ခိုင်လင်း / ၁၃ အောက်တိုဘာ ၂၀၀၉
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်၏ အမှုကိစ္စ ပေါ်ပေါက်ပြီး နောက်ပိုင်း ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ အနှိပ်ခန်း များကို ဒေသခံ အာဏာပိုင် များက ပိတ်ထား ခိုင်းခဲ့ သော်လည်း ၎င်းတို့အတွက် အလကား အကျိုးဆောင် ပေးနေ ရသည်။
ဗန်းမော်မြို့တွင်ရှိသည့် အနှိပ်ခန်း (၈) ခန်းကို မကြာသေးမီရက်ပိုင်းကစ၍ ပိတ်ထားခဲ့ရသော်လည်း ဒေသခံ ခယက၊ မယက၊ စစ်တပ်နှင့်ရဲ အာဏာပိုင်များက လာရောက်ကာ အလကား အနှိပ်ခံနေကြခြင်းဖြစ်သည်ဟု ဗန်းမော်ဒေသခံက ပြောသည်။
၎င်းက “ရန်ကုန်ရဲမှူးကိစ္စ ဂယက်က ဒီဘက်ထိ ရောက်လာတယ်။ ဒီကအနှိပ်ခန်းတွေ အားလုံးပိတ်ထားရတော့ တချို့ မိန်းကလေးတွေကလည်း မြစ်ကြီးနားကို ရွှေ့သွားကြတယ်။ တချို့ပိုင်ရှင်တွေကျတော့လည်း အခြေအနေစောင့်ခိုင်းတဲ့အနေနဲ့ ဘယ်မှ မသွားခိုင်းကြဘူး။ အဲလိုအချိန်မှာ လူကြီးတွေ၊ စစ်တပ်က အရာရှိတွေ၊ ရဲတွေက လာလာပြီး အနှိပ်ခံနေကြတာ။ အလကား နှိပ်ပေးနေရတာ။ ဟိုတုန်းကတည်းက အလကားနှိပ်ပေးနေရတာ။ အခု ပိတ်ထားတော့လည်း နှိပ်ပေးနေရတာ။ ဒီကောင်တွေက အနှိပ်ခန်းကို ချောဆွဲနေတာ။ အနှိပ်ခန်းပိုင်ရှင်တွေလည်း အတော်လေး စိတ်ပျက်နေကြတယ်” ဟု ပြောသည်။
အနှိပ်ခန်းများသည် သာမန်အနှိပ်ခန်းမျိုးလည်းရှိသကဲ့သို့ ပြည့်တန်ဆာလုပ်ငန်းများနှင့်ပါ တွဲဖက်လုပ်ကိုင်နေကြသည့် အနှိပ်ခန်းမျိုးလည်းရှိပြီး အရွယ်ရောက် ယောက်ျားလေးများထက် လူကြီးများက အဓိက အနှိပ်ခံကြကြောင်း၊ တနာရီ အချိန်အတွက် ကျပ် (၃,၀၀၀) နှုန်း သတ်မှတ်ထားကြောင်း၊ ရရှိသည့်ငွေကို ပိုင်ရှင်နှင့် အနှိပ်သမအကြား ခွဲဝေယူကြကြောင်း အဆိုပါ ဗန်းမော်ဒေသခံက ပြောသည်။
No comments:
Post a Comment