Wednesday, October 14, 2009

ရွှေ္ဂ္ဂဂုံတိုင်ကြေညာချက်အပေါ် သစ္စာရှိရန် လူ့ဘောင်သစ်ပါတီ တိုက်တွန်း

ရဲရင့် / ၁၄ အောက်တိုဘာ ၂၀၀၉

ယနေ့ကျရောက်သည့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တည်ထောင်ခြင်း (၂၁) နှစ်မြောက် အခမ်းအနားတွင် လာမည့် ၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) သည် လူထုမျက်နှာကို ထောက်ထားပြီး ရွှေဂုံတိုင်ကြေညာချက်အပေါ် သစ္စာရှိရန် အရေးကြီးသည်ဟု ပြောသည်။

ပါတီ၏ တွဲဖက် အတွင်း ရေးမှူး ဦးငွေလင်းက “ပါတီ တရပ်က လွတ်လပ်စွာ ဆုံးဖြတ်ပိုင် ခွင့်ရှိပါတယ်။ ရွေးကောက်ပွဲ ၀င်ဖို့ အန်အယ်လ် ဒီ ပါတီဝင် အချို့က ဆုံးဖြတ်မယ် ဆိုရင် ကျနော်တို့ အနေနဲ့ ဘာမှ ပြောလို့ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ပြည်သူ မျက်နှာ ကိုကြည့်ပြီး ပြည်သူတွေ လိုလားနေတဲ့ ရွှေဂုံတိုင် ကြေညာချက် အပေါ်မှာ သစ္စာရှိဖို့ အင်မတန် အရေးကြီး ပါတယ်။ ကြေညာချက် အတိုင်း လက်ခံ သွားဖို့ အကြံပေး တိုက်တွန်း ချင်ပါတယ်” ဟု ပြောသည်။

အန်အယ်လ်ဒီမှ ထုတ်ပြန်သည့် ရွှေဂုံတိုင်ကြေညာချက်တွင် အဖွဲ့ချုပ်ခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသည့်အချက်များကို ပြင်ဆင်ပေးရေးနှင့် အားလုံးပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာ၏ စောင့်ကြပ်လေ့လာမှုကို ခွင့်ပြုရေး စသည့်အချက်များကို တောင်းဆိုထားသည်။

လူ့ဘောင်သစ်ပါတီအနေဖြင့် နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝဆန့်ကျင်တိုက်ခိုက်မည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ နှင့် ယင်းဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြရန် အတွက်လည်း ပြည်သူတရပ်လုံး လက်တွဲဆောင်ရွက်ကြရန် ယနေ့ကျရောက်သည့် ပါတီ (၂၁) ပြည့်နေ့ ထုတ်ပြန်သည့် ကြေညာချက်တွင် တိုက်တွန်းထားသည်။

ပါတီ၏ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဦးငွေလင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး တပြည်လုံးအတိုင်းအတာပါမည့် လူထုတိုက်ပွဲဖော်ဆောင်ရန်အတွက် မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ၂၀၁၀ မတိုင်မီနှင့် အလွန်ကာလများတွင် ဥပဒေတွင်း၊ ဥပဒေပ တိုက်ပွဲများ တိုးမြှင့်သွားရန် ပါတီကို ပြင်ဆင်ထားသည်ဟု ပြောကြားသည်။ သို့သော်အသေးစိတ် အချက်အလက်များကို ပြောကြားခြင်းမရှိပေ။

လူ့ဘောင်သစ်ပါတီကို ၁၉၈၈ အောက်တိုဘာ (၁၄) ရက်တွင် စတင်ဖွဲ့စည်းပြီး ၁၉၉၁ ဒီဇင်ဘာလ (၆) ရက်တွင် စစ်အစိုးရမှ ပါတီကို ဖျက်သိမ်းလိုက်သဖြင့် ပါတီခေါင်းဆောင်အချို့အဖမ်းခံရပြီး အချို့တောတွင်းရောက်ရှိသွားကာ မြေအောက်ပါတီအဖြစ် ၁၉၉၁ ခုနှစ် စက်တင်ဘာလ (၁၁) ရက်တွင် လွတ်မြောက်နယ်မြေ မာနယ်ပလောတွင် ပြန်လည်ဖွဲ့စည်းခဲ့သည်။

No comments: