ရဲနည်
မြန်မာ စစ်အစိုးရ က အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ပိုတိုး ၍ ဖိနှိပ် ချုပ်ချယ် လာသည် နှင့်အမျှ အမေရိကန် နှင့် ဥရောပ သမဂ္ဂ EU နိုင်ငံ များက စစ်အစိုးရ အပေါ် ဖိအားများ တိုး၍ ချမှတ်လာ ကြသည်။ အမေရိကန် ပြည်ထောင်စု ၏ သမ္မတ ဘားရက် အိုဘားမားက စီးပွားရေး ဒဏ်ခတ်မှုများ ကို သက်တန်း တရားဝင် တနှစ် ထပ်မံတိုး မြှင့်ခဲ့ ပြီး၊ ဥရောပ သမဂ္ဂ (EU) က လည်း ဒဏ်ခတ် မှုများ ပို၍ တိုးမြှင့် ရန် စဉ်းစား နေကြသည်။
မြန်မာနိုင်ငံ၏ ခေါင်းမာလှသော၊ ရက်စက်ကြမ်းကြုတ်သည့် စစ်ခေါင်းဆောင်များက အနောက်နိုင်ငံများမှ ဖိအားများကို အလွယ်တကူ ပယ်ချနိုင်ပါသည်။ အကြောင်းမှာ သူတို့က တရုတ်နှင့် အိန္ဒိယနိုင်ငံကဲ့သို့သော အိမ်နီးချင်း အင်အားကြီးနိုင်ငံ များကို မှီခိုပြီး ရှင်သန်နေနိုင်သည်ကို သိထားသောကြောင့် ဖြစ်သည်။ လက်ရှိဒေါ်အောင်ဆန်းစုကြည်အပေါ် ဆောင်ရွက် အရေးယူမှုများနှင့် ပတ်သက်၍ ဘေဂျင်း၊ နယူးဒေလီရှိ အစိုးရများထံမှ ဝေဖန်ပြောဆိုသံ မကြားရသေးသည့်အပြင်၊ အိမ်နီး ချင်း အာဆီယံနိုင်ငံများကလည်း နှုတ်ဆိတ်နေကြပါသည်။ ထိုနိုင်ငံများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ ပတ်သက်နေမှု အများအပြား ရှိနေကြပြီး၊ သူတို့က စစ်အစိုးရ ရှိမြဲအတိုင်း-ရှိစေဟူသည့် မူနောက်သာ တစိုက်မတ်မတ် လိုက်လိုကြပါ သည်။
စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုကို ထောက်ခံကြသူများနှင့် စစ်အစိုးရနှင့် ပူးပေါင်း၍နားချတိုက်တွန်းရေး လိုလားကြသူများ၊ အင်အားစု ၂-ခုစလုံးက သူတို့၏ မူဝါဒများမှာ စစ်အစိုးရခေါင်းဆောင်များ နားဝင်လာစေရန် အလုပ်မဖြစ်ခဲ့ကြောင်း အသိ အမှတ်ပြုခဲ့ကြပါသည်။ ဤအတွက်ကြောင့်ပင် ဖြစ်မည်။ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလက အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြား ရေးဝန်ကြီး မစ္စက် ဟယ်လာရီ ကလင်တန်က "အမေရိကန်နှင့် ဥရောပသမဂ္ဂ EU နိုင်ငံများက ချမှတ်ကျင့်သုံးခဲ့သည့် စီးပွားဒဏ်ခတ် အရေးယူမှုများဖြစ်စေ၊ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) နှင့် မြန်မာအိမ်နီးချင်း နိုင်ငံများက ကျင့်သုံးခဲ့သည့် အပြုသဘော ဆက်ဆံတိုက်တွန်းရေးပင် ဖြစ်စေ၊ အလုပ်မဖြစ်ခဲ့ကြောင်း" ထောက်ပြ ပြောဆိုခဲ့ခြင်း ဖြစ်ပေ လိမ့်မည်။
သို့သော်လည်း ကျန်ရှိနေသည့် မေးခွန်းမှာ မြန်မာစစ်ခေါင်းဆောင်များက ကမ္ဘာကြီးအသံကို နားထောင်လာစေရန် အတွက် မည်သူများကသြဇာညောင်းနိုင်ကြပါမည်နည်းဟူသော မေးခွန်းဖြစ်သည်။
လေ့လာသူ အများက ဆိုကြရာတွင် မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ ထုတ်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေ ကြသည့် ကုမ္ပဏီများက အနည်းဆုံး မြန်မာစစ်အစိုးရ ကျူးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်စဲစေရန် (နအဖ) စစ်အစိုးရအပေါ် ၎င်းတို့သြဇာကိုသုံး လုပ်ဆောင်ပါက သင့်မည်ဟု ဆိုကြပါသည်။
မြန်မာနိုင်ငံ ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းကဏ္ဍတွင် လက်ရှိ ရင်းနှီးမြှုပ်နှံထားသူများမှာ သြစတြေလျ၊ ဗြိတိသျှ ဗာဂျင်း ကျွန်း၊ တရုတ်၊ ပြင်သစ်၊ အိန္ဒိယ၊ ဂျပန်၊ မလေးရှား၊ စင်္ကာပူ၊ တောင်ကိုရီးယား၊ ထိုင်း၊ ရုရှားနှင့် အမေရိကန် ပြည်ထောင်စု နိုင်ငံများမှ ကုမ္ပဏီများ ဖြစ်ကြပါသည်။
ဤကုမ္ပဏီများက စစ်အစိုးရသက်ဆိုးရှည်ရန် ဘဏ္ဍာငွေ ထောက်ပံ့နေကြပါသည်။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ရန်ကုန် မြို့တွင် သံဃာ့ဆန္ဒပြပွဲများ အမြင့်မားဆုံး ဖြစ်ပွားနေချိန်တွင် မြေကမ္ဘာအခွင့်အရေး လှုပ်ရှားမှု နိုင်ငံတကာအဖွဲ့ (Earth Rights International) အမေရိကန်ပြည်ထောင်စုဆိုင်ရာ ဥပဒေကြောင်း ဒါရိုက်တာဖြစ်သူ မာကို ဆိုင်မွန်စ် (Marco Simons) က "ရေနံနှင့် သဘာဝဓါတ်ငွေ့ ကုမ္ပဏီများသည် စစ်အစိုးရ အာဏာဆက်လက်တည်မြဲနေစေရေးအတွက် အဓိက မောင်းနှင်အားတခု ဖြစ်သည်" ဟု ထုတ်ပြန်ကြေညာခဲ့သည်။ ဤအဖွဲ့သည် ထိုင်းနိုင်ငံနှင့် အမေရိကန် ၀ါရှင်တန် မြို့တော်တွင် အခြေစိုက်ရုံးဖွင့်ထားသည့် သဘာ၀၀န်းကျင်ရေးရာနှင့် လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ ဖြစ်သည်။
စီးပွားရေးကုမ္ပဏီများ၏ "လူမှုရေးအရ တာဝန်ရှိမှု" ဟူသည့် အယူအဆကို မြန်မာနိုင်ငံတွင် လက်တွေ့ပြသခြင်းဖြင့် မြှင့် တင် ဆောင်ရွက်နိုင်ပါသည်။ သို့သော်လည်း ယေဘုယျအားဖြင့် ဤအယူအဆကို နိုင်ငံတကာရှိ သဘာဝပတ်ဝန်းကျင် အဖွဲ့များနှင့် လူ့အခွင့်အရေးအဖွဲ့များက ကုမ္ပဏီများအပေါ် ပြစ်တင်ဝေဖန် တိုက်ခိုက်လာကြသည့်အခါမှသာ ကာကွယ်ရန် ဒိုင်းလွှားအဖြစ် အသုံးချကြခြင်းသာ ဖြစ်ပါသည်။
သာဓကပြရလျှင် ပြင်သစ်ကုမ္ပဏီ တိုတယ် (TOTAL) နှင့် အမေရိကန် ကုမ္ပဏီ ယူနိုကယ်လ် (UNOCAL) တို့ ဆောင်ရွက် ခဲ့ကြသည့် မြန်မာနိုင်ငံတောင်ပိုင်း ရတနာဓါတ်ငွေ့ပိုက်လိုင်း စီမံချက်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုအများအပြား ပေါ် ထွက်လာပြီး၊ မှတ်တမ်းများလည်း ပြုစုထားနိုင်ခဲ့ပြီး ဖြစ်သည်။ ဤသို့ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ဓါတ်ငွေ့ပိုက် ဖြတ်သန်းရာ နယ်မြေတလျောက်၌ အဓမ္မ မြေသိမ်းမှုများ၊ အဓမ္မ လုပ်အားခိုင်းစေမှုများ၊ မုဒိမ်းမှု၊ နှိပ်စက်ညှဉ်းပမ်းမှု၊ သတ် ဖြတ်မှု အများအပြားကို ဒေသခံ ပြည်သူများ ကြုံတွေ့ခံစားခဲ့ရပါသည်။ လူ့အခွင့်အရေး တိုက်ပွဲဝင်အဖွဲ့အချို့က ဤပြစ်မှုများ ကို အမေရိကန်ပြည်ထောင်စု၊ ဖက်ဒရယ်တရားရုံးတွင် တင်ပြ တရားစွဲဆိုခဲ့ကြပြီး နောက်မှသာ အချို့သောနစ်နာသူများက လျော် ကြေးငွေ ပြန်လည်ရရှိခဲ့ကြပါသည်။
မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ကြီးမားစွာ ရှိနေပါသည်။ သို့သော် လည်း ဤကဏ္ဍမှနေ၍ အစိုးရ ဘဏ္ဍာငွေမည်မျှ ရရှိနေသည်ဆိုသည်ကို ပွင့်လင်းမြင်သာစွာ မတင်ပြခဲ့ပါ။ ၎င်းဘဏ္ဍာများ မည်သို့ မည်ပုံ သုံးစွဲသည်ကတော့ ပို၍ဝေးစွ၊ လူအများအတွက် လျှို့ဝှက်ကိစ္စ ဖြစ်နေသည်။
နိုင်ငံတော် ရသုံးဘဏ္ဍာငွေ၏ ရာခိုင်နှုန်း အများစုကို စစ်တပ်က လက်ဝါးကြီးအုပ်ထားပြီး၊ ကျန်းမာရေးနှင့် ပညာရေးကဲ့သို့ သော လူအများအကျိုးနှင့် သက်ဆိုင်သည့်ကဏ္ဍတွင် စစ်အစိုးရက အနည်းငယ်မျှသာ ခွဲဝေချပေးပါသည်။ ထိုမျှမက နှစ် စဉ် ဒေါ်လာငွေသန်းပေါင်း၊ ကုဋေပေါင်းများစွာမှာ ဗိုလ်ချုပ်များအိပ်တွင်းသို့၊ သူတို့၏ လက်ဝေခံ ရင်းနှီးသူ လူနည်းစုများ နှင့် သူတို့၏ စိတ်တော်ကြိုက် စီမံချက်များအတွင်း ပျောက်ကွယ်သွားကြပါသည်။ စစ်အစိုးရ မြို့တော်သစ် နေပြည်တော်၊ ကွန်ပြူတာ ဆိုင်ဘာမြို့သစ် ရတနာပုံ.. စသဖြင့်လည်းကောင်း၊ အဏုမြူသုတေသန ဓါတ်ပေါင်းဖို စသဖြင့် ဤဘဏ္ဍာငွေ များနှင့် စိတ်ရူးရှိတိုင်း ဆောင်ရွက်နေကြပေသည်။
နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးကိစ္စများတွင် စစ်အစိုးရက ရာဇ၀တ်ကြောင်း သင့်ရလောက်အောင် လျစ်လျူရှုထားခဲ့မှု၊ ပြီးခဲ့ သည့် ၂၀၀၇ သံဃာ့ဆန္ဒပြပွဲများကို ဖြိုခွင်းချေမှုန်းခဲ့မှု၊ ၎င်းနောက်ပိုင်းတွင်မှ ဖြစ်လာသည့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ယခုတကြိမ် ကောက်ကျစ်စွာ အရေးယူမှုများတို့ကို ပြန်ကြည့်ပါက စီးပွားရေးကုမ္ပဏီများအနေနှင့် သူတို့၏ ကိုယ်ကျင့် သိက္ခာ၊ ရပ်တည်ချက်ကို ပြန်လည် စစ်ဆေးကြည့်သင့်နေပြီ ဖြစ်သည်။ အလားတူ အာဏာရှင်အစိုးရမျိုးနှင့် လက်ခံ ဆက် ဆံ၍ ကျေနပ်နေနိုင်ပါသလောဟု စောကြောရမည့်အချိန်လည်း ဖြစ်သည်။
မြေကမ္ဘာ အခွင့်အရေး (ERI) စီမံချက် ညှိနှိုင်းရေးမှူး မက်သယူး စမစ် (Matthew Smith) ကတော့ မြန်မာစစ်အစိုးရထံမှ စာချုပ် ကန်ထရိုက်များ လက်ခံရန် စီးပွားရေးရှုထောင့်မှ ဆိုလျှင်ပင် နှစ်ခါပြန်စဉ်းစားသင့်သေးကြောင်း ထောက်ပြပါသည်။ "မြန်မာစစ်အစိုးရကို အခုလို ဘဏ္ဍာငွေထောက်ပံ့ပေးနေခြင်းအားဖြင့် ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ပါတယ်။ ဒီ အတွက်ကြောင့်ပဲ နောက်ဆုံး သူတို့အခြေခံကို ချိနဲ့စေနိုင်တယ်။ နောက်အနာဂတ် ရန်ပုံငွေမြှင့်တင်ရှာဖွေရေးကိစ္စတွေမှာ လည်း ထိခိုက်စေနိုင်တယ်" ဟု ထောက်ပြသည်။ " ပြောရရင်တော့ မသမာတဲ့ စီးပွားရေးလုပ်ငန်းမျိုးပါပဲ" ဟု ဆိုသည်။
သေချာပါသည်။ သမာအာဇီဝ စီးပွားရေးလုပ်ငန်းတခုသည် ကိုယ်ကျင့်တရား၊ မြင့်မားသည့် သိက္ခာစောင့်ထိန်းမှု၊ တာဝန် သိမှုဖြင့် လာရမည် ဖြစ်သည်။ ယခုအချိန်သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသော နိုင်ငံတကာနှင့် ဒေသဆိုင်ရာ ရေနံ နှင့် သဘာဝဓါတ်ငွေ့ကုမ္ပဏီများတွင် အစုထည့်ဝင်ထားကြသည့် အစုရှယ်ယာဝင်များ အနေနှင့် ပြန်လည်စဉ်းစားသင့်ပြီ ဖြစ့်သည်။ အကျိုးအမြတ်တခုတည်းကိုသာ မကြည့်ဘဲ၊ တာဝန်သိမှုကိုလည်း ပြန်လည်ချိန်ဆရတော့မည့် အချိန် ဖြစ်ပါသည်။ လူ့အခွင့်အရေး ဆိုးကျိုးသက်ရောက်မှုများကို ပြန်လည်တွက်ဆပြီး၊ ကုမ္ပဏီများတွင် မြှုပ်နှံမည်ဆိုလျှင်ဖြင့် မည်သည့်စံနှုန်းများ ပြည့်စုံရမည်ဖြစ်ကြောင်း သုံးသပ်ရတော့မည့် ကာလဖြစ်တော့သည်။
No comments:
Post a Comment