အောင်ထက် /ဧပြီလ(၆) ရက်၊ ၂၀၀၉
ပဲခူးတိုင်း ဖြူးမြို့နယ် ဖြူးဘူတာရုံ၌ ဒေသခံခရီးသွားများအား မှတ်ပုံတင်နှင့် လူတိုက်ဆိုင်စစ်ဆေးခြင်းများကို ဒေသအာဏာပိုင်များနှင့် ဘူတာလုံခြုံရေးများက တင်းတင်းကျပ်ကျပ် ပြုလုပ်နေသဖြင့် ဒေသခံများ စိတ်အနှောင့်အယှက် ဖြစ်နေကြကြောင်း သိရသည်။
“ခုရက်ပိုင်း ဘာသတင်းတွေ ကြားလဲမပြောတတ်ဘူး။ လုံခြုံရေး ပိုတင်းကျပ်လာတယ်။ ဘူတာထဲဝင်တာနဲ့ အစစ်အဆေး တအားများတယ်။ ရန်ကုန်ဘူတာကြီးတောင် ဖြူးဘူတာလောက် မစစ်ဘူး။ ရထားပေါ်က ဆင်းတာနဲ့ မှတ်ပုံတင်၊ လူတိုက် စစ်ဆေးပြီးမှ ဘူတာအပြင် ထွက်လို့ရတယ်။ ဒါကြောင့် ဖြူးဘူတာမှာ နေ့စဉ်လို ရန်ပွဲရှိတယ်။ အမျိုးသမီးတွေက မခံဘူး။ မြို့ပေါ်ရပ်ကွက်ကြီး (၁၀) ရပ်ကွက်ကိုလည်း အလှည့်ကျ ဧည့်စာရင်းမပြတ် စစ်နေတယ်။ မြို့ပေါ်မှာ အရင်က တပ်မ (၉၉) ထိုင်တယ်။ အခု (၃၃) နဲ့ တပ်ချင်းချိန်းထားတာ (၂) ၇က်လောက်ပဲရှိသေးတယ်” ဟု မြို့ခံတဦးက ပြောသည်။
ရန်ကုန်-မန္တလေးရထားလမ်းနှင့် ကားလမ်းကို ဖြူးမြို့အရှေ့ခြမ်း အနောက်ခြမ်းခွဲကာ ကန့်လန့်ဖြတ်ဖောက်ထား ကြောင်း၊ မြို့တွင်း-မြို့ပတ် ကားလမ်းနှင့် အဝေးပြေးလမ်းဆုံ (၃) ခုရှိရာတွင် သံလမ်းကူးတံခါးအဖွင့်အပိတ် (၂) ခုရှိပြီး ကျန်တခုမှာ စစ်တပ်လုံခြုံရေးသာထားရှိကြောင်း၊ လုံခြုံရေးအကြောင်းပြချက်ဖြင့် အဆိုပါ တံခါးများကို ည (၁၀) နာရီမှ နံနက် (၄) နာရီအထိ တညလုံး ပိတ်ထားသည်မှာ တနှစ်ကျော်ပြီဖြစ်ကြောင်း၊ ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီးပေါ်သို့ ည (၁၀) နာရီကျော်လျှင် ယာဉ်များ တက်ခွင့်မရှိတော့ကြောင်း၊ တောင်ခြေနှင့်နီးသော ဖြူးမြို့အနောက်ခြမ်းတွင် ရဲစခန်း၊ ဆေးရုံတို့ရှိရာ ညရေးညတာ အမှုအခင်း၊ ကျန်းမာရေး အရေးပေါ် ဖြစ်ပါက အရှေ့ခြမ်းမှ ဒေသခံများသည် သံလမ်းကူး တံတား ပိတ်ထားသဖြင့် သွားရေးလာရေး အခက်အခဲဖြစ်ကြရကြောင်း၊ သံလမ်းကူးတံခါးနှစ်ပေါက်မှ ဖြတ်သန်း၍ လုံးဝမရဘဲ လုံခြုံရေးစစ်တပ်စောင့်ကြပ်သည့် သံလမ်းကူးမှသာ ငွေပေးသွားလာဖြတ်သန်းနေရကြောင်း သိရသည်။
ဖြူးမြို့၏ အနောက်ဘက်ခြမ်းသည် အဖြူရောင်နယ်မြေ၊ အရှေ့ဘက်ခြမ်းသည် အညိုရောင်နယ်မြေဟု ဒေသအာဏာပိုင် များက သတ်မှတ်ထားပြီး အရှေ့ဘက်ခြမ်းရှိ မုန်း၊ အုတ်ဖြတ်၊ ဘန်းနောင် တိုက်နယ်တို့မှ တက်လာသော ကုန်ကားများ၊ မြင်းလှည်းများသည် ၀န်ထမ်းများစောင့်ကြပ်သော သံလမ်းကူးမှ အခကြေးငွေပေး ဖြတ်သန်းခွင့်ရှိနေ၍သာ ဒေသထွက် ကုန်စည်စီးဆင်းမှု မှန်ကန်နေခြင်းဖြစ်ကြောင်း ဒေသခံကုန်သည်တဦးက ဆိုသည်။
“ဖြူးမြို့နယ်မှာ လွန်ခဲ့တဲ့ (၂) နှစ်ခန့်က ဗုံးကွဲမှုဖြစ်ခဲ့ဖူးတယ်။ နောက်ပိုင်း တခါမှ မဖြစ်ဖူးဘူး။ လုံခြုံရေး အမြဲတမ်း တင်းကျပ်နေတာကလည်း ဗိုလ်ချုပ်ကြီး သူရရွှေမန်းရဲ့ မိဘတွေက ကညွတ်ကွင်းမှာ လက်ရှိနေကြတယ်။ အဲဒီအတွက် လုံခြုံရေးနဲ့ ဧည့်စာရင်းမပြတ် စစ်ဆေးနေတာလို့ ပြောသံကြားတာပဲ” ဟု ရပ်ကွက်သားတဦးက ရှင်းပြသည်။
ဖြူးမြို့ကို ဖြတ်ဖောက်ထားသော ရန်ကုန်-မန္တလေး (၁၀) နာရီအရောက် အမြန်လမ်းမကြီးသည် အချို့နေရာများ၌ တခြမ်းသာ ဆောက်လုပ်ပြီးစီးသော်လည်း မတ် (၂၈) ရက်နေ့က ဖွင့်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
No comments:
Post a Comment