Tuesday, July 14, 2009

နေပြည်တော်ဘူတာသစ်အနီး မြေပြိုမှုဖြစ်ပွား

မင်းနိုင်သူ / ၁၄ ဇူလိုင် ၂၀၀၉

နေပြည်တော် ဘူတာ သစ်၏ ဘယ်ဘက် (၃) မိုင်ခန့် အကွာ မီးရထား သံလမ်း နံဘေးတွင် မြေပြို မှုများ ဖြစ်ပွား နေကြောင်း ပျဉ်းမနား မြို့ခံ တဦးက ပြောသည်။

၎င်းက “အဲဒီ နားတ၀ိုက်မှာ စမ်းပေါက် တွေရှိ တယ်ဗျ။ နောက်တချက်က အခု ရက်ပိုင်း မိုးများတော့ သံလမ်း ဘေးက မြေသားတွေ လျှောလျှော ကျနေတာကို အသည်း အသန်ဖို့ နေကြ ရတယ်” ဟု ပြောသည်။

အဆိုပါ သံလမ်းဘေး မြေပြိုသဖြင့် မြေဖို့မှုလုပ်ငန်းများ လုပ်ကိုင် နေသည်မှာ ရက်သတ္တ တပတ် ခန့်ရှိပြီ ဟု မီးရထား ၀န်ထမ်း တဦးက ပြောသည်။

“စစ်သားတွေ မြေဖို့နေကြတာ တွေ့ရတယ်။ မီးရထားရုံပိုင်ကို အဲဒီအကြောင်း သတင်းသွားမေးတော့ ဘာမှမပြောနိုင်ပါဘူးလို့ ပြောတယ်။ ဘူတာသစ်ကြီးနားမှာလည်း မြေဖို့လုပ်ငန်းတွေ အခုထိလုပ်နေကြရတုန်းပဲ။ အဲဒီတကြောက နေရောင်ပြအင်းမြေတွေ အခုမှဖို့ပြီး ဆောက်ထားတာ။ ကျန်တဲ့ ဥတ္တရသီရီတို့၊ ဒဏ္ခိသီရိတို့ဆိုတဲ့ မြို့သစ်တွေကလည်း ဖို့မြေတွေပဲ” ဟု မျက်မြင်တွေ့ရှိခဲ့သူ အဆိုပါမြို့ခံက ပြောသည်။

နေပြည်တော် ဘူတာ သစ်ကို ၂၀၀၆ ခုနှစ်မှ စတင်ကာ ရွာတော် ကျေးရွာ အနီးတွင် အေရှား ဝေါကုမ္ပဏီက ကန်ထရိုက်ယူ တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး ယခုလ (၅) ရက်တွင် နေပြည်တော်-ရန်ကုန် ရထားခရီးစဉ်ကို စတင်ပြေးဆွဲခဲ့သည်။

နေပြည်တော်ဘူတာသစ် တည်ရှိရာနေရာသည် စမ်းပေါက်များ များလွန်းသည့်အတွက် မြေသားထိန်းသိမ်းမှု ရေရှည်မခံနိုင် ကြောင်း၊ စမ်းသပ်မောင်းနှင်သည့် စက်ခေါင်းတွဲ (၃) တွဲ တိမ်းမှောက်ခဲ့ဖူးသည်ဟုလည်း ပျဉ်းမနားမြို့ခံဖြစ်သူက ပြောသည်။

မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်မတိုင်မီက ရထားလမ်းအရှည် (၁၉၆၇.၃၅) မိုင်ရှိခဲ့ရာမှ နောက်ပိုင်းတွင် ရထားလမ်းအရှည် (၁၂၆၁.၇၀) မိုင် တိုးချဲ့ဖောက်လုပ်ခဲ့သဖြင့် ယခုအခါ စုစုပေါင်း (၃၂၂၉.၀၅) မိုင် ရှိပြီဖြစ်ကြောင်းနှင့် ဘူတာပေါင်း (၈၂၁) အထိ ရှိလာပြီဖြစ်ကြောင်း နအဖအစိုးရ၏ စာရင်းများတွင် ဖော်ပြထားသည်။

ယခုနှစ်အစောပိုင်းကလည်း ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စစ်အစိုးရက ရထားလမ်းတခု ဖောက်လုပ်ပေးခဲ့သော်လည်း အလျင်အမြန်ဖောက်လုပ်ခဲ့ခြင်းဖြစ်ရာ ယခုမိုးတွင်းတွင် သံလမ်းမြေသားပြိုမှုများ ဖြစ်နေကြောင်း စစ်တွေဒေသခံတဦးက ပြောသည်။

No comments: