Saturday, October 10, 2009

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၁

မင်းဟန်

(၁ဝ၉)
၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၁ဝ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က ကြေညာချက်အမှတ် ၃၂၆ ထုတ်ပြန်၏။

ကြေညာချက်တွင် ….. ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပမည့်နေ့ရက် အတိအကျ သတ်မှတ်ဖော်ပြပြီး၊ ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းလိုပါက ပြည်လည်ရုပ်သိမ်းနိုင်သည့် နေ့ရက်တို့ ဖော်ပြထား၏။

ကြေညာချက် ၃၂၆ အရ …..

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ကျင်းပမည့် နေ့ရက်ကား …..၁၃၅၂ ခုနှစ် ၊ နယုန်လဆန်း ၄ ရက်နေ့ ဖြစ်သည်။ ခရစ်သက္ကရာဇ်အရမူ …. ၁၉၉၀ ခုနှစ် မေလ ၂၇ ရက်နေ့ ….. တနင်္ဂနွေနေ့ ဖြစ်၏။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းအား ကော်မရှင်သို့ တင်သွင်းရမည့် နေ့ရက်က …. ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ၁၉၉၀ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့အထိ ဖြစ်သည်။

ကော်မရှင်မှ ကြေညာချက်ထုတ်ပြန်ပြီး နောက်ရက်တွင် ….. စစ်အုပ်စု၏ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမောင်က ….. စစ်ဦးစီးတက္ကသိုလ် သင်တန်းဆင်းပွဲတွင် မိန့်ခွန်းပေး၏။

စစ်အုပ်စုမှ ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတို့တွင် ဖော်ပြရေးဆွဲထားခြင်း မရှိသည့် အာဏာလွှဲပြောင်းရေး အစီအစဉ်နှင့်ပတ်သက်၍ ဗိုလ်ချုပ်ကြီးစောမောင်က နှုတ်ဖြင့် တိုင်းပြည်သို့ ပြော၏။

“….. လာမယ့် ပြည်သူ့လွှတ်တော်က …. ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ရေးဆွဲပြဋ္ဌာန်းမယ်။ ရေးဆွဲပြဋ္ဌာန်းပြီး အဲဒီအခြေခံဥပဒေနဲ့အညီ ဖွဲ့စည်းလိုက်တဲ့ အစိုးရကို အာဏာလွှဲပြောင်းပေးသွားမယ် …..”

ဗိုလ်ချုပ်ကြီးစောမောင်၏ မိန့်ခွန်းများက အပြောတွင် ….“ရွှေမန်း” ၊ အက … “ချိုမှိုင်မှိုင်” ဆိုသကဲ့သို့ …။ ပြီးလျှင် ……
“ဒေါက်တာမောင်မောင် လက်ထက်ကတည်းက ….. တပ်မတော်သားတွေ၊ လက်နက်ကိုင် ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံ့ဘဏ္ဍာက လစာယူစားတဲ့ အရပ်ဘက်ဝန်ထမ်းတွေ အားလုံးဟာ ဘယ်ပါတီဝင်မှ မဖြစ်စေရ …. ဆိုတဲ့ အမိန့်ထုတ်ပြန်လိုက်တဲ့ အချိန်ကစလို့ ကျနော်အပါအဝင် တပ်မတော်သား အားလုံးဟာ ဘယ်ပါတီဝင်မှ မဟုတ်တော့ဘူး …. လာမယ့်ရွေးကောက်ပွဲမှာ လွတ်လွတ်လပ်လပ် ဆန္ဒမဲပေးနိုင်ကြတယ် …..”

ရွေးကောက်ပွဲ ဘီးကြီးကမူ တပါတ်ချင်း လိမ့်၍နေ၏။


(၁၁ဝ)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ၊ တတိယပတ် သို့မဟုတ် …. စတုတ္ထပတ်အတွင်း၌ ဗဟိုဌာနချုပ်တွင် နိုင်ငံလုံးဆိုင်ရာ အထူးအစည်းအဝေးကြီး တရပ်အား ခေါ်ယူကျင်းပမည့် အကြောင်းအား ပြည်နယ်/တိုင်း အသီးသီးသို့ အကြောင်းကြားထား၏။

အထူးအစည်းအဝေးတွင် အဖွဲ့ဝင်ထု၏ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အမြင်သဘောထားများကို တင်ပြကြရန်လည်း ပြည်နယ်/တိုင်းအသီးသီးသို့ အကြောင်းကြားစာနှင့်အတူ ပေးပို့ထား၏။

မြို့နယ်အလိုက် ပြည်နယ်နှင့် တိုင်းအသီးသီးတွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးကြ၏။ အမြင်သဘောထားများအား စုစည်းကြ၏။ လိုင်းက ၂ လိုင်းဖြစ်၍ နေသည်။

တလိုင်းက …. ရွေးကောက်ပွဲအား ဝင်မည်။

နောက်တလိုင်းကမူ ….. ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော အဖွဲ့ချုပ်ခေါင်းဆောင်များ မပါဝင်ဘဲ ဝင်ကြရမည့် ရွေးကောက်ပွဲအပေါ် ပြန်လည်၍သုံးသပ်ရန် …. ဟူ၍ ဖြစ်သည်။

ရွေးကောက်ပွဲနှင့် ပတ်သက်၍ အဖွဲ့ချုပ်အတွင်း အမြင်သဘောထားများက ကွဲလွဲမြဲ ….။

၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်ဦးအား နေအိမ်အကျယ်ချုပ်နှင့် ၅ လမျှ ထိန်းသိမ်းထားရာမှ အင်းစိန်ထောင်သို့ အာဏာပိုင်များက ခေါ်ယူပြီး အင်းစိန်ထောင်အတွင်း အထူးတရားရုံးတွင် ပုဒ်မတပ်၍ ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့၏။

အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဦးတင်ဦးက ထောင်ဒဏ်ပြစ်ဒဏ် ကျခံနေရသည့် အကျဉ်းသားတဦးအဖြစ်သို့ ရောက်သွား၏။ စစ်အုပ်စု၏ ရွေးကောက်ပွဲဥပဒေ ၁ဝ (ဂ) အရ …. ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားတဦးသည် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ခွင့်မရှိ …..။

စစ်အုပ်စုက ….. ဦးတင်ဦးအား ဝင်ရောက်နိုင်ခြင်း မရှိစေရန် ….. ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းရမည့် ရက်မတိုင်မီ ….. ၅ ရက်အလိုတွင် စံနစ်တကျနှင့် ဖယ်ရှားလိုက်ခြင်း ဖြစ်၏။

ထိုနေ့တွင်ပင် …. နေအိမ်၌ အကျယ်ချုပ်နှင့် ထိန်းသိမ်းထားခြင်း ခံနေရသည့် အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှ ဗဟန်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သို့ လိပ်မူ၍ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သူမ၏ သဘောထားအား စာနှင့်ရေး၍ ပေးပို့ခဲ့၏။

“၁၉၈၉ ခုနှစ် မြန်မာနိုင်ငံ ပြည်သူလူထု၏ ဒီမိုကရေစီရေး ကြိုးပမ်းလှုပ်ရှားမှုကြီးတွင် ပါဝင်ခဲ့ပြီး ၂၇၊ ၉၊ ၈၈ နေ့တွင် ဖွဲ့စည်းခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

နိုင်ငံရေးကြိုးပမ်းမှုများကြောင့် ၂၀၊ ၇၊ ၈၉ နေ့မှစ၍ ထိန်းသိမ်းခံခဲ့ရပါသည်။ အထိန်းသိမ်းခံနေရလျက်နှင့်ပင် မိမိအဖွဲ့ချုပ်၏ ဒီမိုကရေစီနည်းလမ်းအရ ဆုံးဖြတ်ချက်ကို လေးစားသောအားဖြင့်လည်းကောင်း၊ တိုင်းသူပြည်သား တို့၏ အမှန်တရားနှင့် ကိုက်ညီသော လိုအပ်ချက်များကို တတ်စွမ်းသရွှေ့ ကူညီဖြည့်စွက်လိုသောကြောင့် လည်းကောင်း၊ ဒီမိုကရေစီကိုလိုလားသော ပြည်သူလူထုကြီး၏ ဇွဲသတ္တိကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ ၁၉၈၉ ခုနှစ် ဒီဇင်ဘာလအတွင်း ဗဟန်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်ကို လိုက်နာ၍ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသူတဦးအဖြစ် အမည်စာရင်း တင်သွင်းလိုက်ပါသည်။

အောင်ဆန်းစုကြည် ၂၂၊ ၁၂၊ ၈၉

ဒေါ်အောင်ဆန်းစုကြည်၏ စာက ….. အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား ရွေးကောက်ပွဲဝင်ရေး လမ်းစဉ်ပေါ်သို့ အခိုင်အမာ တင်ပေးလိုက်ခြင်း ဖြစ်၏။

အဖွဲ့အတွင်း အမြင် ၂ ရပ် ပြဿနာသည်လည်း ကျေလည်၍ ရှင်းသွား၏။ အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ အထူးအစည်းအဝေးတွင်လည်း ရွေးကောက်ပွဲဝင်ရေးအပေါ်၌သာ ဆွေးနွေးကြတော့၏။ အားလုံးက ရွေးကောက်ပွဲလမ်းစဉ် အလံအား ဆွဲကိုင်၍ လွှင့်ထူခဲ့ကြ၏။

၁၉၉ဝ ခုနှစ် မေလ ၂၇ ရက် ရွေးကောက်ပွဲက …. ရက်ပေါင်း ၁၅၇ ရက်သာ လိုတော့၏။ ရွေးကောက်ပွဲ ခရီးပြင်းသို့ …. အသော့နှင်ရန်သာ ရှိလေ၏။


(၁၁၁)
၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက် ….။

ရန်ကုန်မြို့ မြို့နယ်စုကော်မရှင် အဖွဲ့ခွဲရုံးတွင် …၊ ဗဟန်းမြို့နယ် မဲဆန္ဒနယ်မြေအမှတ် ၁ တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ကိုယ်စားလှယ်လောင်းအဖြစ် ဒေါ်အောင်ဆန်းစုကြည်မှ အမည်စာရင်း တင်သွင်း၏။

ဒေါ်အောင်ဆန်းစုကြည်မှ အမည်စာရင်းတင်သွင်းသည်ဟု ဆိုသော်လည်း …… သူမကိုယ်တိုင် တင်သွင်းခဲ့ခြင်း မဟုတ် … ၊ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စားလှယ်မှ တင်သွင်းခဲ့ရခြင်း ဖြစ်၏။

ဒေါ်အောင်ဆန်းစုကြည်မှ သူမ၏ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာတွင် ….. ရွေးကောက်ပွဲဝင်ရခြင်း အကြောင်းအား ……

“တိုင်းသူပြည်သားတို့၏ အမှန်တရားနှင့် ကိုက်ညီသော လိုအပ်ချက်များကို တတ်စွမ်းသရွေ့ ဖြည့်စွမ်းလိုသောကြောင့် လည်းကောင်း၊ ဒီမိုကရေစီလိုလားသော ပြည်သူလူထုကြီး၏ ဇွဲ၊ သတ္တိကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသူတဦးအဖြစ် အမည်စာရင်း တင်သွင်းပါသည်” ဟူ၍ ရေးသားထား၏။

ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ တင်သွင်းလွှာအား တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ (တစည) ၊ ဗဟန်းမြို့နယ် မဲဆန္ဒနယ်မြေအမှတ် ၁ မှ ကိုယ်စားလှယ်လောင်း အဖြစ် အမည်စာရင်းတင်သွင်းထားသည့် (ဦး)လဘန်ဂရောင်နှင့် ဦးမြင့်သန်းတို့ ၂ ဦးမှ မြို့နယ်စု ကော်မရှင်အဖွဲ့ခွဲရုံး တွင် ကန့်ကွက်လွှာ တင်သွင်းကြပြန်၏။

ကန့်ကွက်လွှာတွင် …. ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈ (ခ) ၊ ပုဒ်မ ၁ဝ (င) ၊ ၁၀ (ဇ) တို့နှင့် ငြိစွန်းနေသည်ဟု စွပ်စွဲပြီး ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ပေးပါရန် ကန့်ကွက်ကြ၏။

ရွေးကောက်ပွဲ ဥပဒေ၊ ပုဒ်မ ၈ တွင် … “အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသည့် နိုင်ငံသားများသည် အမျိုးသား၊ အမျိုးသမီးမရွေး၊ ဘာသာမရွေး၊ ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရှိသည်” ဟူ၍ ဖော်ပြပါရှိပြီး …. ပုဒ်မခွဲ ၈ (ခ) တွင်က …..

“ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ” ဟူ၍ ပါရှိ၏။ ပြီးလျှင် ….. ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၀ တွင်က …….
“အောက်ပါပုဂ္ဂိုလ်များသည် ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ပိုင်ခွင့် မရှိစေရ ….” ဟူ၍ ပြဋ္ဌာန်းပြီး …. ပုဒ်မခွဲ ၁၀ (င) …. နှင့် ၁၀ (ဇ) တို့တွင်က …..

“နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူများ (သို့မဟုတ်) နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူများ (သို့မဟုတ်) ထိုအစိုးရ၏ နိုင်ငံသားဖြစ်သူများ (သို့မဟုတ်) ထိုအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ နိုင်ငံသားသော်လည်းကောင်း၊ ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ”

“နိုင်ငံတော်အား လက်နက်စွဲကိုင်၍ တော်လှန်ပုန်ကန်နေသော သောင်းကျန်းသူ အဖွဲ့အစည်းဝင်များ၊ တော်လှန်ပုန်ကန်ရန် ယင်းအဖွဲ့အစည်းများ၊ သို့မဟုတ် အဖွဲ့အစည်းဝင်များနှင့် ဆက်သွယ်ကြောင်း ခိုင်လုံသော အထောက်အထားရှိသည့် ပုဂ္ဂိုလ်များ” ဟု သတ်မှတ်ဖော်ပြထား၏။

ရန်ကုန်တိုင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲက …. (ဦး)လဘန်ဂရောင်နှင့် ဦးမြင့်သန်းတို့၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲကန့်ကွက်မှုအား ကြားနာပြီး နောက်ဆုံးတွင် ….. ကန့်ကွက်လွှာအား ပယ်ချခဲ့၏။

(ဦး)လဘန်ဂရောင်က …. မြို့နယ်စုကော်မရှင် အဖွဲ့ခွဲရုံး၏ ပယ်ချခဲ့မှုအား မကျေနပ်၍ ရန်ကုန်တိုင်း ကော်မရှင်အဖွဲ့ခွဲရုံးသို့ ထပ်မံ၍ လျှောက်ထားပြန်၏။

ကန့်ကွက်လွှာတင်ပြန်၏။ (ဦး)လဘန်ဂရောင်၏ ဒေါ်အောင်ဆန်းစုကြည်အား ကိုယ်စားလှယ်လောင်း အမည်စာရင်းမှ ပယ်ဖျက်ပေးရေး ကန့်ကွက်လွှာကိစ္စက …. ကော်မရှင်အတွင်း လှိုက်လှိုက်သည်းသည်း ဂယက်ရိုက်စေ၏။ ထောက်ခံသူ၊ ကန့်ကွက်သူဟူ၍ အမြင်ကွဲကြ၏။

ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်အတွင်း၌ …. ကော်မရှင်ဥက္ကဋ္ဌ - ဦးဘဌေး (အငြိမ်းစား ဘဏ္ဍာတော်မင်းကြီး) နှင့် (ဦး)စောကြာဒိုး (အဖွဲ့ဝင်၊ ယခင်ဗိုလ်မှူးချုပ်ဟောင်း) တို့က (ဦး)လဘန်ဂရောင်၏ ကန့်ကွက်လွှာအား ပယ်ချပြီး ….. ကျန်ကော်မရှင် အဖွဲ့ဝင်များဖြစ်သည့် ဦးကျော်ညွန့်၊ ဦးစန်းမောင်နှင့် ဆရာချယ်တို့ကမူ ကန့်ကွက်လွှာအား လက်ခံ၍ ဒေါ်အောင်ဆန်းစုကြည်အား ကိုယ်စားလှယ်လောင်း တင်သွင်းထားမှုမှ ပယ်ဖျက်ရန် ဆန္ဒပေးကြ၏။

အဆုံးတွင်မူ …. ရန်ကုန်တိုင်း ကော်မရှင်အဖွဲ့ခွဲက …. (ဦး)လဘန်ဂရောင်၏ ကန့်ကွက်လွှာအား လက်ခံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းမှုအား ပယ်ဖျက်ခဲ့၏။

ထိုနေ့က …..
၁၉၉ဝ ခုနှစ် …. ဇန်နဝါရီလ ၁၅ ရက် …..။
ရွေးကောက်ပွဲခရီးက ၁၃၁ ရက်သာ ကျန်တော့၏။
တရားမျှတမှုဟူသည်ကား ရှာမတွေ့သေး ……။

No comments: