စစ်တွေမြို့ ဓည၀တီ ရပ်ကွက်မှ စစ်အစိုးရ၏ ဖမ်းဆီး ထိန်းသိမ်းခံထားရသူ ကိုနိုင်စိုး ခေါ် ကိုမဲလုံး၏ မိခင်မှာ ကျန်းမာရေး အထူး ယိုယွင်း လာသဖြင့် အောက်တိုဘာလ ၉ ရက်နေ့က ဆေးရုံသို့ တင်ပို့လိုက်ရသည်ဟု သတင်းရရှိသည်။
“ကိုနိုင်စိုး မိခင် ဒေါ်ခင်မာဦးရဲ့ ကျန်းမာရေး မကောင်းတဲ့ အတွက် စစ်တွေဆေးရုံကို တင်ပို့လိုက်ရပါတယ်။ အဓိကတော့ သူ့သား အဖမ်းခံရပြီးတဲ့ နောက်ပိုင်းမှာ စိတ်ထိခိုက်သွားပြီး ကျန်းမာရေး မကောင်း ဖြစ်သွားပါတယ်။ နိုင်စိုး စစ်ကြောရေးစခန်းမှာ ဆုံးသွားပီဆိုတဲ့ သတင်းတွေလည်း ကောလဟလ ပျံ့နှံ့နေတဲ့အတွက် ပိုစိတ်ထိခိုက် သွားပုံရပါတယ်” ဟု ဆွေမျိုး တဦးက ပြောသည်။
ကိုနိုင်စိုးကို စက်တင်္ဘာလ ၁၂ ရက်နေ့က ရဲအထူးစုံစမ်း စစ်ဆေးရေး SP 2 က သူနေထိုင်ရာ စစ်တွေမြို့ ဓည၀တီ ရပ်ကွက် စကြာမုဏိလမ်း နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့ အချိန်ထိ မိသားစုနှင့် အဆက်အသွယ် မရရှိသေးဟု သိရသည်။
ကိုနိုင်စိုးအား ဖမ်းဆီးရမိစဉ်က သူ့ထံမှ ၃ ဒသမ ၅ လက်မ အရှည် စီဖိုး ယမ်းတောင့် (၆) တောင့်၊ လျှပ်စစ် ဒီတိုနီတာ ၁၁ ချောင်းတို့ကို ဖမ်းဆီးရမိသည်ဟု မြန်မာ နအဖ စစ်အာဏာပိုင်များက စွပ်စွဲ ပြောကြားသည်။
စစ်တွေမြို့မှ လာသော သတင်းများအရ ကိုနိုင်စိုးအား နအဖ စစ်အာဏာပိုင်များက စစ်ကြောရေး စခန်းတွင် ပြင်းပြင်းထန်ထန် ညှဉ်းပမ်းနှိပ်စက်ပြီး မေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
ထိုသို့ စစ်ဆေးမူကြောင့် ကိုနိုင်စိုးမှာ သေဆုံးသွားပြီ ဖြစ်ကြောင်း စစ်တွေတွင် သတင်း ပျံ့နှံ့ ထွက်ပေါ် လာခဲ့သည်။
“ ခုလို သတင်းထွက်မယ်ဆိုရင်လည်း ထွက်လာနိုင်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူ့ကို အခုအချိန်ထိ မိသားစုတွေက တွေ့ခွင့်မရသေးပါဘူး။ သူ့ကို ဘယ်မှာ ထားမှန်းလည်း မသိဘူး။ လက်လွန်ပြီး သေဆုံးသွား တာလည်း ဖြစ်နိုင်တယ်။ ခုလို ပြည်ပ အဖွဲ့အစည်းနဲ့ အဆက်အသွယ်ရှိတဲ့ လူတွေကို ရုံးမတင်ဘဲ သတ်ပစ်တာတွေလည်း ရခိုင်ဘက်မှာ ရှိနေတော့ နိုင်စိုးသေပြီလို့ သတင်းထွက်လာတာက မဆန်းပါဘူး” ဟု သူက ပြောသည်။
၁၉၉၇ ခုနှစ် ရခိုင်ပြည်နယ် နာမည်ကြီး ဂိုးသမားဟောင်း ဦးစံကျော်နှင့် ဦးဇင်း ၀ဏ္ဍသာမိတို့ကို ပြည်ပ အဖွဲ့အစည်းနှင့် ဆက်သွယ်သည်ဟု ဆိုကာ စစ်ထောက်လှမ်းရေးက တရားရုံးမတင်ဘဲ လူမြင်ကွင်းတွင် သတ်ပစ်ခဲ့သည်။
ယခုကဲ့သို့ သတ်ပစ်မူများ ရှိသဖြင့် ကိုနိုင်စိုး၏ ဖခင် ဖြစ်သူ ဦးမောင်သိန်းနှင့် ဒေါ်ခင်မာဦးတို့မှာ သားအတွက် ကြောင့်ကြ စိုးရိမ်ရာမှ နောက်ပိုင်းတွင် ဒေါ်ခင်မာဦးကို ဆေးရုံတင်လိုက်ရခြင်း ဖြစ်သည်။
No comments:
Post a Comment