Friday, April 24, 2015

စင်္ကာပူ OCBC ဘဏ်နှင့် ပြည်တွင်း ဘဏ် ၃ ခု ပူးပေါင်းလုပ်ကိုင်မည်

မေစိုးစံ

စင်္ကာပူ နိုင်ငံမှ OCBCဘဏ် အနေဖြင့် ပြည်တွင်း အင်အားကြီး ဘဏ်များဖြစ်သည့် ကမ္ဘောဇ၊ ဧရာဝတီ၊ သမ၀ါယမ ဘဏ်(CB ဘဏ်) များနှင့် ပူးပေါင်း လုပ်ကိုင်ရန်ရှိကြောင်း OCBCဘဏ် က ပြောသည်။

လက်ရှိတွင်လည်း ယင်းဘဏ်အနေဖြင့် အစိုးရဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသည်ဟု OCBC ဘဏ် မှ Mr.Linus Goh (Head,Golbal Commercial Banking)က ပြောပြသည်။

ဧပြီ ၂၃ ရက်က ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာ ဟိုတယ်၌ ပြုလုပ်သည့် OCBC ဘဏ်ခွဲ မြန်မာနိုင်ငံတွင် ဖွင့်လှစ်သည့် မီဒီယာ ရှင်း လင်းခြင်း အခမ်းအနားတွင် Mr.Linus Gohက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

“အင်အားကြီး ဘဏ်တွေဖြစ်တဲ့ ကမ္ဘောဇ၊ ဧရာဝတီ၊ CB ဘဏ်တို့နဲ့ မတူညီတဲ့ ၀န်ဆောင်မှုအပိုင်းတွေမှာ ပူးပေါင်း လုပ်ဆောင်ဖို့ ရှိပါတယ်။ အစိုးရဘက်တွေနဲ့ကလည်း ပူးပေါင်းထားတဲ့ အပိုင်းတွေ ဒီကို မ၀င်ခင်ကတည်းက လုပ်နေတာတွေ ရှိပါတယ်”ဟု Mr.Linus Gohက ပြောသည်။

Mr.Linus Gohက ဆက်လက်၍“ဘဏ္ဍာရေးလုပ်ငန်း နိုင်ငံတနိုင်ငံမှာ အောင်မြင်ဖို့အတွက်က အင်အားတောင့်တင်းပြီး သီးသန့်ရပ်တည်နိုင်တဲ့ ပြည်တွင်းဘဏ်တွေ ရှိဖို့လိုပါတယ်၊ ပြည်တွင်း ဘဏ်တွေ သီးခြား မရပ်တည်ဘဲနဲ့တော့ ဘဏ္ဍာရေး အဆောာက် အအုံ အဖွဲ့အစည်း အောင်မြင်ဖို့ မဖြစ်နိုင်ပါဘူး”ဟုလည်း ပြောဆိုသည်။

နိုင်ငံခြားဘဏ်အနေဖြင့် အစိုးရဘဏ်သာမက ပုဂ္ဂလိကဘဏ်များနှင့်ပါ ပူးပေါင်းဆောင်ရွက်ရန် မျှော်မှန်းနေသော်လည်း ထိုသို့ဆောင်ရွက်ရန် ဗဟိုဘဏ်မှ ဥပဒေ မထွက်သေးကြောင်း လက်ရှိ ကန့်သတ်ချက် အနေဖြင့် နိုင်ငံခြားဘဏ်များကို ပြည်တွင်းသုံးငွေ ကိုင်ဆောင်ခွင့် ပေးမထားကြောင်း၊ ကုမ္ပဏီများမှ ငွေချေးရာတွင် ပြည်တွင်းဘဏ်မှတဆင့် ချေးယူရမည်ဖြစ်ကြောင်း မြ၀တီဘဏ် အကြံပေး ဦးကျော်မြင့်က ပြောသည်။

“ဥပဒေကို စောင့်ပြီး နေရာဝင်ယူနေတဲ့ သဘောပဲ။ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းက တရုတ်ဦးဆောင်တဲ့ဘဏ် Asian Infrastructure Investment Bank ဆိုပြီး ပေါ်လာတယ်ဆိုတော့၊ မြန်မာကလည်း အဖွဲ့ဝင်ဖြစ်ပါတယ်။ ဒီတော့ဘဏ္ဍာရေးက အပြောင်းအလဲရှိနိုင် တယ်။ မြန်မာက အမြဲဘဏ္ဍာရေးလိုငွေပြနေတာ တရုတ်ကလည်း အမေရိကန်ငွေတွေ ပိုနေတော့ လာမှာ။ မြန်မာကလိုတဲ့ငွေ ချေးမှာပဲ”ဟု ဦးကျော်မြင့်က ပြောပြသည်။

ထို့ကြောင့် နိုင်ငံခြားဘဏ်များမှ ပြည်တွင်းဘဏ်များက ငွေချေးယူပြီး ဆောက်လုပ်ရေး၊ လမ်းတံတား စသည့် တည်ဆောက်ရေး လုပ်ငန်းများတွင် ငွေကြေးထည့်သွင်းခြင်းထက် ကုန်ထုတ်လုပ်မှုပိုင်းတွင် တိုးတက်စေပြီး ပို့ကုန်တင်ပို့၍ နိုင်ငံခြားဝင်ငွေကို ရှာဖွေမှသာ တိုးတက်မှု မြင်ရနိုင်ကြောင်းလည်း ဦးကျော်မြင့်က ဆိုသည်။

OCBC ရန်ကုန်ဘဏ်ခွဲတွင် ငွေကြေးစီမံခန့်ခွဲမှု၊ စီမံကိန်းအလိုက် ငွေချေးယူမှု၊ နေ့စဉ်လုပ်ငန်းသုံးချေးငွေ ထောက်ပံ့မှုနှင့် ကုန်သွယ် ရောင်းဝယ်ရေးဆိုင်ရာ ငွေကြေးဝန်ဆောင်မှု အပါအ၀င် ဘဏ္ဍာရေးနှင့် အရင်းအနှီးဈေးကွက်ဆိုင်ရာ အကြံပေး၊ ၀န်ဆောင်မှုများ စသည့် ၀န်ဆောင်မှုလုပ်ငန်းများကို နိုင်ငံခြားကုမ္ပဏီနှင့် ဖက်စပ်လုပ်ငန်းများ၊ ပြည်တွင်းဘဏ်များကို ၀န်ဆောင်မှုပေးသွားမည်ဟု သိရသည်။

ထို့အပြင် ဘဏ်တွင် စာရင်းရှင် (Current account)ကို မြန်မာကျပ်ငွေနှင့် နိုင်ငံခြားငွေတို့ဖြင့် ဖွင့်နိုင်ပြီး စာရင်းသေအပ်ငွေ၊ ချေးငွေ ရယူခြင်း၊ ကုန်သွယ်ရေးနှင့် နိုင်ငံခြားငွေ လဲလှယ်ခြင်း ၀န်ဆောင်မှုများလည်း ပေးမည်ဖြစ်သည်။

OCBCဘဏ်သည် စင်္ကာပူဘဏ် ၃ ဘဏ်ပေါင်းပြီး ၁၉၃၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ ပထမဆုံး နိုင်ငံခြားဘဏ် သုံးခုမှ တခုဖြစ်သော Oversea-Chineseဘဏ်၏ ပထမဆုံးဘဏ်ခွဲကို ရန်ကုန်တွင် ၁၉၂၃ ခုနှစ်က ဖွင့်လှစ်ခဲ့ပြီးနောက် လာရှိုးဘဏ်ခွဲကို တိုးချဲ့၍ ၁၉၆၃ ခုနှစ်အထိ စီးပွာရေးလုပ်ငန်းရှင်များနှင့် ကုန်သည်များကို ၀န်ဆောင် မှု ပေးခဲ့ကြောင်း သိရသည်။

ယခုအခါ ဦးသိန်းစိန် အစိုးရလက်ထက်တွင် စီးပွားရေးပိုကောင်းစေရန် နိုင်ငံခြားဘဏ်များ ဖွင့်လှစ်ခွင့်ပေးလာချိန်တွင် OCBC ဘဏ် သည် ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံတွင် ဘဏ်ခွဲဖွင့်လှစ်ရန် အပြီးသတ်လိုင်စင်ကို ယခုနှစ် ဧပြီလ ၂ ရက်တွင် ရရှိခဲ့သည့် ဘဏ်အဖြစ် ပါဝင်ခဲ့သည်။

OCBCဘဏ်ခွဲကို ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ Union Financial Centre (UFC)၏ ဒုတိယ ထပ်တွင် ဧပြီ လ ၂၃ ရက်က စတင် ဖွင့်လှစ်လိုက်သည်။

OCBCဘဏ်၏ အဓိက ဈေးကွက်များသည် စင်္ကာပူ၊ မလေးရှား နှင့် တရုတ်နိုင်ငံတို့ ဖြစ်သည်။

၎င်းဘဏ်သည် ကမ္ဘာလုံးဆိုင်ရာ ဘဏ်လုပ်ငန်းစနစ်ကိုအခြေခံထားသည့် ဘဏ်ဖြစ်ပြီး ဘဏ်ပိုင်ဆိုင်မှုသည် ဒေါ်လာ ၄၀၁ ဘီလီယံ ရှိ၍ ဈေးကွက် ဝေစု ဒေါ်လာ ၄၂ ဒသမ ၂ ဘီလီယံ ရှိကြောင်း သိရသည်။

မြန်မာနိုင်တွင် နိုင်ငံခြားဘဏ် ၃ ခုကို ကန့်သတ်ချက်များဖြင့် စတင်လုပ်ကိုင်ခွင့်ပေးခဲ့ရာ ၎င်းတို့မှာ စင်္ကာပူနိုင်ငံမှ OCBC (Oversea Chinese Banking Corporation) ဘဏ် နှင့် ဂျပန်နိုင်ငံမှ BTMU(Tokyo Mitsubishi Banking Corporation)ဘဏ် တို့ ဖြစ်သည်။

No comments: