ရန်ကုန်တိုင်း ရဲမှူးကြီး အပြောင်း အလဲကြောင့် ခေတ္တရပ် ဆိုင်း ခဲ့သည့် နယ်မြေခံ ရဲများနှင့် အာဏာပိုင် အသီးသီး တို့အား ဆက်ကြေးပေး လုပ်ကိုင် ရသည့် ရန်ကုန်မြို့တ၀န်းရှိ ဗီစီဒီ၊ ဒီဗွီဒီ အရောင်း ဆိုင်များ၊ အနှိပ်ခန်းများ၊ ကာရာအိုကေ ခန်းများနှင့် ပြည့်တန်ဆာ လုပ်ငန်း အားလုံး ပုံမှန်ပြန်လည် ဖွင့်နေ ပြီဖြစ်သည်။ရန်ကုန်မြို့ ကျောက်တံတား မြို့နယ် ဗိုလ်ချုပ်လမ်း ရှိ ရုပ်ရှင်ရုံ အောက်တွင် ဗီစီဒီ၊ ဒီဗွီဒီ လက်လီ လက်ကား ရောင်းချသူ ဆိုင်ပိုင်ရှင် တဦးက “နယ်ထိန်းပဲ ကျနော် တို့ကို လာပြောတာ။ စီမံချက် ကာလပြီးပြီ၊ ပြန်ဖွင့်လို့ရပြီ၊ အားလုံးဖွင့်နေကြပြီဆိုတော့မှ ကျနော်တို့လည်း ပြန်ဖွင့် ရဲတာပါ။ ဆိုင်ပိတ်ထား ချိန်မှာ ကျနော်တို့ကို မှီပြီး ရပ်ကွက်တွေမှာ ဆိုင်ဖွင့်စား နေကြတဲ့ လက်လီ ဆိုင်ငယ် လေးတွေ ဒုက္ခ ရောက်ကြ တယ်ကြား တယ်။ ခုတော့ သူတို့လည်း ပြန်ဖွင့် နေကြပါပြီ” ဟု ပြောသည်။
ယခုအခါ ရန်ကုန်မှ တနိုင်ငံလုံးသို့ ဗီစီဒီ၊ ဒီဗွီဒီ လက်ကားဖြန့်နေသည့် ယုဇနပလာဇာ မြေညီထပ်မှ ဆိုင်ခန်းများအားလုံး၊ (၃၅) လမ်း အထက်ဘလောက် ရုပ်ရှင်ရုံနဘေးမှ လက်ကားဆိုင်များအားလုံး၊ ဗိုလ်ချုပ်လမ်း ရုပ်ရှင်ရုံအောက်မှ ဆိုင်များအားလုံး ပြန်လည်ဖွင့်လှစ်နေပြီဟု အဆိုပါဆိုင်ပိုင်ရှင်က ပြောသည်။
စီမံချက်ကာလအတွင်း သက်ဆိုင်ရာမြို့နယ်ရဲစခန်း အပိုင်အလိုက် ဒီဗွီဒီရောင်းသည့် လမ်းဘေးဆိုင်အချို့ကို ဖမ်းဆီးခဲ့ပြီး
အဆိုပါ အောက်ခြေလမ်းဘေးဈေးသည် တရားခံများကို တရားရုံးများမှ ထောင်ဒဏ် (၁) နှစ်မှ (၃) နှစ်ထိ ချမှတ်ပြီး ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
အလားတူ စီမံချက်ကာလအတွင်း ခေတ္တရပ်နားထားရသည့် အနှိပ်ခန်းများလည်း ပုံမှန်ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့ ရွှေ္ဂဂုံတိုင်မီးပွိုင့်အနီး excel တာဝါရှိ အနှိပ်ခန်းသို့ သွားခဲ့သူတဦးက ပြောသည်။
ရန်ကုန် ပန်းပဲတန်းမြို့နယ် ကမ်းနားလမ်းတွင် စားသောက်ဆိုင်နှင့်တွဲ၍ ဖွင့်ထားသည့် ကာရာအိုကေဆိုင်တွင်လည်း သီချင်းအကူဆိုသည့် မိန်းကလေးငယ်လေးများဖြင့် ပုံမှန်ဆိုင်ပြန်ဖွင့်နေပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်ဆိပ်ကမ်းသာလမ်းနှင့် ဗိုလ်ချုပ်လမ်းဒေါင့် အေးရှားပလာဇာ မြေအောက်ထပ်တွင် ဖွင့်ထားသည့် နိုက်ကလပ်တခုမှ ၀န်ထမ်းတဦးက “အခုကျနော်တို့ ကလပ်မှာ ဖောက်သည်လာရှာတဲ့ မိန်းကလေးတွေနဲ့ ပြန်စည်ကားနေပါပြီ၊ အလုပ်ပြန်ဖြစ်နေကြပြီ” ဟု ပြောသည်။
အဆိုပါ အေးရှားပလာဇာ မြေအောက်ထပ်၊ သိမ်ကြီးဈေးအပေါ်ထပ်၊ မင်္ဂလာဈေးဝင်းတွင်းမှ ဂျေဂျေကလပ်တို့သည် နိုက်ကလပ်အမည်တပ်ထားသည့် ပြည့်တန်ဆာဈေးကွက်ဖြစ်ကြောင်း သိရသည်။
ထိုသို့ပြည့်တန်ဆာလုပ်ငန်းများ ရှိနေသော်လည်း ရဲများကိုယ်တိုင် ယခုကဲ့သို့ လုပ်ငန်းရှင်များ၊ မှောင်ခိုဈေးသည်များထံမှ ရရှိသည့်ဆက်ကြေးဝင်ငွေကို မှီခိုနေရသည့်အတွက် အဆိုပါလုပ်ငန်းများ ပပျောက်သွားရန်မလွယ်ကူကြောင်း ရန်ကုန်မြို့ခံ စီးပွားရေးသမားတဦးက ပြောသည်။
No comments:
Post a Comment