Saturday, October 3, 2009

ဗမာပြည်နိုင်ငံရေးရဲ့ အရေးကြီးအချိန်မှာ ပေါ်ထွက်လာတဲ့ ၀ါရှင်တန်ရဲ့ အပြောင်းအလဲ

ရဲဘော်ဖိုးသံချောင်း

ဗမာပြည် နဲ့ပတ်သက်တဲ့ နိုင်ငံတကာ လေထုမှာ ကြီးမား တဲ့အပြောင်း အလဲတွေ ပေါ်ပေါက်လာ တော့မယ့် လက္ခဏာ တွေ စပြီးမြင် တွေ့ နေ ရပါပြီ။ နအဖ စစ်အစိုးရကို နဂိုက ဆေးဖော်ကြောဖက် မလုပ်ခဲ့တဲ့ အမေရိကန်အပါ အနောက်နိုင်ငံ တွေက အခုတော့ ဒီဗိုလ်ချုပ်တွေ ကို လူလူ သူသူပြန်ဆက်ဆံ မယ်လို့ ဖြစ်လာ နေပါပြီ။

တကယ်က သေသေချာချာကြည့်တတ်ရင် နိုင်ငံတကာအခင်းအကျင်းမှာကိုပဲ အပြောင်းအလဲတွေ တွေ့နေရပါတယ်။ စစ်အေးစစ်ပွဲလွန် နိုင်ငံရေးအခင်းအကျင်းမှာ စစ်အေးစစ်ပွဲမှာ ထိပ်ကပါဝင်ခဲ့ကြတဲ့ နိုင်ငံကြီးတွေဟာ စစ်အေးစစ်ပွဲရဲ့ အထုပ်အပိုးတွေကို ပစ်ချခဲ့ကြပါတယ်။ ဒါပေမယ့် တချို့ကတော့ နဂိုရှိခဲ့တဲ့ မာန်တွေ၊ ဟန်တွေကို အိနြေ္ဒမပျက် ထိန်းထားခဲ့ကြပါတယ်။ ဒါပေမယ့် ကာလတခုလွန်လာတော့ အခြေအနေအပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ စီးပွားရေးအကျပ်အတည်းကြီးပါ။

ဒီနှစ်သြဂုတ်လ (၁၀-၁၇) ရက်ထုတ် ညူးစ်ဝိခ်ဂျာနယ်ထဲက မျက်နှာဖုံးဆောင်းပါးမှာဆိုရင် ဒီတခါ စီးပွားရေးအကျပ်အတည်း ကြီးကြောင့် မဟာဗြိတိန် (Great Britain) တောင်မှ စူဠာဗြိတိန်။ ဒါမှမဟုတ် သာမန်ဗြိတိန်ဖြစ်သွားရပြီလို့ ရေးထားပါတယ်။ နိုင်ငံကြီးတွေအားလုံးကို ကြီးကြီးမားမား ထိခိုက်ခဲ့တယ်ဆိုတာကို ပြောချင်လို့ ကိုးကားတာဖြစ်ပါတယ်။ ဒီလိုအခြေအနေ အောက်မှာ နိုင်ငံကြီးတွေဟာ ထိန်းညှိမှုအမျိုးမျိုး လုပ်ကြရပါတယ်။ အဲဒီလိုလုပ်တဲ့ ထိန်းညှိမှုတွေထဲမှာ ဗမာပြည်နဲ့ဆိုင်တဲ့ ပေါ်လစီတွေလည်း ပါကုန်တော့တာပါပဲ။

ဒါတွေနဲ့တဆက်တည်း လူပြောများ၊ ဆွေးနွေးတာများလာတာကတော့ အမေရိကန်လိုနိုင်ငံကြီးက ပေါ်လစီသဘောထား ပြောင်းလဲတယ်ဆိုရင် ဗမာပြည်ရဲ့နိုင်ငံရေးကို ဘယ်လိုထိခိုက်နိုင်သလဲဆိုတာပဲ ဖြစ်ပါတယ်။ ဒီလိုဆွေးနွေးတာဟာ အမေရိကန်အစိုးရက ဘာလုပ်သင့်သလဲလို့ ဆွေးနွေးတာထက် ပိုကောင်းပါတယ်။ ပိုလက်တွေ့ကျပါတယ်။

တကယ်ကျတော့ ၀ါရှင်တန်ရဲ့ အပြောင်းအလဲတွေက အခုမှစကာစရှိပါသေးတယ်။ နောင်မှာ ပိုပြီးကြားလာရဦးမှာပါ။ ဗိုလ်သိန်းစိန်တို့နဲ့တွေ့ပြီးရင်၊ သူတို့ရဲ့အထူးတမန်ဆိုတာချင်း တွေ့ဆုံစကားပြောကြပြီးရင် ဘာတွေတဆင့်တက်လာမယ် မသိနိုင်ဘူး။ လောလောဆယ်မှာ နအဖစစ်ဗိုလ်တွေအဖို့တော့ လက်မထောင်စရာဖြစ်ချင်ဖြစ်မှာပါ။

ဗမာပြည် ပြည်သူလူထုအနေနဲ့ ပြောရရင် ဒီကိစ္စကြောင့် သူတို့မှာ အတွေးအခေါ်အရတော့ ဘာမှရှုပ်ထွေးစရာ မရှိပါဘူး။ အမေရိကန်ကနေ အသိအမှတ်ပြုလိုက်တဲ့အတွက် နအဖစစ်ဗိုလ်ချုပ်တွေဟာ အာဏာရှင်ကနေ သူတော်စင်အဖြစ် တဖြစ်လဲသွားမှာမဟုတ်ဘူးဆိုတာ သူတို့ဘ၀အသိအရ ရှင်းနေပါတယ်။ ဗိုလ်နေ၀င်းတုန်းကဆိုရင် အမေရိကန်၊ ရုရှား၊ တရုတ် အားလုံးက အသိအမှတ်ပြုတာ ခံခဲ့ရပြီးပါပြီ။ ဒါပေမယ့် အာဏာရှင်ဟာ အာဏာရှင်ပါပဲ။ ဂျပန်၊ အိုအီးစီဒီ၊ ကမ္ဘာ့ဘဏ် စတာတွေရဲ့ အကူအညီတွေရနေတဲ့ အကြားကပဲ တိုင်းပြည်ကြီး ချွတ်ခြုံကျသွားခဲ့တာကို ပြည်သူတွေ မမေ့ပါဘူး။ ပြည်သူလူထုက ဘာမှ မျက်စိမလည်ပါဘူး။

ဒါပေမယ့် ဒါဟာ နအဖစစ်အစိုးရကို ကြံဖန်အမွှန်းတင်ချင်နေတဲ့ လူတွေအတွက်တော့ ပြောစရာ၊ ရေးစရာ အချက်အလက် နည်းနည်းပါးပါး ရကောင်းရသွားနိုင်တာပေါ့။ သူတို့အနေနဲ့ ဒီအချက်အပေါ် အခြေခံပြီး ပြည်သူလူထုကို မျက်စိလည်အောင်၊ အမြင်မှားအောင် လုပ်ကြမယ်ဆိုတာကတော့ သံသယဖြစ်စရာ မလိုပါဘူး။ ဗိုလ်စကားကိုသုံးရင် အဆင့်ရှိတယ်လို့ ယူဆနေသူတွေကတော့ ဒေါ်ကလင်တန်ရဲ့ ဘယ်စကားလုံးကြီးတွေကို ကိုးကားလာမယ်ဆိုတာကိုပဲ စောင့်ကြည့်ရမှာပါ။

သူတို့ရဲ့ ပြောဆိုရေးသားမှုတွေကြောင့် တချို့ ရိုးသားတဲ့ နိုင်ငံရေးလိုက်စားသူတွေမှာ စိတ်ဓာတ်အရ ထိခိုက်တာ နည်းနည်းပါးပါး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ယာယီ၊ နောက်ပြီး အနည်းအပါးလည်းဖြစ်၊ စိတ်ဓာတ်ပိုင်းလောက်ပဲ ဖြစ်ပါတယ်။ လက်တွေ့ ရုပ်သဘောအရ ဘာမှမထိခိုက်နိုင်ပါဘူး။

ဘာပဲပြောပြော ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူလူထုအမြင်ရှင်း၊ သဘောပေါက်ဖို့အတွက် ရှင်းပြတာတွေတော့ လုပ်ရပါလိမ့်မယ်။ နအဖကလည်း ဒါကိုပဲ ပိတ်ပင်မှာဖြစ်ပါတယ်။ နအဖနဲ့ သူတို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သူတို့ရဲ့ ရွေးကောက်ပွဲအပေါ် သံယောဇဉ်ဖြစ်ဖို့ဆိုတာကို လူထုကို ဆက်ပြီးရှင်းပြ၊ ပြောပြနေရဦးမှာဖြစ်ပါတယ်။ တပါတည်း ဘယ်လိုနည်းနဲ့ဆန့်ကျင်မယ်၊ ဖြစ်ပေါ်လာတဲ့နောက်အကျိုးဆက်ကို ဘယ်လိုရင်ဆိုင်ကြမယ်ဆိုတာတွေလည်း စဉ်းစားပြင်ဆင်ပြီးဖြစ်သင့်ပါပြီ။

တည့်တည့်ပြောရရင် ပိတ်ဆို့မှုဆိုတာတွေလုပ်ခဲ့လို့ နအဖစစ်အုပ်စုရဲ့ သံဃာတွေကိုပါသတ်တဲ့ အကျင့်စရိုက်ကို ပြောင်းလဲမသွားစေခဲ့ပါဘူး။ ပြည်ပဖိအားဆိုတာဟာ အာဏာရှင်ဗိုလ်ချုပ်တွေအနေနဲ့ ပြည်ပဘက်ကို မျက်နှာလှည့်တဲ့အခါမှာ ပြုံးဖြဲဖြဲအသွင်ဆောင်အောင် လုပ်နိုင်ပေမယ့် ကိုယ့်ပြည်သူလူထုဘက်ကို လှည့်တဲ့အခါမှာတော့ ဘီလူးရုပ်သက်သက်ပါပဲ။ တကယ်တော့ ပြည်ပက ဖိအားပေးတယ်၊ ထောက်ခံတယ်ဆိုတာတွေဟာ အရန်အခန်းလောက်သာရှိတာပါ။ အဲဒါတွေ မရှိတော့ရင်လည်း ပြည်သူလူထုမှာ ပြောပလောက်အောင် ဘာမှမဆုံးရှုံးပါဘူး။ အားပျက်စရာ ဘာမှမရှိဘူး။ အဲ-ဗမာပြည်နိုင်ငံရေးမှာ သူများနိုင်ငံ၊ သူများအစိုးရကို မှန်းမျှော်တတ်တဲ့ အလေ့အကျင့်တခုတော့ ပျောက်သွားလိမ့်မယ်လို့ ယူဆရပါတယ်။

ဒါကြောင့် ဒီတကွေ့မှာ ရှေ့ကိုချီတက်ရင်း တဖက်ကိုလှည့်လှည့်ကြည့်နေရတဲ့ အတွေးအခေါ် ၀န်ထုပ်ဝန်ပိုးတခုကို ပစ်ချလိုက်နိုင်ပြီလို့ပဲ ကောင်းတဲ့ဘက်က လှည့်တွေးရပါတော့မယ်။


No comments: