ်လျဉ်း၍ ထောင်မချရန် အမိန့်တစ်ခုကို ထုတ်ပြန်ပေးခဲ့ရသည်။ အာမတ် မန်ဆောမှာ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)နိုင်ငံတွင် လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှုများအား ယုံကြည်လောက်ဖွယ် လွတ်လပ်စွာ အကဲဖြတ်မှုများကို ဖန်တီးဖြစ်ပေါ်စေခဲ့သည့် အနည်းငယ်မျှသော အသံများအနက်မှ အသံတစ်သံပင်ဖြစ်သည်။ အာမတ် မန်ဆောက နိုင်ငံတကာ ဥပဒေများအရမဟုတ်ဘဲ သဘောအလျောက်ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်မှုများ၊ မလွတ်လပ်သည့် တရားရေးစနစ်နှင့် နိုင်ငံတကာဥပဒေကို ချိုးဖောက်နေသည့် ပြည်တွင်းဥပဒေများနှင့် ပတ်သက်သော စိုးရိမ်သောကများကို မီးမောင်းထိုးပြလေ့ရှိခဲ့သည်။ ၂၀၁၁ခုနှစ်တွင် ထောင်ချခံခဲ့ရပြီး ထိုမှနောက်ပိုင်းတွင် နိုင်ငံကူးလက်မှတ်လည်း အငြင်းပယ်ခံခဲ့ရကာ ခရီးသွားလာခွင့်လည်း ပိတ်ပင်ခံခဲ့ရသည်။
မန်ဆောက ဤသို့ပြောကြားခဲ့သည်။ ''ဒီဆုအတွက် ရွေးချယ်ခံရလို့ တကယ်ကို ပျော်ရွှင်ကျေနပ်မိပါတယ်။ ဒီအသိအမှတ်ပြုမှုဟာ ဒီဘက်ကမ္ဘာခြမ်းမှာ ကျွန်တော်တို့ဟာ အထီးကျန်မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ အသံတွေဟာ ပဲ့တင်ပြန်နေတယ်။ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို အသိပညာရှိတဲ့လူတွေက တန်ဖိုးထားကြတယ်ဆိုတာကို ညွှန်ပြနေပါတယ်။ ဒီဆုဟာ ယူအေအီးရဲ့ လူ့အခွင့်အရေးပြဿနာတွေကို ပိုပြီး မီးမောင်းထိုးပြနိုင်ဖို့ မျှော်လင့်မိပါတယ်။ ဒီနိုင်ငံမှာ မိုးမျှော်အဆောက်အအုံကြီးတွေ ပြည့်နှက်နေရုံတင်မကဘဲ၊ ကုန်တိုက်ကြီးတဲ့၊ စီးပွားရေးဌာနကြီးတွေလည်း ရှိနေပေမယ့်လည်း အဲဒီ့အရာတွေအားလုံးရဲ့ အောက်မှာက အမျိုးမျိုးသော ရုန်းကန်တိုက်ပွဲဝင်မှုတွေရှိနေပါတယ်''။
ဆုကို အောက်တိုဘာလ ၆ရက်နေ့တွင် ဂျနီဗာမြို့တော်တွင် အခမ်းအနားနှင့် ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။
လူ့အခွင့်အရေး လှုပ်ရှားမှုအတွက် အဓိကကျသော ဆုဖြစ်သည်။ မာတင် အင်နဲဆု (Martin Ennals Award for Human Rights Defenders) မှာ ကမ္ဘာနှင့်အ၀န်းမှ လူ့အခွင့်အရေး ရပ်ခံကာကွယ်သူများကို ကာကွယ်ရန်အတွက် ကမ္ဘာ့ထိပ်တန်း လူ့အခွင့်အရေးအဖွဲ့အစည်းကြီး ၁၀ခုတို့ တစ်မူထူးခြားစွာ ပူးပေါင်းလုပ်ဆောင်မှုဖြစ်သည်။ အကဲဖြတ်အဖွဲ့ကို အောက်ပါ NGO များဖြင့် ဖွဲ့စည်းထားသည်။
No comments:
Post a Comment