ရန်ကုန်သားတာတေ
“ဆဝါဒီခရပ် ………………………………………………………. ခေါ့ (ပ်) ခွန်းခရပ်”
(အလယ်မှ အစက်များမှာ ထိုင်း ဘာသာဖြင့် ရေးသား ထားသော စာလုံး များဖြစ်သည်။ စာရေး သူလည်း နားမလည်၊ စာဖတ် သူလည်း နားလည်မည် မဟုတ် သောကြောင့် အစက်များ ဖြင့်သာ ဖော်ပြ ရခြင်း ဖြစ်ပါသည်။)
ချိုကုပ်ဒူးကြီးကို လူတယောက်က ထိုင်းသတင်းစာ ဖတ်ပြနေခြင်းဖြစ်သည်။ အလယ်မှ စာလုံးများကို ချိုကုပ် ဒူးကြီး နားမလည်သော်လည်း ရုပ်တည်ဖြင့် နားလည်ချင်ယောင် ဆောင်နေသည်။ ရှေ့ဆုံးနှင့် နောက်ဆုံးတွင် ပါသော နှုတ်ခွန်းဆက် စကားများမှာ ချိုကုပ်ဒူးကြီးသိသည့် ၂ ခုတည်းသော စကားလုံး ဖြစ်သောကြောင့် စာပိုဒ်တွင်မပါဘဲ ခပ်တည်တည် ဖြည့်ထည့်ထားခြင်းဖြစ်သည်။ စာဖတ်နေသူ အသံရပ်သွား သည်နှင့် တပြိုင်နက်
“ဆော်ကြမ်း ဆော်ကြမ်း .. ဟေ့ ဂျပု အမြန်လာစမ်း”
“ခစားလျှက်ပါ ချိုကုပ်ဒူးကြီး .. ။ ဝါးတီးခုတ်နေရသရွေ့ အမိန့်တော်ကို ဦးဆွေးဆံမြေ့ ထမ်းဆောင်ဖို့ အသင့်ပါ” “ဟို ဂိုဒေါင်ချောက်ဆိုတဲ့ စလုံးကောင်က ဘာသဘောလဲကွ၊ ငါ့ကိုလာပြီး ဟောက်လား ဟိန်းလားနဲ့ .. သူတို့ ဘဏ်တွေထဲမှာ ငါနဲ့ ငါ့ ချိုကုပ်တွေပိုင်တဲ့ ပတ္တမြားတွေ ဘယ်လောက်သိမ်းထားတယ်ဆိုတာ မေ့သွားပြီ ထင်တယ်”
“ဒါကတော့ သူလည်း သဘောတရားအရ ကောရတာပါ ချိုကုပ်ကြီးခင်ဗျာ .. မကြောက်ပါနဲ့။ စိတ်ထဲက မပါပေမယ့် နည်းနည်း မျက်နှာချိုသွေးလိုက်ရင် ပြန်သွားမှာပါ”
“မင်းတော်တယ် ဆော်ကြမ်း .. နည်းနည်း လုပ်စရာရှိသေးတယ်။ ဒီမှာ ထိုင်းသတင်းစာတွေ့လား .. ဘာတွေရေးထားလဲ မင်းသိလား”
“ဆဝါဒီခရပ် .. ချိုကုပ်ဒူးကြီးက သိစေချင်ရင် သိပြီး .. မသိစေချင်ရင် မသိပါဘူးခညာ”
“ဟုတ်ပြီ။ မင်းပိုင်နက်ကနေ ထိုင်းကိုချမယ် .. အာဆီယံကိုချမယ်၊ အီးယူကိုအော်မယ် .. အမေရိကန်ကိုကစ်မယ် အသင့်ပြင် ..”
“ဘယ်လိုကစ်ရမှာလဲ ချိုကုပ်ဒူးကြီး”
“ကစ်ချင်သလိုကစ် ..။ သူတို့က ပါးစပ်နဲ့အော်နေတာဆိုတော့ .. မင်းလုပ်ရမှာက ပါးစပ်ကပြန်အော်၊ စာရွက်ထဲမှာ နာရင်းရိုက်၊ အင်တာနက်ပေါ်ကနေ ဆွဲထိုး ကြားလား”
အထက်ပါစကားစုများမှာ ချိုကုပ်ဒူးကြီးက နေပြည်တော်တွင် ပြန်ကြားရေးဆော်ကြမ်းကို အမိန့်ပေး နေခြင်းများဖြစ်သည်။
ဦးရုက္ခစိုး ပျောက်ချက်သားကောင်းနေသဖြင့် ဖိုးရှုပ်နှင့် ကြွက်စုတ် ၂ ဦး သူစံမြန်းရာ ဒွိုင်ဆူထေ့ တောင်ပေါ်သို့ လိုက်သွားကြသည်။ တောင်ပေါ်ရောက်တော့ ညောင်ပင်အောက်တွင် မျက်နှာငယ်လေးနှင့် ငြိမ်နေသော ဦးရုက္ခစိုးကို တွေ့လိုက်ရသည်။
ဖိုးရှုပ်။ ။ ဟာ ဦးရုက္ခစိုးကြီး ဘယ်လိုဖြစ်တာလည်းဗျ .. မျက်နှာလည်း မကောင်းဘူး။
ကြွက်စုတ်။ ။ အေးလေဗျာ .. ခင်ဗျားနဲ့ မတွေ့တာကြာလို့လိုက်လာတာ။ မြို့ထဲလေး ဘာလေးတောင် ထွက်မလာဘူး။
ရုက္ခစိုး။ ။ ထွက်မလာဆို .. ပုန်းနေတာဟ ..။
ဖိုးရှုပ်။ ။ ဘာလို့ပုန်းနေတာလဲ။ တူတူပုန်းတမ်းကစားနေတာလား။ လူတွေတင် ကစားတယ် ထင်တာ နတ်တွေလည်း ကစားတာပဲနော်။
ရုက္ခစိုး။ ။ ပေါက်တတ်ကရက ပြောပြီ။ မကြီးမငယ်နဲ့ တူတူပုန်းတမ်း ကစားရမလားဟ။ ခု ဟို အရူးချီးပန်း ရမ်းချင်ရာ ရမ်းနေတဲ့ ချိုကုပ်ဒူးကြီး ငါ့ဘက်လှည့်လာမှာ စိုးလို့ဟေ့ သိပြီလား။
ကြွက်စုတ်။ ။ သြော် ဒါလည်း ဟုတ်တာပဲ။ သူရမ်းတာကလည်း လွန်လွန်းတယ်ဗျာ။ ဒေါ်စုကို မနိုင်တာနဲ့ပဲ နယ်စပ်က ကရင်တွေကို မောင်းထုတ်စရာလားဗျ။
ဖိုးရှုပ်။ ။ အေးဗျာ ကရင်တိုင်းရင်းသားတွေ ကျတော့ မောင်းထုတ်။ ပေါက်ဖော်ကြီးတွေကျတော့ ကြိုက်သလောက်လာခဲ့တဲ့ .. ဘယ့်နှယ် ချိုကုပ်ဒူးကြီးလည်း မသိပါဘူး။ ခု မန္တလေးဆို တရုတ်ပြည်ရဲ့ ဒုတိယ မြို့တော်ဖြစ်နေပြီ။ ဘယ်သွားသွား ဖြူဖြူ .. ဖြူဖြူ .. မှေးမှေး .. မှေးမှေးတွေနဲ့ကို မလွတ်ဘူး ..။
ရုက္ခစိုး။ ။ အဲဒါကြောင့်ပြောတာကွ .. ခုအတိုင်းက ဘာမှ စိတ်ချရတာမဟုတ်ဘူး။ ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကြွယ် တဲ့ .. ကြားဖူးတယ်မဟုတ်လား ..။ မင်းရေးကကြွယ်ရတဲ့ ကြားထဲ ခု မင်း က ရူးနေတာ ဆိုတော့ ရမ်းချင်တိုင်းရမ်းနေတာပေါ့ကွာ .. အချိန်မရွေး ငါတို့ဘက်ကို လှည့်လာနိုင်တယ်လေ။
ကြွက်စုတ်။ ။ ဟာ ရမ်းတာကတော့ ခုတလော ချိုကုပ်ဒူးကြီး ဘောင်းဘီတောင် မကပ်ဘူးကြားတယ်။
ဖိုးရှုပ်။ ။ ထွီ .. ရွံစရာကြီးကွာ မင်းကလည်း။ ဒါနဲ့ ဦးရုက္ခစိုး .. ကရင်တွေကို ဘာလို့ မောင်းထုတ်တာ တဲ့လဲဗျ။
ရုက္ခစိုး။ ။ ဘာလို့မောင်းထုတ်ရမှာလဲကွာ .. ကရင်ဒုက္ခသည်တွေ ထိုင်းနိုင်ငံကို ပြေးတော့ ထိုင်းအစိုးရ အလုပ်တွေ ရှုပ်ပြီပေါ့ ..။ သူတို့ ပြည်တွင်းရေးလည်း ရှင်းရ .. ဒုက္ခသည်ကိစ္စတွေလည်း ရှင်းမရ၊ ဒီကြားထဲ မင်းကြီးတော် ချိုကုတ်ဒူးကြီးက မြဝတီတံတားပိတ်တာလိုမျိုး ကုန်သည်တွေ အခက်တွေ့အောင် ကလိဦးမှာ .. အဲဒါဆို ထိုင်းစီးပွားရေး ပြဿနာတက် .. လက်ရှိ အစိုးရပြုတ်ကျ .. အဲလိုဖြစ်အောင် လုပ်နေတာ။
ကြွက်စုတ်။ ။ သတင်းစာထဲမှာတော့ ငမန်းကြီးတရုတ်ပြည်သွားတယ်တဲ့နော် ..။
ဖိုးရှုပ်။ ။ ကြည့်ရတာ တရုတ်ပြည်မှာ နိုင်ငံရေးခိုလှုံခွင့်သွားတောင်းတာဖြစ်မယ် ..။
ရုက္ခစိုး။ ။ ကြည့်ကျက်လည်း ရွှီးပါ ဖိုးရှုပ်ရာ။ ဒါလည်း ချိုကုပ်ဒူးကြီးလက်ချက်ကွ .. ပေါက်ဖော်ကြီးက ပါမလို .. မပါမလို လုပ်နေလို့ အသည်းယားပြီး အဲဒီအထိ ပါလား၊ မပါလား သွားကြည့်ခိုင်းတာ။
ကြွက်စုတ်။ ။ ဟာ .. ဦးရုက္ခစိုးကလည်း တော်တော်ညစ်ပတ်တယ်။ ပါစေချင်ရင် ဝမ်းချူခိုင်းလိုက်ပေါ့ဗျ .. ဘာလုပ်မလို့လဲ .. ပေါက်ဖော်ကြီးပါတဲ့ အီးကို ချိုကုပ်ဒူးကြီးက ဆောင်ထားမလို့လား။
ဖိုးရှုပ်။ ။ ဟုတ်ချင်လည်း ဟုတ်မှာပေါ့ .. အမေကွိုင်က အင်း၊ အိုင်၊ ခလှဲ့၊ လက်ဖွဲ့တွေ .. ယတြာတွေ ဝါသနာ ပါတယ်ဆိုတော့ ပေါက်ဖော်ကြီးအီးကို ဆောင်ထားဖို့ ဖြစ်မယ်။
ကြွက်စုတ်နှင့် ဖိုးရှုပ် ထင်ရာစွတ်ပြောနေသောကြောင့် ဦးရုက္ခစိုးမျက်နှာ အီးမှန်ထားသကဲ့သို့ ရှုံ့မဲ့သွားသည်။
ရုက္ခစိုး။ ။ မင်းတို့နဲ့ စကားပြောရတာ ကြာရင် ငါတော့ ချိုကုပ်ဒူးကြီးနဲ့ တဂိုဏ်းတည်းဖြစ်ပြီး ရွာသာကြီး ရောက်တော့မယ် .. ပေါက်ကရ တော်တော်ပြောတယ် ..၊ ပါမလို မပါမလိုဆိုတာ နအဖ ဘက်ကို ပြောတာကွ။ ခုတော့ကွာ မင်းတို့စကားတွေကလည်း ပွန်းဆိုက်တွေထက်တောင် ညစ်ပတ်သေးတယ်။
ဖိုးရှုပ်။ ။ ဟာ ပွန်းဆိုက်ဆိုလို့ .. ချိုကုပ်ဒူးကြီးက ဒေါ်စုပွန်းဆိုက်တခု ဖန်တီးခိုင်းထားတယ်နော်။
ရုက္ခစိုး။ ။ အေးလေ .. အဲဒါပြောတာပေါ့ .. ချိုကုပ်ဒူးကြီးက .. သူလုပ်ခိုင်းထားတဲ့ ဒေါ်စု ပွန်းဆိုက် ဘယ်လိုရှိလဲစုံစမ်းရ၊ ထိုင်း အစိုးရ ပြုတ်အောင် အသံပြုရ၊ ပေါက်ဖော်ကြီးရဲ့အီး ပြေးရှူရ၊ သူ့ကိုလာဆူတဲ့ ဂိုဒေါင်ချုပ်ကြီးကို မျက်နှာချို သွေးရ၊ ကရင်တွေကို မောင်းထုတ်ရ၊ FM တွေကနေ ကလော်ဆဲရ .. အမယ်လေး ပြောရတာတောင် မောပါရဲ့။ တောင်ပြေးလိုက် မြောက်ပြေးလိုက်နဲ့ ထင်ရာတွေ လျှောက်လုပ် လျှောက်ရမ်း နေတော့ အချိန်မရွေး ငါ့ဘက် လှည့်လာနိုင်လို့ ဒီတောင်ပေါ်က မောင်မဆင်းရဲ ဖြစ်နေတာဟေ့ ..။
ကြွက်စုတ်။ ။ အင်း ချိုကုပ်ဒူးကြီး ဒေါ်စုကိစ္စ အစထောင်လိုက်တာ .. မရဲဘဲနဲ့ ကျွဲပြဲစီး သလိုဖြစ်နေပြီ။
ဖိုးရှုပ်။ ။ မဟုတ်ဘူး .. ပျားအုံကို တုတ်နဲ့ ထိုးတာကွ။ ခုတော့ ပျားတုတ်ပြီး ပြေးချင်ရာလျှောက်ပြေးရင်း မည်းမည်း မြင်သမျှ ကန်သွားသလို ဖြစ်နေတာ။
ထိုစဉ် သစ်ပင်ကွယ်မှနေ၍ “ငရဲခွေးကြီး လွတ်သလိုဆို ပိုမှန်မယ်ဗျ .. ဟောဟဲ ဟောဟဲ” ဟူသော အမောတကော ပြောသံထွက်ပေါ်လာသည်။ လူကိုတွေ့လိုက်တော့ သူတို့အားလုံး အံ့သြကာ ထိုသူ့နာမည်ကို တပြိုင်နက်တည်း ရေရွတ်လိုက်မိသည်။
အားလုံး။ ။ ဟာ .. ကိုဟန်လေး ..။
မှန်၏ .. ဒေဝါလီမဂ္ဂဇင်းမှ ပင်တိုင်ကာတွန်းဆြာကြီး ကိုဟန်လေးပင်တည်း။
ရုက္ခစိုး။ ။ ကိုဟန်လေး ချွေးတွေလည်း ရွှဲလို့ .. အမောတကောနဲ့ ဘယ်လိုဖြစ်တာလဲဗျ။
ကိုဟန်လေး။ ။ နောက်မှာ .. နောက်မှာဗျ .. လိုက်လာပြီ။
ဖိုးရှုပ်။ ။ ဘယ်သူလဲဗျ။
ကိုဟန်လေး။ ။ ငရဲခွေးကြီးလွတ်လာပြီ .. ။ သူ့ကို ကာတွန်းတွေနဲ့ နှိပ်ကွပ်လို့ ကျုပ်ကို အစိမ်း လိုက်ဝါးစားမယ်၊ ဦးရုက္ခစိုးကိုလည်း ဖဲ့တော့မယ် .. ဖိုးရှုပ်နဲ့ ကြွက်စုတ်ကိုလည်း အရှင်မထားဘူးတဲ့ ..။
ကြွက်စုတ်။ ။ ဟာ .. ဦးရုက္ခစိုးကြီး ပြောသလို တကယ်ဖြစ်နေပြီ .. ဘယ်လိုလုပ်ကြမလဲ။
“ရေနဲ့ပက် ..” “ကြိုးကွင်းစွပ်ဖမ်း..” “ပိုက်ကွန်နဲ့ အုပ် ..” “မေ့ဆေးသေနတ်နဲ့ ပစ်”
တယောက်တပေါက် ထင်ရာစွတ်ပြောနေစဉ် တောတိုးလာသည့် တဝေါဝေါအသံကြီး ကြားလိုက်ရသည်။
ဦးရုက္ခစိုး။ ။ ကြာတယ်ကွာ .. ပြေးတာပဲကောင်းပါတယ်။ ကိုဟန်လေးရေ၊ ဖိုးရှုပ်နဲ့ ကြွက်စုတ်ရေ ပြေးကြဟေ့.. ပြေး ပြေး .. ငရဲခွေးကြီး လွတ်လာပြီတဲ့ .. ပြေးနိုင်မှ လွတ်မယ်ဗျို့ ………… ။ ။
No comments:
Post a Comment