Sunday, April 26, 2015

UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်ကို ဆန်ရှင်စာရင်းမှ အမေရိကန် ပလပ်

Mizzima

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌလည်းဖြစ် မြန်မာ့စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးဝင်းအောင်ကို မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများနှင့် သံသယများ ရှိနေသည့်ကြားမှ အမေရိကန်နိုင်ငံ၏ အရေးယူဒဏ်ခတ်မှု စာရင်းမှ ဧပြီလ ၂၃ ရက်တွင် ပယ်ဖျက်လိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာသည်။

မြန်မာကုန်သွယ်ရေးအဖွဲ့ အကြီးအကဲဟောင်း ဖြစ်သူ ကိုးနှစ် သက်တမ်းရှိ နိုင်ငံ၏ မြို့တော် နေပြည်တော် တည်ဆောက်ရေးတွင် ပါဝင်ကူညီလုပ်ဆောင်ခွင့် ကန်ထရိုက်ရကာ ဒဂုံအပြည်ပြည်ဆိုင်ရာဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးဝင်းအောင်ကို အထူးစောင့်ကြည့် ပိတ်ဆို့သည့် လူပုဂ္ဂိုလ်စာရင်းက ပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုသည်။

ဦးဝင်းအောင်၏ စီးပွားရေး လုပ်ငန်းနှစ်ခုကိုလည်း US Treasury Department စာရင်းမှလည်း ထုတ်ပယ်လိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ထိုသို့ပိတ်ဆို့ ဒဏ်ခတ်သည့် စာရင်းမှ ထုတ်ပယ်ခြင်းသည် တစ်ဦးချင်း သို့မဟုတ် စီးပွားရေးလုပ်ငန်း တစ်ခုချင်းစီ၏ လုပ်ဆောင်မှုများကို အခြေခံ၍ ဆုံးဖြတ်ပေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြသည်။

သို့သော်လည်း ဦးဝင်းအောင်ကို မည်သည့်အတွက်ကြောင့် ယခုတွင် စာရင်းက ပြန် ရုတ်သိမ်းပေးခြင်းနှင့် မည်သည့်အတွက်ကြောင့် ဒဏ်ခတ် စာရင်းသွင်းခဲ့သည်ဆိုသည်ကို ထုတ်ပြန်ချက်တွင် အသေးစိတ်
ဖော်ပြထားခြင်း မရှိပေ။

အမေရိကန် သံတမန်ကြေးနန်းများကို ဖွင့်ချခဲ့သည့် ဝီကီလိခ်တွင် ဖော်ပြထားချက်အရ ဦးဝင်းအောင်သည် စစ်တပ်နှင့် နီးစပ်မှုဖြင့် ကန်ထရိုက်များရရှိပြီး တရုတ်နိုင်ငံသို့ တရားမဝင်သစ်များ တင်ပို့ခဲ့သည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ကျယ်ပြန့်စွာ ဆောင်ရွက်လာကြောင်း အမေရိကန်နှင့် အနောက်အုပ်စု နိုင်ငံများကို ယုံကြည်စေလျက် ဖွံ့ဖြိုးမှုအလျင်နှင့် မဟာဗျူဟာကျ တည်နေရာအနေအထားတို့ဖြင့် ပူးပေါင်းဆက်သွယ်မှုများ တိုးတက်အောင် ကြိုးစားလာခဲ့ပြီး စစ်အုပ်ချုပ်ရေးကာလ ဆယ်စုနှစ်များအတွင်း ချမှတ်ထားခံရသည့် ဒဏ်ခတ်ပိတ်ဆို့မှုများ ရပ်ဆိုင်းရေးကို ကြိုးစားလာခဲ့သည်။

သို့သော်လည်း မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာကို ချုပ်ကိုင်ထားဆဲဖြစ်ကာ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်ကာ ရပ်တန့်နေသည်ဟု ခံစားနေရသည်။

No comments: