Tuesday, October 13, 2009

တပ်မတော်အတွင်း ကြားဖြတ်အစိုးရဖွဲ့ရေး မသိရသေး

ဗထူး Tuesday, 13 October 2009

ကြားဖြတ်အစိုးရဖွဲ့ရေး ကိစ္စကို မီဒီယာများတွင် ပြောဆိုနေသည့် သတင်းများ ထွက်ပေါ်နေလျက်ရှိသော်လည်း တပ်မတော်အတွင်း တစုံတရာ မကြားရသေးကြောင်း အရာရှိတဦးက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲပြုလုပ်ရန် အခက်အခဲများစွာ ရှိနေပြီး တပ်မတော်အတွင်း အုပ်ချုပ်ရေးကိစ္စများ ရှုပ်ထွေးနေလျက်ရှိနေသည့် အခြေနေများအပေါ် ၎င်းက သုံးသပ်ပြောဆိုခြင်းဖြစ်သည်။

“ကြားဖြတ်အစိုးရ ဖွဲ့ဖို့ဆိုတာ ကျနော်တို့ဆီမှာ ဘာမှ မကြားရသေးဘူး။ ဘာတွေ ကွာဟနေလဲလို့ တိတိကျကျ မပြောချင်ပေမယ် အုပ်ချုပ်ရေးအပိုင်းမှာ တော်တော်ကို ရှုပ်ထွေးနေတာ” ဟု အဆိုပါအရာရှိက ပြောသည်။

တပ်မတော်အတွင်း တပ်မှူးအဆင့်ထိ အရာရှိအချို့ကို အရပ်ဘက်ပြောင်းရွှေ့ရေးအတွက် ဖိအားပေး လုပ်ဆောင်နေခြင်းများ ရှိသည့်အပြင် ကောလဟာလ သတင်းများလည်း တပြိုင်နက်တည်း ထွက်ပေါ်နေကြောင်း ၎င်းက ဆက်ပြောသည်။

“ဥပမာ ပြောရရင် အကောက်ခွန်လို ဌာနမျိုးကို ပြောင်းချင်တဲ့ အရာရှိ၊ အချို့အဆင့်တွေက သက်ဆိုင်ရာ ဝန်ကြီးတွေကို ပူဇော်ပသနေကြတယ်ပေါ့ဗျာ။ ကျနော်ထင်တာကတော့ တပ်မတော်ထဲမှာ အကြပ်အတည်း ကြီးနေတယ်။ ဘာဖြစ်တယ်ဆိုတာ လောလောဆယ် ခန့်မှန်းရခက်နေတုန်းပဲ” ဟု ဆက်လက်ပြောသည်။

ထို့အပြင် အုပ်ချုပ်ရေးနယ်မြေအတွင်း တပ်အသွင်ပြောင်းများ ဆက်လက်ထားရှိရေးအတွက် အစွမ်းကုန် ကြိုးပမ်းမှုများ ပြုလုပ်နေသည်ဟု ပြောသည်။

တပ်မတော် အင်ဂျင်နီယာတပ်မှ အရာရှိတဦးက “မြန်မြန် ပြောင်းလဲချင်တယ်။ အင်ဂျင်နီယာ တယောက်လိုပဲပြောပြော၊ အရာရှိတယောက်လိုပဲပြောပြော အပြောင်းအလဲဟာ အရေးကြီးတယ်လို့ ကျနော်ထင်တယ်” ဟု ဆက်လက်ပြောဆိုသည်။

No comments: