ရန်ကုန်သားတာတေ
မတောက် တခေါက်ရေးသည့် စာမူခနှင့် မလောက်ငသဖြင့် မဒမ်တေ၏ ဆူပူကြိမ်းမောင်းမှုကို မခံနိုင်သော ကျွန်ုပ် ရန်ကုန်သား တာတေသည် တဘက်က ဆိုက်ကားနင်းပြီး အပိုဝင်ငွေရအောင် ရှာရသေးသည်မှာ ကမ္ဘာ အရပ်ရပ်ရောက် မြန်မာများအတွက် သတင်းဆန်းဟု မဆိုသာပေ။ ထိုသူများထဲတွင်လည်း မိန်းမ ကြောက်သော ကြောင့် အလုပ်ထွက်လုပ်ရသူ များစွာ ပါနေသည် မဟုတ်လော။
ကျွန်ုပ်ကို ဆိုက်ကားနင်းသည်ဟူ၍ အထင်တော့ မသေးသင့်ပေ .. ။ မဒမ်တေ၏ ဆူပူမှုများမှ စတေးလည်း ရှောင်ရင်း၊ ရပ်ကွက်ထိပ် ဆိုက်ကားဂိတ်တွင် လူစောင့်သည်ဟု အကြောင်းပြကာ ကြုံရာလူများနှင့် လေပန်းနိုင် သည်၊ လက်ပွေ့သမားဆီမှ ဂျာနယ်များ ငှားဖတ်၍ ကြားရသမျှ အတင်းအဖျင်းများ ဖလှယ်နိုင်သည်၊ ဆိုက်ကား စီး ခရီးသည်များကိုအင်တာဗျူးကာ ပေါက်တတ်ကရ စာမူများကို ပုံမှန် ဖန်တီး နိုင်သေးသည်။
ဆိုက်ကား ဂိတ်တွင် ကွမ်းယာဗန်း ကလေး ချကာ ရောင်းနေသော အိန္ဒိယ တိုင်းသားလေး ဆာမိကတော့ ကျွန်ုပ်နှင့် ကမ္ဘာ့အရေး၊ မြန်မာ့ အရေးများ ပုံမှန်ဆွေးနွေးဘက်ဟု ဆိုရမည်။
ဆြာတေ။ ။ ဆာမိရေ … အမေရိကားမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ပျင်းကို ဖိနပ်နဲ့ ပေါက်ကြလို့ တဲ့ကွ။
ဆာမိ။ ။ ဟာ ဟုတ်လား။ အာယားယား … သူတို့ဆီမှာ ဖိနပ်တွေဈေးပေါတယ် ထင်တယ်နော်။ ချွန်ဒေါ်ဆိုရင်တော့ နောက်မြီးပြတ်တဲ့ထိ စီးမှာပဲ၊ နှမျောစရာကြီးနေမှာနော် အားကို့။
ဆြာတေ။ ။ ဟာကွာ … သူတို့ဆီမှာလည်း စီးပွားရေးကပ်ဆိုက်နေတာပါ၊ အသစ်နဲ့တော့ ပေါက်ပါ့မလား။ ဖိနပ်စုတ်နဲ့ပေါက်တာ ဖြစ်မယ်။ ဒါမှမဟုတ် ပေါက်ပြီး ပြန်ကောက်စီးမှာပေါ့။
ခပ်တည်တည်နှင့် ကျွန်ုပ်သာ နားလည်သယောင် လုပ်၍ ဟောက်လိုက်ရာ ဆာမိငြိမ်သွားသည်။ တကယ်တော့ ကျွန်ုပ်လည်း သိလှသည်တော့မဟုတ်။
ဆာမိ။ ။ ဒါဆို ဘယ်နားကို မှန်သွားသေးလဲ။
ဆြာတေ်။ ။ စတိ ပေါက်တယ်ထင်ပါရဲ့ကွာ … ကားကိုပဲ မှန်တာပါ … သိပ်စိတ်ဝင်စားစရာ မကောင်း လှပါဘူး။
ထို့နောက် ကျွန်ုပ်သည် ဂျာနယ် တစောင်ကို ဟိုဟိုသည်သည် လှန်လှောရင်းက တွေ့လိုက်ရသော သတင်း တပုဒ်ကြောင့် လွန်စွာမှ အံ့သြမင်တက် သွားပြန်ကာ ဆာမိကို စကားစလိုက်သည် ..။
ဆြာတေ။ ။ ဆာမိရေ ၅ ထောင်တန် အသစ် ထုတ်မယ်ဆိုပါလားဟ။
ဆာမိ။ ။ ဟုတ်တယ်အားကို့ … ချွန်ဒေါ်ကတော့ တနေ့ ဒါးမျိုးဖြစ်လာမယ်ဆိုတာ တိပြီးတားပါ။
ဆာမိ၏ စကားကြောင့် ကျွန်ုပ် ထပ်ဆင့် အံ့သြသွားရသည်။ ကျွန်ုပ်ထက်အရင် သူက သိနေပြန်သောကြောင့် နည်းနည်းလည်း တင်းသွားသည်။
ဆြာတေ။ ။ ဘယ်လို … မင်းက သိပြီးသား ဟုတ်လား။ ငါတောင် ခုမှသိတယ်။
ဆာမိ။ ။ မထူးဆန်းဘူးလေ အားကို့ကလည်း။ ဒါမျိုး ဆာမိတို့ လုပ်လာတာ ကြာလှပြီပဲဟာ။
ဆြာတေ။ ။ ပြောစမ်းပါဦးဟ၊ ငါတော့ မျက်စိတောင်လည်လာပြီ။
ဆာမိ။ ။ ဒီးလိုရှိတယ်လေ … အားကို့ကလည်း၊ ချွန်ဒေါ့်မှာ အမ်းဖို့ ပိုက်ရှန်မရှိဘူးနော် ဘယ်လိုလုပ်မလဲ၊ စာရွက်ပေါ်မှာ “ပိုက်ရှန် ၂၀၀” လို့ရေးလိုက်တယ် မဟုတ်လား၊ ဒါပဲပေါ့ …။ အခု တူတို့လည်း သုံးစရာ မရှိတော့ လို့ ရှာရွက်ပေါ်မှာ ပိုက်ရှန် ၅ ထောင်လို့ ရေးလိုက်တာနေမှာပေါ့။ တူတို့က အကောင်တွေ ဆိုတော့ ချွန်ဒေါ့် ထက်တော့ အဆင့်မြင့်တာပေါ့ …၊ ပုံနှိပ်စက်တွေဘာတွေနဲ့ ရိုက်မှာပေါ့။
ဆြာတေ။ ။ ဟေ့ကောင် မဖြစ်နိုင်ဘူးကွ။ မင်း ထင်ရာတွေ လျှောက်ပြောမနေနဲ့။ သူဌေးတွေ ဈေးရောင်းရင် ပိုက်ဆံရေရတာ လက်ညောင်းမှာစိုးလို့ စေတနာနဲ့ လုပ်ပေးတာ ဖြစ်မယ်။
ကျွန်ုပ်မှာ သူများ ဘာပြောပြော ဖင်ပိတ်ငြင်းမည်ဟု ကိုယ့်ဘာသာ ချမှတ်ထားသောမူအရ ခပ်တည်တည်နှင့် ကန့်ကွက်လိုက်လေသည်။ ထိုစဉ် ကျွန်ုပ်၏ ဆိုက်ကားဂိတ်သို့ ငိုက်စိုက် ငိုက်စိုက်နှင့် လူတဦး လျှောက်လာသည် ကို တွေ့လိုက်ရသည်။ ရုတ်တရက်သော် ကျွန်ုပ်မမှတ်မိ၊ သေချာကြည့်တော့မှ နိုင်ငံ့အကြီးအကဲ ချိုကုပ်ဒူးကြီး ဖြစ်နေလေတော့၏။
ချိုကုပ်။ ။ အိုင်ဆေး ကိုတာတေမှတ်တယ်။
ဆြာတေ။ ။ သေချာတာပေါ့ ခင်ဗျာ။ ရေမရောတဲ့ ဆြာတေပါ။ ချိုကုပ်ဒူးကြီး တယောက်တည်းလား။ ကြည့်ရတာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းတဲ့အနေနဲ့ ကားမစီးဘဲ ဆိုက်ကားစီးတော့မယ်ထင်တယ်။
ချိုကုပ်။ ။ မဟုတ်ရပါဘူးဗျာ။ ခင်ဗျားရဲ့ ထွေရာလေးပါးတွေ ဖတ်ပြီး လေးစားလွန်းလို့ လာစကား ပြောတာပါ။
ကျွန်ုပ် ပေါက်တတ်ကရ စိတ်ကူးတည့်ရာ ဖန်တီး ရေးသားထားသော စာများကို ဒေဝါလီ မဂ္ဂဇင်း အယ်ဒီတာချုပ် ကိုဂေါ်ကြီးတဦးသာ အရေးအရာလုပ်၍ သုံးနေသည်ဟု ထင်ထားသမျှ တက်တက် စင်အောင် လွဲချေပြီ။ ထွေရာ လေးပါးများကို ဖတ်ကာ ကျွန်ုပ်ကို ကြိတ်၍ လေးစားနေသူတဦးလည်း ရှိနေပါသေးလား၊ စာမူခတိုးတောင်းမည် ဟု စိတ်ထဲမှာ တေးထားလိုက်သည်။ ကျွန်ုပ် နည်းနည်းတော့ ဘဝင်လေဟပ် သွားသည်ကို ဝန်ခံပါသည်။ ကျွန်ုပ်တို့ အချီအချ ပြောနေသည်ကို ကွမ်းယာသည် ဆာမိက ပေစောင်းစောင်း နှင့် ကြည့်နေ၏။
ချိုကုပ်။ ။ ကိုတာတေရေးတာတွေက မှန်လွန်းလို့ … တချို့ကိစ္စတွေမှာ ကိုတာတေ့စာတွေထဲက အတိုင်း ကျုပ်တော့ လိုက်လုပ်တာပဲဗျ။ ဥပမာ - အခု ၅ ထောင်တန် ထုတ်မယ့် ကိစ္စပေါ့။
ဆြာတေ။ ။ ငါးထောင်တန်က ကျနော်နဲ့ ပတ်သက်တယ် ဟုတ်လား။
ချိုကုပ်။ ။ သိပ်ဟုတ်တာပေါ့ဗျာ။ ခင်ဗျားပဲ ရေးပြီးတော့ … ကွမ်းယာသည်က အမ်းစရာ အကြွေ မရှိလို့ စာရွက်ပေါ်မှာ “၂၀၀” လို့ရေးပြီး လက်မှတ်ထိုးပေးတယ်ဆို။ အဲဒီမှာ အိုင်ဒီယာ ရသွားတာဗျ။ ကျုပ်လည်း စာရွက်ပေါ်မှာ ငါးထောင်လို့ ရေးပေးလိုက်တဲ့သဘောပဲ။ ဟဲဟဲ နိုင်ငံ့အကြီးအကဲ ဆိုတော့ ဘာလုပ်လုပ် တင့်တယ်တယ် မဟုတ်လား။
ထိုစကားကို အကြား ကွမ်းယာသည်ဆာမိက “တွေ့တယ်မဟုတ်လား” ဟူသော မျက်နှာပေးဖြင့် ကျွန်ုပ်ကို လှမ်းကြည့်ရာ နည်းနည်းတော့ အောင့်သက်သက်ဖြစ်သွားရသည်။
ချိုကုပ်။ ။ ဘာပဲဖြစ်ဖြစ် ကျုပ်မြေး ဖိုးလောက်လန်း မုန့်ဖိုးတောင်းတဲ့ အခါကျတော့လည်း ရေရသက်သာ သွားတာပေါ့ဗျာ။ ငါးရာတန်နဲ့ တထောင်တန်ကို အကြွေလုပ်လိုက်ရင် ခင်ဗျားတို့ အကြွေရှားတာလည်း ဖြေရှင်းပြီးသား ဖြစ်သွားရော။
ဆာမိ။ ။ ကောင်းတယ် ချိုကုပ်ဒူးကြီး။ လုပ်သာလုပ်၊ ချွန်ဒေါ်လည်း မသိမသာနဲ့ ကွမ်းယာဈေးကို တက်လို့ ရတာပေါ့။ ၅၀၀ ဖိုး အနည်းဆုံးဝယ်မှ ရောင်းမယ်လို့ လုပ်ရမယ်။
ဆြာတေ။ ။ ရွှေဥာဏ်တော် စူးရောက်ကြပါပေ့ဗျာ။ ကျနော်လည်း ဆိုက်ကားခကို ဟိုနားဒီနား တထောင် လုပ်လိုက်မယ်။ အမ်းစရာ မလိုအောင်။
ထိုစဉ် ဘယ်ကဘယ်လို ရောက်နေမှန်းမသိသော ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော်ကြီး ဦးရုက္ခစိုးက ဘွားခနဲ ကိုယ်ထင်ပြလေတော့သည်။ အလိုက်ကမ်းဆိုးမသိသော ဆာမိက ဇာတ်ထဲကနတ်နှင့် မှားဖြစ်အောင် မှားနေ သဖြင့် မနည်းရှင်းပြရပြန်သည်။
ရုက္ခစိုး။ ။ ငါးထောင်တန်အကြောင်း ပြောနေတယ် မှတ်တယ်။
ဆြာတေ။ ။ ဦးရုက္ခစိုးတို့များ နတ်လို့မပြောရဘူး အလိုလိုကို သိနေတာပဲ နော်။
ရုက္ခစိုး။ ။ မပေါစမ်းပါနဲ့ကွာ … မင်းတို့ ပြောနေကတည်းက ငါ ကိုယ်ရောင်ဖျောက်ပြီး ရောက်နေလို့ သိတာ။
ဦးရုက္ခစိုးကို အမှိုက်ကောက်ခိုင်းလိုက်၊ ပါတီထောင်ခိုင်းလိုက်၊ ဒုက္ခသည်လုပ်ခိုင်းလိုက် အမျိုးမျိုးရေးနေသော ကျွန်ုပ်အပေါ် အစာမကြေသောကြောင့် တွေ့တွေ့ချင်း ဘုတောလိုက်ခြင်း ဖြစ်မည်။
ချိုကုပ်။ ။ အတော်ပဲဗျာ ဦးရုက္ခစိုးက အင်တာနေရှင်နယ် ရုက္ခစိုး ဆိုတော့ ကျုပ်ရဲ့ ငါးထောင်တန် ကိစ္စကို ဘယ်လိုထင်လဲ ပြောပါဦး။
ရုက္ခစိုး။ ။ ပြောရမယ်ဆို နည်းနည်း ဆန်းနေသလိုပဲဗျ။ ဘာလို့ ဆင်ပုံနဲ့ ထုတ်တာလဲဆိုတာ အရင် ရှင်းစမ်းပါဦး။ အဲဒါကို လူတိုင်းကလည်း သိချင်နေကြတယ်။
ချိုကုပ်။ ။ သြော် … ဒါလား။ တကယ်တော့ ကျုပ်ရဲ့ မျက်နှာပုံနဲ့ ထုတ်ချင်တာဗျ ဟီးဟီး။
ချိုကုပ်ဒူးကြီး၏ အရှက်မရှိသော မျက်နှာကြီးမှာ စပ်ဖြီးဖြီးနှင့် အလွန်ကြည့်ရဆိုးလှသည်။ အလိုက်ကမ်းဆိုး မသိသော ဆာမိကလည်း “ကောင်းတယ်၊ ကောင်းတယ်။ ချွန်ဒေါ်တောင် စက္ကူပေါ်မှာ ပိုက်ရှန်လို့ မရေးဘဲ ဓာတ်ပုံပေါ်မှာ ရေးပြီး လက်မှတ်ထိုးပေးရင် ကောင်းမလားလို့ စဉ်းစားနေတာ၊ ရုပ်ရှင်မင်းသားတွေလိုလေ” ဟု ဝင်ပြောသည်။
ချိုကုပ်။ ။ အဲ … အဲဒီလောက်ကြီး ဆိုတော့လည်း ကျုပ်က တိုင်းပြည် ကောင်းရာ ကောင်းကျိုး ဘာမှ လုပ်ထားတာ မဟုတ်၊ မဟုတ်က ဟုတ်ကတွေချည်း ဆက်တိုက် လုပ်ထားတာဆိုတော့ သိပ်မလုံဘူးလေ၊ အဲဒါနဲ့ပဲ အာသာပြေ ဆင်ပုံလေး တင်လိုက်တာ။
ရုက္ခစိုး။ ။ (အင်း … ပြည်သူတွေ သူ့မျက်ခွက်ကြီး မကြည့်ချင်ဘူး ဆိုတာတော့ သိရှာသားပဲ ဟု စိတ်ထဲက တွေးရင်း) သိပ်နားမလည်သေးဘူးဗျ။ ရှင်းပါဦး။
ဆာမိ။ ။ ဟာ အဘကလည်း ချွန်ဒေါ်တောင်သိတယ်။ ချိုကုပ်ဒူးကြီးက ကျောက်ဆည်သားဆိုတော့ အထိမ်းအမှတ်က ဆင်လေ၊ အဲဒါကြောင့် ဆင်ပုံကို သူ့ပုံအမှတ်နဲ့ ထည့်လိုက်တယ်၊ ဟုတ်တယ်မဟုတ်လား ချိုကုပ်ဒူးကြီး။
ချိုကုပ်။ ။ ဟုတ်တယ်၊ ဟုတ်တယ်၊ ဟဲဟဲ … ပိုင်တယ်နော်။ နောက်တခုက ကမ္ဘာမှာ ဘယ်နိုင်ငံမှ မလုပ်တဲ့ အလုပ်မျိုးကို ကျုပ်က လုပ်ချင်တာ။ ဘယ်နိုင်ငံမှာများ တိရစ္ဆာန်ပုံတွေနဲ့ ပိုက်ဆံ ထုတ်ဖူးလို့လဲ။
ကမ္ဘာပတ်လိုက်၊ ကမ္ဘာကို ကျော်လိုက်၊ ခွလိုက် လုပ်ချင်ရာ လုပ်နေသော ဦးရုက္ခစိုးကြီးက “ဟင့်အင်း” ဟု ပြောလိုက်သည်။
ရုက္ခစိုး။ ။ သူများနိုင်ငံတွေမှာတော့ တိုင်းပြည်က လေးစားဂုဏ်ယူရတဲ့ တိုင်းပြည်ခေါင်းဆောင်တွေရဲ့ ပုံတွေ၊ တိုင်းပြည်ရဲ့ အထင်ကရ သမိုင်းဝင် အဆောက်အဦပုံတွေနဲ့ ပိုက်ဆံ ထုတ်ကြတာပဲ။ တိရစ္ဆာန်ပုံတွေနဲ့က ဘယ်နိုင်ငံမှ မထုတ်ပါဘူး။
ချိုကုပ်။ ။ မတူချင်ပါဘူးဆို ဦးရုက္ခစိုးရယ်။ ခုလို မတူအောင်လုပ်ဖို့ကို ကျုပ်ခေါင်းစားခဲ့ရတာ။ တကယ်တော့ စူပါမင်းတို့၊ ဟယ်ရီပေါ့တာတို့ လင်းနို့လူသားတို့နဲ့ ထုတ်ချင်တာဗျ … ။ အဲဒါတွေကမှ တကယ့်ကမ္ဘာ့အထင်ကရ ပုဂ္ဂိုလ်တွေ မဟုတ်လား။
ဆာမိ။ ။ ဟာ အဲလိုပုံတွေနဲ့ ထုတ်ပါလား ချိုကုပ်ဒူးကြီးရယ်။ ချွန်ဒေါ့်ကလေးတွေက ရှူပါမင်း အရမ်းကြိုက် တာ။
ချိုကုပ်။ ။ အဲဒီပုံတွေက ထိုင်းမှာ ကစားစရာ အရုပ်ပိုက်ဆံတွေ ထုတ်တော့ ဦးသွားလို့ဗျ။ အဲဒါနဲ့ ဘယ်သူနဲ့မှ မတူတဲ့ တိရစ္ဆာန်ပုံတွေနဲ့ပဲ ထုတ်လိုက်တော့တာ။ အမယ် တိရစ္ဆာန်ဆိုလို့ အထင်မသေးနဲ့ဦး … အဲဒီ တိရစ္ဆာန် တွေက ကျုပ်အရမ်းလေးစားတဲ့ တိရစ္ဆာန်တွေ၊ တိုင်းပြည်ရဲ့ တိရစ္ဆာန်ကြီးတွေဗျ။
ရုက္ခစိုး။ ။ သြော် ဒါကြောင့် ချိုကုပ်ဒူးကြီးက ဂုဏ်ပြုတဲ့အနေနဲ့ ပိုက်ဆံပေါ် တင်တာကိုး။ ဘယ်လို လေးစားတာလဲ ဆိုတာလေး ရှင်းပြပါဦး။
ချိုကုပ်။ ။ ပုံပြင်တွေထဲမှာ ပါတယ်လေ။ ခြင်္သေ့ဆိုတာ မြက်မစားဘူး၊ ကျုပ်ကလည်း မြက် … အာနေဦးဗျ။ ဆင်ဆိုတာလည်း ကြံစုပ်တယ် … ကျုပ်ကလည်း … အဲ … အဲ ကျုပ် မှတ်လာတာ အဲဒီလိုမဟုတ်ဘူးဗျ နည်းနည်းမေ့သွားလို့ …။ နောက်နေ့ကျ ကွိုင်ကွိုင့်ကို ပြန်မေးပြီး ဟန်းဖုန်းနဲ့လှမ်းရှင်းပြမယ်ဗျာ။
ဆြာတေ။ ။ ကောင်းပါပြီဗျာ … နောက်တခါ တသောင်းတန်တို့၊ တသိန်းတန်တို့ ထုတ်ရင်ကော ဘယ်လို တရိစ္ဆာန်တွေနဲ့ ထုတ်မလဲဆိုတာ ပြောပြသွားပါဦး …။
ကျွန်ုပ်က ပေါ့ပ်ဂျာနယ်များတွင် မင်းသားမင်းသမီးကို အင်တာဗျူးသည့် လေသံအတိုင်း တု၍ မေးလိုက်ရာ ချိုကုပ်ဒူးကြီးက … မြှောက်ပေး၍ မြှောက်ပေးမှန်းမသိဘဲ …။
“ဟုတ်ကဲ့ခင်ဗျ၊ ကျုပ်ကတော့ အတတ်နိုင်ဆုံး ကြိုးစားသွားပါမယ်။ ဒီတခါ ဆင်ပြီးရင် ကင်းကောင်တို့၊ ဂေါ်ဇီလာ တို့၊ မျောက်တို့၊ ကြွက်တို့ … ကျုပ် အရမ်းလေးစားတဲ့ တိရစ္ဆာန်တွေနဲ့ တခါထက်တခါ မရိုး ရအောင် ထုတ်သွား ပါမယ် ခင်ဗျ၊ ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် ခင်ဗျ၊ ဒီက ကွမ်းလုပ်ငန်းရှင်ကြီးရယ်၊ ကိုတာတေရယ် ဦးရုက္ခစိုး ရယ်ကိုလည်း ကျုပ်ရဲ့ ငါးထောင်တန် တရွက်စီ ဝေသွားပါရစေခင်ဗျ။ သွားလိုက်ပါဦးမယ်” ဟု ပေါတောတော ပြောကာ ထွက်သွားလေ သည်။
ကျွန်ုပ်မှာ (အလကားရတာပဲ ပွပြီ) ဟု တွေး၍ ဆိုက်ကားမနင်းတော့ဘဲ မဒမ်တေကို မျက်နှာပြေး လုပ်တော့မှ ချိုကုပ်ဒူးကြီး ရက်ရောစွာ ပေးသွားသည့် ငါးထောင်တန်များမှာ ပိုက်ဆံ အစစ်များ မဟုတ်ဘဲ မိုနိုပိုလီကစားသည့် သုံးမရသော ငါးထောင်တန်များ ဖြစ်နေကြောင်း သိလိုက်ရလေတော့သည်။ ။
No comments:
Post a Comment