Friday, October 9, 2009

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃ဝ

မင်းဟန်

(၁ဝ၅)
၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက် ….။
အမှတ် ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်း ….။

တက္ကသိုလ် ရိပ်သာလမ်း ကို စစ်အုပ်စုအာဏာပိုင်များမှ ပိတ်ဆို့ထား လိုက်သည့်အတွက်…. လမ်းမကြီး သည် ရှင်း၍ နေသည်။ လမ်းမထက်၌ …. လူသူ ယာဉ်ရထား တို့က ကင်း၍နေ၏။

စစ်သားများနှင့် အရပ်ဝတ် ထောက်လှမ်းရေး အရာရှိများ အမှတ် ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်အတွင်းသို့ ဝင်လာကြသည်။ နေအိမ်အတွင်း ရှိနေကြသည့် အဖွဲ့ချုပ်ဝင်များ၊ လူငယ်ကျောင်းသားများ၊ အားလုံးကို … မြင်မြင်သမျှ ဖမ်းဆီးထိန်းသိမ်းကြ၏။

ပြီးလျှင် ….. ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အနှံ့ …. ပိုက်စိတ်တိုက်၍ ရှာဖွေလေသည်။ လိုချင်သည့် စာရွက်စာတမ်းများအား သိမ်းယူ၏။ စိတ်တိုင်းကျ ထင်တိုင်းကြဲ ပြီးသည့်နောက် … ထိန်းသိမ်းထားသူများ အားလုံးအား အင်းစိန် အကျဉ်းထောင်သို့ ခေါ်ဆောင်သွား၏။ နေအိမ်တွင်မူ ….. ဒေါ်အောင်ဆန်းစုကြည် တဦးတည်းသာ …. ထီးထီးကျန်ခဲ့လေ၏။

မကြာ …. အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်ထံသို့ အကြောင်းကြားစာ တစောင်လာ၍ ပေးသည်။

“နိုင်ငံတော်အား ဘေးအန္တရာယ် ကျရောက်ခြင်းမှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ …. ပုဒ်မ ၁၀ (ခ) နှင့် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်တွင် အကျယ်ချုပ်နှင့် ထိန်းသိမ်းလိုက်ပြီဖြစ်သည့်အကြောင်း ……” အကြောင်းကြားသည့်စာ ဖြစ်၏။

တပြိုင်တည်းတွင်ပင် …. အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်ဦးကိုလည်း အလားတူစွာပင် အကြောင်းကြားစာ ပေးပို့၍ လုံခြုံရေးများချကာ ဦးတင်ဦးအား နေအိမ်အကျယ်ချုပ်နှင့် ထိန်းသိမ်းလိုက်တော့၏။

စစ်အုပ်စု၏ လက်ရဲ ဇက်ရဲနိုင်လွန်းလှသည့် ဖမ်းဆီးထိန်းသိမ်းမှုများက ထိုကာလများအတွင်း အတောမသတ်….။ မည်းမည်းမြင်၍၊ သည်းသည်းလှုပ်တိုင်း ဖမ်းတော့၏။

၁၉၈၉ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် ကျောင်းသားခေါင်းဆောင် (ကို)မင်းကိုနိုင်တို့အား ဖမ်း၏။

စစ်အုပ်စု၏ ဖမ်းဆီးမှုများက … ဇူလိုင်လဆန်းသည်နှင့် ပိုမို၍ ရမ်းလာ၏။ ကြမ်းလာ၏။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းတင်၊ ဦးဘသော် (စာရေးဆရာ မောင်သောက) ၊ ဦးထွန်းတင် (NLD ဗဟိုဦးစီးအဖွဲ့ဝင်၊ ရန်ကုန်တိုင်း၊ စည်းရုံးရေးတာဝန်ခံ) တို့အား ဖမ်း၏။

ပြည်သူ့တိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ တွဲဖက်အတွင်းရေးမှူး ဦးညိုဝင်း၊ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးလှရွှေတို့ကို ဖမ်းပြန်၏။

ပြီးလျှင် …. ဗမာပြည်ကွန်မြူနစ်ပါတီ၏ မြေအောက်တော်လှန်ရေးတွင် ပါဝင်လှုပ်ရှားကြသည့် ပုဂ္ဂိုလ်များဟု ဆိုပြီး ကိုသက်ခိုင်၊ ဦးတင်အောင်၊ ဒေါ်ကြည်ကြည် (သခင်ဇင်၏ ဇနီး) ဒေါ်စန်းကျော်ဇော (ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ သမီး) ၊ ကိုတင်အေးကြူ၊ ဒေါက်တာဇော်မင်း၊ ဒေါက်တာမောင်ဇင်တို့အား ဖမ်း၏။ နီနီမြင်တိုင်းဖမ်း၊ ရဲရဲလှုပ်တိုင်းဖမ်းနှင့် …. သဲသဲမည်းမည်း …. ဇွဲနပဲနှင့် ဖမ်းနေတော့၏။

ဇူလိုင်၊ သြဂုတ်၊ ၂ လအတွင်း၌ နိုင်ငံရေး တက်ကြွလှုပ်ရှားသူပေါင်း ….. ၆၆ ယောက်အား ဖမ်းဆီးလိုက်၏။ နောက်တိုး ထပ်မံ၍ ဖမ်းဆီးသည့် စာရင်း၌ အဖွဲ့ချုပ်မှ အလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ဒေါ်မြင့်မြင့်ခင်နှင့် ဦးအောင်လွင် (ရုပ်ရှင်သရုပ်ဆောင်) တို့လည်း ထပ်၍ပါသွားခဲ့ပြန်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုခေါင်းဆောင်မှု အပိုင်းအား ကြည့်လျှင် ….. ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ အတွင်းရေးမှူးတဦးနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၂ ဦးတို့က စစ်အုပ်စု၏ ဖမ်းဆီးထိန်းသိမ်းထားခြင်းအား ခံနေရပြီး …… အပြင်၌ ကျန်ရှိနေသည်က … ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ဦးကြည်မောင်၊ ဦးချစ်ခိုင်၊ ဦးအောင်ရွှေ၊ ဦးလွင်တို့ ၄ ဦး …..။

စိန်ခေါ်မှုများက ကြီးမား၏။ လုပ်ငန်းစဉ်များက အထွေထွေအပြားပြား ….။ နိုင်ငံရေးမုန်တိုင်းက ကြမ်းကြမ်းရမ်းရမ်း ….။ အဖွဲ့ချုပ်က နုနုနယ်နယ် ….။ ပဲ့ကိုင်လှေသူကြီးက လေဦးတည် ….။ မဖြစ်….။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အား တိုးချဲ့ရ၏။ အဖွဲ့ချုပ်၏ ဦးဆောင်မှုအခန်းကဏ္ဍအား အသစ်ဖြည့်၍ မွမ်းမံရ၏။

ဦးကြည်မောင်အား (ယာယီ) ဥက္ကဋ္ဌအဖြစ်နှင့် ဝန်းရံပြီး ဗဟိုအလုပ်အမှုဆောင်အား ဦးစိုးသိမ်း (စာရေးဆရာ မောင်ဝံသ)၊ ဦးခင်မောင်ဆွေ၊ ဦးရွှေ (ဗိုလ်မှူးကြီးဟောင်း) ၊ ဦးကျော်မင်း (ဗိသုကာ ကျော်မင်း) ၊ ဦးချမ်းအေး (စာရေးဆရာ မောင်စူးစမ်း) တို့နှင့် အားဖြည့်၏။


(၁၀၆)
စစ်အုပ်စု၏ မတရားဖမ်းဆီးထိန်းသိမ်းမှုကြောင့် “အာဏာဖီဆန်ရေးတိုက်ပွဲ” က “တန့်” ၍ သွား၏။ လှုပ်ရှားတက်ကြွသည့် ခေါင်းဆောင်များအားလုံးလိုလိုက စစ်အုပ်စု၏ အကျဉ်းထောင်အတွင်း၌ အဓမ္မထိန်းသိမ်းထားခြင်း ခံနေကြရသည်။

၁၉၈၉ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက်အမှတ် ၃၁၄၊ ၃၁၅၊ ၃၁၆ တို့အား ဆက်တိုက်ထုတ်ပြန်ပြီး …..

- အမျိုးသားနိုင်ငံရေး တပ်ပေါင်းစု (မနတ)
- ပြည်သူ့တိုးတက်ရေးပါတီ
- အမြဲစိမ်းလူငယ်များအဖွဲ့တို့အား တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ အဖွဲ့အစည်းများ အဖြစ်မှ ဖျက်ပယ်ပစ်ပြန်၏။

စစ်အုပ်စုက အာဏာစက်ကို အဓမ္မသုံးပြီး နိုင်ငံရေးလှုပ်ရှားတက်ကြွသူများအား ဖမ်း၏။ နိုင်ငံရေးပါတီ အဖွဲ့အစည်းများအား ဖျက်သိမ်း၏။

“မတရားသော အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ရေး ….” လူထုလှုပ်ရှားမှု တိုက်ပွဲက ခေါင်းဖြတ်ခံ လိုက်ရသကဲ့သို့ …..။ လှုပ်မရ … ရှားမရ …. ဖြစ်၍နေသည်။

ဤသို့သော အခြေအနေများအောက်၌ အားဖြည့်ဝန်းရံ ဖွဲ့စည်းထားခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလှုပ်မှုဆောင် အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်တို့ လွှင့်ထူခဲ့သည့် အာဏာဖီဆန်ရေး အလံအား ဆက်၍ဆုပ်ကိုင်ပြီး ….. ဒီမိုကရေစီခရီးသို့ ဆက်၍ ချီတက်မည်လား …..။

သို့တည်းမဟုတ် ….။
တဖက်တွင်က စစ်အုပ်စုသည် သူ၏ ရွေးကောက်ပွဲ ကကွက်အား ကရန် ….. ကကြိုးအား ဆင်၍နေသည်။ “ခွက်ခွင်း” သံအားပေး၍ နေ၏။ စစ်အုပ်စု၏ ရွေးကောက်ပွဲတေးက မချိုမြ …။ ရှ၍ …. ခါးသက်သက် ….။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်မှုသစ်သည် မော်ကွန်းသစ်အား စိုက်ထူရန်အတွက် မဝံ့မရဲနှင့် ရွံ့နေဟန်ရှိ၏။ တွေတွေဝေဝေ၊ ငေးငေးမောမောနှင့် “အာဏာဖီဆန်ရေး” လူထုတိုက်ပွဲ အလံတော်အား ဖြေလျှော့လိုက်၏။ ပြီးလျှင် ….. စစ်အုပ်စု၏ ရွေးကောက်ပွဲ “ခွက်ခွင်း” သံအား နားစွင့်၍ နေပြန်သည်။


(၁ဝ၇)
အတွေးမရှင်း၍ …. အမြင်သည် မှုန်းမှုန်းဝါးဝါး ….။ မကြည်လင်သည့်အမြင်မှ တိကျသည့် အလုပ်သည် ထွက်ပေါ်၍ မလာတတ် …..။ မနောကံ ….။ ဝစီကံ ….။ ကာယကံ …။ ကံသုံးပါးစလုံး၌ ပြတ်ပြတ်ရှင်းရှင်း မရှိ ….။ စစ်အုပ်စုမှ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအား …. ဝင်ရောက်ယှဉ်ပြိုင်မည်လား …..။ သို့တည်းမဟုတ် ….။

မဝင်ဘဲ ဆန့်ကျင်မည်လား….။
ဤမေးခွန်း ၂ ရပ်က ….. နိုင်ငံရေးပါတီ အဖွဲ့အစည်းအတိုင်း ….. နိုင်ငံရေးလှုပ်ရှားသူတိုင်းအတွက် …. မဖြစ်မနေ ဖြေဆိုရမည့် မေးခွန်းဖြစ်၍ နေ၏။ ရှောင်လွဲ၍မရ ….။ ပြေးတွေ့ရန်သာ ရှိ၏။

စစ်အုပ်စုမှ ပြုလုပ်ပေးမည့် ရွေးကောက်ပွဲဟူသည်ကလည်း စစ်အုပ်စုမှ ရေးဆွဲထားသည့် ရွေးကောက်ပွဲဥပဒေနှင့် နည်းဥပဒေများအတွင်းမှ ဝင်ရောက်ရမည့် ရွေးကောက်ပွဲဖြစ်သည်။ ရွေးကောက်ပွဲပြီးပါက ….. ပြည်သူ့လွှတ်တော် ခေါ်ယူကျင်းပပေးမည့် အစီအစဉ်နှင့် နေ့ရက်ဟူ၍က မပါရှိ ….။ အနိုင်ရသည့် နိုင်ငံရေးအင်အားစုသို့ … မည်သို့၊ အာဏာလွှဲပြောင်းပေးမည်ဟူသည့် အစီအမံများကလည်း ပြဋ္ဌာန်း၍ မထား ….။

ရွေးကောက်ပွဲကိုသာ ကျင်းပပေးမည့်ဟူသည့် သဘောဖြစ်၍ နေသည်။ ပြီးလျှင် …. လွတ်လပ်မှု၊ တရားမျှတမှု ဝန်းကျင် အခြေအနေက ရွေးကောက်ပွဲကာလအတွင်း မည်သို့မျှ ဖြစ်ပေါ်လာမည့် အခြေအနေက မတွေ့ရ…။ ၂/၈၈ …. ၈/၈၈ က တည်မြဲဆဲ …။ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ ဥပဒေက အသက်ဝင်ဆဲ ….။ ပြီလျှင် … အာဏာစက်နှင့် ကြမ်းကြမ်းတမ်းတမ်း လက်ရဲဇက်ရဲ လုပ်မည့်ဟန်က အထင်းသား ….။

သားသတ်သမား၏ လက်က သွေးစွန်းမည်ကို ထီမထင်တော့ ….။

ရွေးကောက်ပွဲနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းတွင်ကား …. အတွေးအမျိုးမျိုး၊ အမြင်အမျိုးမျိုးနှင့် အရောင်အသွေးစုံ၍ နေသည်။

အချို့က ….. လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရမည်။ အာဏာလွှဲပြောင်းရေး အစီအမံတို့ ပါရှိရမည်။ ဤသို့သော အခြေအနေများရှိရန် ဖန်တီးရမည်။ ဤသို့သော အခြေအနေများအောက်တွင် ရှိမှသာ ရွေးကောက်ပွဲအား ဝင်မည် ….။

အချို့ကား …. ရွေးကောက်ပွဲအား စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲ၏ လုပ်ငန်းစဉ်တရပ်အနေနှင့် ကျော်ဖြတ်ရန် အတွက် ဝင်မည်။ ရရှိလာမည့် ရွေးကောက်ပွဲရလဒ်အား အခြေခံ၍ တိုက်ပွဲအလံတခုအဖြစ် ဆက်လက်လွှင့်ထူပြီး ဒီမိုကရေစီတိုက်ပွဲအား ဆက်၍တိုက်ပွဲဝင်မည်။

အချို့ကား ….. ဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့အား ပါဝင်ခွင့်ပြုပါက ရွေးကောက်ပွဲအား ဝင်မည်။

အချို့ကား …. အခြားရွေးလမ်းမရှိ ….။ ရရှိသည့် အခြေအနေအောက်မှပင် ရွေးကောက်ပွဲအား ဝင်ရမည် … ဟူ၍ ကွဲပြား၍နေသည်။

အထူအပါး အမျိုးမျိုးနှင့် ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေးပြဿနာအား အဖြေရှာ၍ နေကြ၏။

၁၉၈၉ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးက စစ်အုပ်စုမှ ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအား ဝင်ရောက်ယှဉ်ပြိုင်မည့်အကြောင်း ဆုံးဖြတ်ချက်ချ၏။ ပြီးလျှင် ….. သဘောထားကြေညာချက် တစောင်ကိုလည်း ထုတ်ပြန်၏။ ကြေညာချက်တွင်က …..

“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ….. ဒီမိုကရေစီစနစ်ကို ယုံကြည်သည့် အားလျော်စွာ မြေပေါ်မြေအောက် လှုပ်ရှားမှု လမ်းစဉ်များနှင့် လက်နက်စွဲကိုင် လမ်းစဉ်များသည် မိမိတို့နိုင်ငံတွင် ဒီမိုကရေစီစနစ် တည်ဆောက်သည့် နည်းလမ်းများ မဟုတ်ဟု အခိုင်အမာ ယုံကြည်သည်။

ဒီမိုကရေစီစနစ် ထူထောင်ရန် နည်းလမ်းမှာ ဒီမိုကရေစီကို ယုံကြည်ကြသော ဒီမိုကရေစီစနစ်ကို ကျင့်သုံးမည်ဟု ခံယူကြသော အခြားနိုင်ငံရေးပါတီများ အဖွဲ့အစည်းများနှင့် အထွေထွေ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်အရွေးခံပြီး ဒီမိုကရေစီ အနှစ်သာရဖြစ်သော လူထုဆန္ဒကို ခံယူမည်ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူလူထု၏ ဆန္ဒကို ခြွင်းချက်မရှိ ယုံယုံကြည်ကြည် လက်ခံရယူမည်ဖြစ်သည်။ ပြည်သူများ၌ တည်သည်ဟူသော ဒီမိုကရေစီ အခြေခံမူအရ ပြည်သူလူထု၏ ဆန္ဒသည်သာလျှင် အဆုံးအဖြတ် ဖြစ်ရပါမည်။

ဤသို့ အထက်ပါ သဘောခံယူချက်များကို လက်ခံထားသည့်အတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉ဝ ပြည့်နှစ် မေလတွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဒီမိုကရေစီစနစ်ကို တည်ဆောက်ရေးအတွက် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော မြန်မာနိုင်ငံအတွင်း နေထိုင်လျက်ရှိကြသည့် တိုင်းသူပြည်သားလူထု၏ ဆန္ဒကို အထူးလေးစားစွာ ခံယူမည်ဖြစ်ပါကြောင်း ကြေညာအပ်ပါသည်”


(၁ဝ၈)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်မှုသစ်သည် “မတရားသည့် အမိန့်အာဏာဟူသမျှ တာဝန်အရ … ဖီဆန်ကြ” ဟူသည့် ဒေါ်အောင်ဆန်းစုကြည်တို့ စွဲကိုင်ခဲ့သည့် အလံတော်အား ပစ်ချ၍ မည်သည့် အခြေအနေ အောက်တွင်ပင် ဖြစ်ပါစေ ရွေးကောက်ပွဲဝင်ရေး ဟူသည့် အလံတော်အား မြင့်မြင့်မားမား လွှင့်ထူရင်း စစ်အုပ်စု၏ ရွေးကောက်ပွဲမုခ်ဦးဆီသို့ အသော့နှင်လျက်ရှိ၏။

၁၉၈၉ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ကြေညာချက်အမှတ် ၃၁ အား ထုတ်ပြန်၏။ “ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် သဘောထားနှင့် အခြေခံမူ” များအား လူထုအတွင်းသို့ ချပြ၏။ ကြေညာချက်အမှတ် ၃၁ တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲဆိုင်ရာ မဟာဗျူဟာအား အတိအလင်း ဖော်ပြ၏။

“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် မိမိ၏ အကျိုးတခုတည်းကိုသာ မကြည့်ဘဲ ကျယ်ပြန့်သော ပြည်သူတရပ်လုံး၏ အကျိုးကို ရှေးရှုလျက်၊ ရိုးသားသည့် ဦးဆောင်မှုဖြင့် ဒီမိုကရေစီလိုလားသူ အင်အားစုအားလုံးကို အခြေခံရန်။

ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် နိုင်ငံရေးညီညွှတ်မှုသည် သော့ချက်ဖြစ်သည်။ ထိုကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သော အဖွဲ့များအားလုံးနှင့် (အထူးသဖြင့်) တိုင်းရင်းသား လူမျိုးစုအဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းပြီး၊ စည်းလုံးညီညွှတ်မှုကို တည်ဆောက်၍ အကောင်းဆုံးဖြစ်အောင် ပူးပေါင်းလှုပ်ရှား ဖော်ဆောင်ရန်…။” ဟူ၍ မဟာဗျုဟာအား လူထုသို့ အသိပေး၏။

အဖွဲ့ချုပ်၏ ရွေးလမ်းက …. ရွေးကောက်ပွဲဝင်ရေး …..။ သို့သော် …. အဖွဲ့ချုပ်အတွင်း အဖွဲ့ဝင်ထုတရပ်လုံးက နှစ်ခြိုက်ကျေနပ်စွာ လက်ခံနေသည့် ရွေးလမ်းဟူ၍က မဟုတ် ….။ မတူကွဲပြားသော အမြင်များနှင့် ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေးပြဿနာက ရှိမြဲ ….။ ဆွေးနွေးကြဆဲ ….။ ငြင်းခုန်ကြဆဲ …။ အယူအဆရေးရာ စီးချင်းထိုးမှုများက အဖွဲ့ချုပ်အတွင်း၌ အားကောင်းစွာနှင့်ပင် ရှိနေ၏။

အဖွဲ့ချုပ်၏ ခေါင်းဆောင်မှုအပိုင်းကမူ …. မျက်မှောက်ဖြစ်ရှိနေသော အခြေအနေများအရ …. အဖွဲ့ချုပ်အနေနှင့် ရွေးကောက်ပွဲဝင်ရေးမှတပါး …. အခြားမရှိ …. ဟူ၍ သန္နိဋ္ဌာန် ချထားဟန်ရှိ၏။ ရွေးကောက်ပွဲ ခရီးသို့သာ တလှမ်းပြီးတလှမ်း တက်လှမ်း၍ တိုးနေ၏။

၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ….

“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကြေညာစာတမ်း” အား ထုတ်ပြန်၏။ ကြေညာစာတမ်း၏ ရှေ့မျက်နှာဖုံး၌ပင် ….. စာလုံးမဲကြီးနှင့် …..

“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူလူထုတရပ်လုံး၏ တခဲနက်သော သဘောထားကို အစဉ်ရှေးရှုလျက် ရွေးကောက်ပွဲအောင်နိုင်ရေး လုပ်ငန်းစဉ်များကို ဦးလည်မသုန် ဆောင်ရွက်သွားမည်ဟု သန္နိဋ္ဌာန်ပြုပါသည် … ”

“ပြည်သူလူထု၏ ဆန္ဒကို အချုပ်အခြာအဖြစ် ခံယူပါသည်” … ဟူ၍ ဖော်ပြပြီး …. နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး ….. စသည့် ကဏ္ဍအလိုက် ချမှတ်ထားရှိသည့် အဖွဲ့ချုပ်၏ မူဝါဒ သဘောထားများအား ထုတ်ပြန်ကြေညာ၏။

No comments: