Friday, April 3, 2009

ကေအန်ယူ ခွဲထွက် အဖွဲ့ အားလုံး ၂၀၁၀ ရွေးကောက်ပွဲ အပြီး လက်နက် အဖြုတ်ပဲ နယ်ခြား စောင့်တပ်ဖွဲ့ ပေးမည်


NEJ /ဧပြီလ(၃) ရက်၊ ၂၀၀၉

နအဖနှင့် ငြိမ်းချမ်းရေး ရယူထားသည့် ကရင်ခွဲထွက် အဖွဲ့များ အပါအ၀င် ငြိမ်းချမ်းရေး အဖွဲ့များ အားလုံး နအဖ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ အပြီးတွင် လက်နက်များ ဖြုတ်သိမ်းမည် မဟုတ်ဘဲ နယ်ခြား စောင့်တပ်များ အဖြစ် ပြန်လည်ဖွဲ့စည်း ပေးမည်ဟု နအဖ စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က ပြောသည်။

စောဌေးမောင်ဦးဆောင်သည့် ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ လွန်ခဲ့သည့် ဖေဖော်ဝါရီလ (၁၈) ရက်က နေပြည်တော်၌ တွေ့ဆုံရာတွင် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်က စောဌေးမောင်နှင့် အဖွဲ့ဝင်များကို ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။

ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်က “ဒီအဖွဲ့တွေနဲ့ ပတ်သက်ပြီးပြောရရင် တပ်မတော်ကနေပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲ ပြီးရင် ငြိမ်းချမ်းရေးတပ်တွေ ဘာပြဿနာမှ မရှိဘူး။ နယ်ခြားစောင့်တပ်အဖြစ်နဲ့ ငါတို့ အကုန်ပြန်ဖွဲ့ပေးမယ်” ဟု ပြောသည်။

ဆွေးနွေးပွဲတွင် စောဌေးမောင်အဖွဲ့အပါအ၀င် နအဖနှင့် ငြိမ်းချမ်းရေးယူထားသည့် အဖွဲ့အစည်းများကိုလည်း စရဖ အရာရှိချုပ်က သွယ်ဝိုက်သောနည်းဖြင့် ခြိမ်းခြောက်ပြောဆိုခဲ့ရာတွင် “နောက်တခုကွာ မင်းတို့ကို ငါဖွင့်ပြောလိုက် မယ်။ ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ ပတ်သက်ပြီး မင်းတို့သေနတ်တွေကို အတင်းမသိမ်းဘူး၊ အဓမ္မမခိုင်းဘူး၊ မင်းတို့ သေနတ်ထက်ကောင်းတဲ့ သေနတ်တွေ ငါတို့မှာ အများကြီးပဲ သိတယ်မဟုတ်လား။ ဖထီးတို့ သေနတ်ကလေး ဘာရှိလို့လဲ ငါတို့မှာ အများကြီးပေးလို့ရတယ်” ဟု ပြောသည်။

ကေအန်ယူမှ ငြိမ်းချမ်းရေးကောင်စီအဖွဲ့သို့ ပထမဆုံးအကြိမ်သွားရောက်ခဲ့သည့် ဗိုလ်ချုပ်ကြီးမြ၏သားငယ် စောနေစိုးမြလည်း ၎င်းဆွေးနွေးတွင်ပါဝင်ခဲ့ရာ ဗိုလ်ချုပ်ကြီးရဲမြင့်က “မင်းဒီကနေပြန်ရင် ဒီကအခြေအနေတွေကို ပြောပြပါ။ ကျန်တဲ့အဖွဲ့တွေ လာမယ်ဆိုရင်လည်း အခုချိန်ထိ လမ်းဖွင့်ထားတယ်။ မင်းတို့အားလုံး လာနေကြည့်ပါ၊ မကြိုက်ရင်ပြန်သွား၊ ငါလည်း ပြောစရာ စကားလုံးက မရှိတော့ဘူး” ဟု ပြောသည်။

ထိုတွေ့ဆုံပွဲအပြီးတွင် စောနေစိုးမြသည် ကေအန်ယူနယ်မြေသို့ ပြန်လာပြီး ကေအန်ယူအဖွဲ့မှ နုတ်ထွက်စာတင်ကာ ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ အခြေစိုက်ရာ ကော့ကရိတ်မြို့နယ် ထော့ကိုကိုး ကျေးရွာ သို့ သွားရောက်ပြီး ၎င်းအဖွဲ့၏ အဖွဲ့ဝင်တဦးအဖြစ် ကူးပြောင်းသွားခဲ့သည်။ ၎င်းနှင့်အတူ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ ဗိုလ်သဲခီးနှင့် ဗိုလ်မဟာဆွေတို့လည်း လိုက်ပါသွားခဲ့ကြသည်။

ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့် ပြောကြားသည့် ငြိမ်းချမ်းရေးအဖွဲ့များကို ၂၀၁၀ ရွေးကောက်ပွဲပြီးလျှင် နယ်ခြားစောင့် တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းပေးမည်ကို တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) က ပထမဆုံး ထောက်ခံအားပေးကြောင်းကို လူသိရှင်ကြားထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်သည်။

ကျန်ရှိသည့် အဖွဲ့များ၏ အခြေအနေနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးအဖွဲ့များအားလုံး နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည့်ကိစ္စကို အားလုံးသဘောတူ လက်ခံမည့်ကိစ္စမှာ မဖြစ်နိုင်ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲပြီးလျှင် အဖြူအမည်း ကွဲပြားမည်ဖြစ်၍ ငြိမ်းချမ်းရေး အဖွဲ့အားလုံး နအဖ၏အစီအမံကို လိုက်နာမှုရှိမရှိဆိုသည်ကို စောင့်ကြည့်ရမည်ဟု ကရင်အမျိုးသားအစည်းအရုံးအဖွဲ့၏ အဆင့်မြင့်ခေါင်း ဆောင်တဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

No comments: