Friday, June 12, 2009

ပါလီမန်လွှတ်တော်နှင့် ဒီမိုကရေစီအနာဂတ်

NEJ

ဒီမိုကရေစီ ဟူသည် မှာ အမြဲတမ်း တိုးတက် ပြောင်းလဲ နေသော နိုင်ငံရေး ဖြစ်စဉ်ဖြစ် သည်။ မိမိ အားနည်း ချက်နှင့် ချို့ယွင်း ချက်ကို မိမိ ဖာသာ ပြုပြင် သွားသော နိုင်ငံ ရေးစနစ် ဟုလည်း ခေါ်နိုင်သည်။

ဗြိတိသျှပါလီမန်အောက်လွှတ်တော်မှ ကိုယ်စားလှယ်များ ရပိုင်ခွင့်စရိတ်စက အလွဲသုံးစားလုပ်သည်ကို လွန်ခဲ့သော မေလ၌ “ဒေလီးတယ်လီဂရဖ်” သတင်းစာက ဖော်ထုတ်၍ ဗြိတိန်နိုင်ငံသားများ ဒေါသထွက်ကြသဖြင့် ပြည်သူ့ဆန္ဒဦးစားပေးသည့် ပါလီမန်လွှတ်တော်ပြုပြင်ရေးလုပ်ရန် အာဏာရပါတီနှင့် အတိုက်အခံပါတီတို့ ပြောဆိုနေကြပါပြီ။ ဗြိတိသျှပါလီမန်ကို ကမ္ဘာ့လွှတ်တော်များ၏ မိခင်ကြီးအဖြစ် အသိအမှတ်ပြုထားကြသဖြင့် ပါလီမန်ဒီမိုကရေစီရှေ့ရေးကို တကမ္ဘာလုံးက စိတ်ဝင်စားနေကြသည်။

အင်္ဂလိပ်ပါလီမန်၌ ကိုယ်စားလှယ် (၆၄၆) ဦးရှိသည်။ ပါလီမန်အစည်းအဝေးတက်သည့် နယ်မှကိုယ်စားလှယ်များ လန်ဒန်တွင် နေထိုင်သည့် ကုန်ကျစရိတ်ကို ပါလီမန်က ပေး၏။ ဤသည်ကို ဒုတိယအိမ်စရိတ်ဟု ခေါ်သည်။ လန်ဒန်မြို့တွင်း၌ နေထိုင်သော ကိုယ်စားလှယ်များ ဤစရိတ်ကို ခံစားပိုင်ခွင့်မရှိ။ သို့သော်လည်း ပါလီမန်စရိတ်စက ဌာနသည် အစစ်အဆေးမလုပ်ဘဲ တောင်းသရွေ့ထုတ်ပေးသဖြင့် ရပိုင်ခွင့်မရှိဘဲ စရိတ်ရသူများနှင့် ရပိုင်ခွင့်အလွဲသုံးစား လုပ်သူများရှိလာသည်။ အချောင်နှိုက်မှုကို သတင်းစာက ဖွင့်ချသောအခါ လွှတ်တော်တရပ်လုံး ကသိကအောက် ဖြစ်ကုန်၏။ ဤပြဿနာကို အကိုင်အတွယ်မတတ်သော လွှတ်တော်ဥက္ကဋ္ဌ နုတ်ထွက်လိုက်ရ၏။ အောက်လွှတ်တော် ဥက္ကဋ္ဌ မိုင်ကယ်မာတင် နုတ်ထွက်ရခြင်းသည် အနှစ် (၃၀၀) ကျော်တွင် ပထမဆုံးသော အကြိမ်ပင်ဖြစ်သည်။

ဗြိတိသျှပါလီမန်လွှတ်တော်သည် (၁၃) ရာစုအစောပိုင်း (၁၂၁၅) ၌ ပေါ်ပေါက်သည်ဟု ဆိုသဖြင့် (၇၉၄) နှစ် သက်တမ်းရှိသည့် နိုင်ငံရေးအဖွဲ့အစည်းပင်ဖြစ်သော်လည်း သန့်စင်ဖို့ လိုအပ်နေတုန်းဖြစ်၏။ စရိတ်စက အချောင်နှိုက်သူများသည် အာဏာရလေဘာပါတီ၊ အတိုက်အခံကွန်ဆာဗေးတစ်၊ လစ်ဘရယ်ဒီမိုကရက်တစ် ပါတီဝင်များဖြစ်သဖြင့် နိုင်ငံရေးပါတီစနစ်ပါ သိက္ခာကျလာသည်။ မိမိရရှိရသော မဲဆန္ဒအချိုးအစားကိုလိုက်၍ ကိုယ်စားလှယ်တင်မြှောက်သောစနစ်ကို တင်ပြလာကြသည်။ ပါလီမန်လွှတ်တော်၊ ပါတီစနစ်၊ ရွေးကောက်ပွဲစနစ် သုံးခုစလုံး ပြုပြင်ပြောင်းလဲဖို့ ပြောဆိုနေကြပါပြီ။

သတင်းလွတ်လပ်မှုအက်ဥပဒေအရ သတင်းစာက တောင်းဆိုသည်ကို လွှတ်တော်က လိုက်လျောရသည့်အတွက် အလွဲသုံးစားလုပ်မှုကို ပြည်သူများ သိရှိရခြင်းဖြစ်သည်။ ဗြိတိန်နိုင်ငံ၌ ပါလီမန်ဒီမိုကရေစီစနစ် ဆက်လက်ရှင်သန် တိုးတက်ရေးအတွက် သတင်းစာက ကြားဝင်ပြီး ဝေဖန်သုံးသပ်ကာ ကျားကန်ပေးလိုက်ခြင်းဖြစ်၏။ ဒီမိုကရေစီစနစ်၌ အုပ်ချုပ်ရေးဌာန၊ ဥပဒေပြုရေးဌာန၊ တရားစီရင်ရေးဌာနနှင့် လွတ်လပ်သော စာနယ်ဇင်းဟူ၍ မဏ္ဍိုင်ကြီး (၄) ခုရှိသည်။ သတင်းစာကို စတုတ္ထမဏ္ဍိုင်ဟုခေါ်သည်။ ဤမဏ္ဍိုင် (၄) ခုသည် သီးခြားလွတ်လပ်စွာ တည်ရှိကြသော်လည်း တဦးနှင့်တဦး အပြန်အလှန်ထိန်းကြသည်။ ထို့ကြောင့် စာနယ်ဇင်းနဲ့ တရားရေးဌာနလွတ်လပ်မှုသည် အလွန် အရေးကြီး၏။

ဗမာစစ်အစိုးရသည် ဤမဏ္ဍိုင်ကြီး (၄) ခုစလုံးကို ချုပ်ကိုင်၍ ပြည်သူလူထုကို အနိုင်ကျင့်နေသည်။ ထို့ကြောင့် မြန်မာပြည်တွင် ဒီမိုကရေစီ၏ အခြေခံတခုမျှမရှိသေးပါ။ တိုင်းပြည်ဘဏ္ဍာကို လုယက်ဖို့သာသိသော စစ်အစိုးရသည် ရွေးကောက်ပွဲကျင်းပရုံနှင့် ဒီမိုကရေစီတည်ဆောက်နိုင်သည်ဟု ယူဆနေသည်။ ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံရေး လွတ်လပ်မှုမရှိသော နိုင်ငံ အများကြီးရှိသည်။ အာဏာရအစိုးရ၏ ဖောက်ပြန်မှုကို ဖော်ထုတ်နိုင်သော စာနယ်ဇင်း လွတ်လပ်မှုသည် ရွေးကောက်ပွဲထက် အရေးကြီးသည်ဟု ယူဆသူများရှိသည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတွင် အနိုင်ရသောပါတီ အာဏာရလာရုံနှင့် မပြီးသေးပါ။ ယင်းပါတီနှင့်အစိုးရကို စောင့်ကြည့်မည့် လွတ်လပ်သော တသီးပုဂ္ဂလ စာနယ်ဇင်းနှင့် တရားသောဥပဒေကို ကျင့်သုံးမည့် တရားရေးဌာန ရှိရန် လိုအပ်သည်။ စာနယ်ဇင်းနဲ့ တရားဌာန လွတ်လပ်မှုမရှိသော တိုင်းပြည်တွင် ဒီမိုကရေစီလည်း မရှိနိုင်ပါ။

စာနယ်ဇင်းနှင့်တရားရေးဌာန လွတ်လပ်မှုမရှိဘဲ တည်ထောင်သော အစိုးရစနစ်သည် “ကလက်တိုကရေစီ” Kleptocracy (ခေါ်) သူခိုးအုပ်ချုပ်ရေးစနစ်သာဖြစ်ပေသည်။ ဈေးကွက်စီးပွားရေးခေတ်၌ တရုတ်ကွန်မြူနစ်သည်လည်း သူခိုးတမျိုးဖြစ်လာသည်။ စီးပွားရေး တိုးတက်သကဲ့သို့ အချောင်ဝင်နှိုက်သော အာဏာပိုင်သူခိုးလည်း များပြားလာ သည်။ အာဏာပိုင်များနှင့် အဆက်အသွယ်ရှိသူသည် ဘဏ်မှ ငွေချေးပြီး ပြန်ဆပ်လေ့မရှိပါ။ အလွဲသုံးစားလုပ်မှုဖြင့် တရုတ်အစိုးရအမှုထမ်းများ အရေးယူခံရသော သတင်းကို ရှင်ဟွာသတင်း၌ မကြာခဏ ဖော်ပြပါသည်။ ပြည်နယ်အစိုးရများတွင် သူခိုးပိုများသည်ကို တွေ့ရ၏။

ကွန်မြူနစ်စီးပွားရေးကျင့်သုံးစဉ်က မချမ်းသာသော်လည်း အစိုးရဘဏ္ဍာကို ခိုးယူမှု၊ လုယက်မှု အလွန်နည်းပါးသည်။ လွန်ခဲ့သော အနှစ် (၃၀) မှစ၍ ဈေးကွက်စနစ်နှင့်အတူ ကွန်မြူနစ်သူခိုးများ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာပြည်နှင့် တရုတ်ပြည်တွင် အစိုးရသည် အစသာရိုးပြီး နောက်ပိုင်းတွင် သူခိုးဖြစ်သွားတော့သည်။ သူခိုးလူတန်းစား သည် ဒီမိုကရေစီကို မည်သည့်အချိန်အခါတွင်မှ တည်ဆောက်နိုင်မည်မဟုတ်ပါ။

No comments: