Sunday, October 11, 2009

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၂

မင်းဟန်

(၁၁၂)

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားမှုအား ရန်ကုန်တိုင်း ကော်မရှင် အဖွဲ့ခွဲရုံးက ပယ်ချခဲ့သည့် အပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် အံ့သြခြင်းလည်း မဖြစ်မိ။ ဤသို့ပင် ပယ်ဖျက် ကြလိမ့်မည်ဟု မျှော်လင့်ထားပြီး ဖြစ်၏။


ဥက္ကဋ္ဌ ဦးတင်ဦးအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း မတင်သွင်းနိုင်ရန် ….. စစ်အုပ်စုမှ နေအိမ် အကျယ်ချုပ်မှနေ၍ အင်းစိန်ထောင်အတွင်းရှိ အထူးတရားရုံးတွင် အမှုတင်၍ တရားစွဲ ပြစ်ဒဏ်ချခြင်းအား လုပ်ဆောင်ခဲ့ကတည်းက သူမကိုလည်း တနည်းနည်းနှင့် ရွေးကောက်ပွဲ မဝင်နိုင်ရန် ဟန့်တားလိမ့်မည်ဟု တွေးထင်ခဲ့ပြီးသား ဖြစ်၏။

သို့သော် ….. အဖွဲ့ချုပ်အနေနှင့်က ညီညီညွှတ်ညွှတ်နှင့် ရွေးကောက်ပွဲဝင်ရေး လမ်းပေါ်သို့ ရောက်သွားရန်လို၏။ လျှောက်လှမ်းနိုင်ရန်လို၏။

အဖွဲ့ချုပ်၏ ကိုယ်စားလှယ်လောင်းများအား ရွေးချယ်ရာတွင် အဖွဲ့ချုပ်ဗဟိုမှ အခြေခံမူများအား ချမှတ်ပေး၏။ ဦးတည်ချက်၊ ပါဝင်သင့်သော အမျိုးအစား၊ မပါဝင်သင့်သော အမျိုးအစား၊ ဦးစားပေးရွေးချယ်မှု အဆင့်ဆင့်တို့အား သတ်မှတ်ပေး၏။

အထူးညွှန်ကြားချက်က …. ကိုယ်စားလှယ်လောင်းများအား စိစစ်လျာထားရာတွင် မဲခွဲ၍ဆုံးဖြတ်သည့် စနစ်ကို လုံးဝ(လုံးဝ) မကျင့်သုံးရန်နှင့် အားလုံးမှ လက်ခံသဘောတူသည့် ပုဂ္ဂိုလ်များ ဖြစ်စေရန်အတွက် ညှိနှိုင်းလုပ်ဆောင်ရန်။

ညှိနှိုင်းသည့်တိုင်အောင် သဘောတူညီမှု မရရှိပါက ….. မှတ်တမ်းတင်၍ အဖွဲ့ချုပ်ဗဟိုသို့ အသေးစိတ် အခြေအနေအား တင်ပြရန် …၊ ဟူ၍ ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ မဲဆန္ဒနယ်မြေပေါင်း ၄၄၇ နေရာတွင် ကိုယ်စားလှယ်လောင်း အမည်စာရင်းများအား တင်သွင်း၏။


(၁၁၃)
စစ်အုပ်စုက …. ဥပဒေအမှတ် ၃/၉ဝ အား ထုတ်ပြန်သည်။ ၃/၉ဝ အရ….. ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် မဲဆွယ်စည်းဝေးခြင်း၊ လူထုဟောပြောပွဲများ ကျင်းပခြင်းတို့အား လုပ်ကိုင်ဆောင်ရွက်နိုင်သည်ဟု ဆို၏။

သို့သော် …. ဥပဒေကား … တပြေးညီမဟုတ်။ သက်ဆိုင်ရာ အာဏာပိုင်တို့၏ ခွင့်ပြုမှု၊ မပြုမှုအပေါ်၌ တည်နေ၏။ အချို့အာဏာပိုင်တို့က ဥပဒေအား မျှတစွာ ကျင့်သုံး၏။ အချို့ကမူ …. “ဥပဒေက မည်သို့ပင်ဆိုစေကာမူ” ဟု ဆိုသည့်အတိုင်း စိတ်ထင်တိုင်း ပြုကျင့်၏။

၎င်းတို့၏ ပြုမူမှုက ဥပဒေဖြစ်၍ နေသည်။ မြန်မာ့အသံနှင့် မြန်မာ့ရုပ်မြင်သံကြားတို့မှ နိုင်ငံရေး အဖွဲ့အစည်းတဖွဲ့လျှင် ….. ၁၅ မိနစ်နှင့် ၁ဝ မိနစ်စီ ဟောပြောခွင့်ပေး၏။ ဟောပြောမည့် အကြောင်းအရာအား စာရေး၍ တင်ပြပြီးမှ ဟောပြောကြရခြင်း ဖြစ်သည်။ မလွတ်လပ် …..။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ….. အတိုက်အခိုက် ၂ ခုအကြားမှ ရွေးကောက်ပွဲခရီးအား လျှောက်လှမ်းနေရ၏။ တခုက …. အာဏာပိုင်များဖြစ်ပြီး၊ တခုကမူ ….. တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီ(တစည) ဖြစ်သည်။

အာဏာပိုင်တို့က ….. “မဲမပေးလည်း ရပါတယ်” ဟု ….. မဲဆန္ဒရှင် ပြည်သူလူထုကြီး၏ ဆန္ဒအား ရင်မဆိုင်ရဲသည့်အတွက် မဲမပေးကြရန် လမ်းကြောင်း၏။ အချို့အာဏာပိုင်များက ….. “နိုင်ရင်လည်း အာဏာလွှဲမပေးဘူး” ဟု …. တိုးတိုးအော်၏။ တစည ကလည်း …..

“ငါတို့နောက်မှာ စစ်တပ်ရှိတယ်”
“ဒို့က နိုင်ရင်လည်း …. နိုင်ရမည်။ ရှုံးရင်လည်း နိုင်ရမယ်” …. ဟု ကြွေးကြော်ကြ၏။ ပြီးလျှင် ….. အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား “ခမောက်ကတော့ ကောင်းပါတယ်။ ဒါပေမဲ့ …. ခေါင်းမရှိဘူး” ဟု ဆိုပြန်သည်။

တစည ၏ မဲဆွယ်စည်းရုံးရေးက …. အဖွဲ့ချုပ်အား ဝေဖန်တိုက်ခိုက်ခြင်းနှင့် စစ်တပ်အား အားကိုးအားထားပြုခြင်းပင် ဖြစ်၏။ လူထုလမ်းစဉ်မပါ။ လူထုအတွက် ဖော်ဆောင်ပေးမည့် လုပ်ငန်းစဉ်နှင့် မူဝါဒဟူ၍ မရှိ ….။

ချ၍လည်း မပြကြ။ ချပြ …..၊ ရှင်းပြပြန်လျှင်လည်း …. လူထုက ယုံကြည်မည် မဟုတ်။ ဤသည်ကို တစညတို့က သိထားကြ၍လည်း …. မချပြခြင်း ဖြစ်မည်။

ထားတော့ ….။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံကြမည့် ကိုယ်စားလှယ်များကမူ …. လူထုအား ကတိကဝတ်များ ပေး၏။

ခရမ်းမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် ၂ မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း …. ဦးတင်မောင်ဝင်း (စစ်အုပ်စု၏ အကျဉ်းထောင်အတွင်း၌ ကျဆုံး) က ….

“ပြည်သူလူထု၏ ဆန္ဒကို အချုပ်အခြာအဖြစ် ခံယူပါတယ်။ ပြည်သူတို့ရဲ့ ဒီမိုကရေစီရေးနှင့် အခြေခံ လူ့အခွင့်အရေးများအတွက် ဥက္ကဋ္ဌ ဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်ချမှတ်ထားသော လမ်းစဉ်အတိုင်း မသွေမဖယ် လှုပ်ရှားဆောင်ရွက်လျက် ရှိပါတယ်” … ဟူ၍ ရွေးကောက်ပွဲ လက်ကမ်းစာစောင်တွင် ထည့်သွင်း၍ ရေးသားဖော်ပြ၏။

ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ….. ဦးတင်စိုး (စံပယ်ဦး၊ ဦးတင်စိုး) ကလည်း သူ၏ ရွေးကောက်ပွဲ လက်ကမ်းစာစောင်တွင် ….

“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့်လည်းကောင်း၊ ကျောက်တံတားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦး အနေဖြင့်လည်းကောင်း မဲဆန္ဒရှင် မိဘပြည်သူများ လိုလားတောင့်တလျက်ရှိသော ဒီမိုကရေစီ နိုင်ငံတော်သစ် ပြန်လည်ထူထောင်ရေးအတွက် ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှဖြင့် စွမ်းစွမ်းတမံ ပြည်သူ့အကျိုး၊ တိုင်းပြည်အကျိုးကို သယ်ပိုးထမ်းဆောင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုပါသည်။

ပြည်သူဆန္ဒနှင့် ဆန့်ကျင်မှု မရှိစေဘဲ အမျိုးသားနိုင်ငံရေးအဖြစ် ခံယူလုပ်ဆောင်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့၏ တနိုင်ငံလုံးမှ ပြည်သူ့ကိုယ်စားလှယ်များနှင့်အတူ မဲဆန္ဒရှင် ပြည်သူလူထုကို အစဉ်လေးစား ဦးထိပ်ထား၍ …. ပြည်သူသာလျှင်အမိ၊ ပြည်သူသာလျှင် အဖ …. ဟု ခံယူချက်အပြည့်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လေးနက်စွာ ဆန္ဒပြုပါသည်” ……ဟူ၍ဖော်ပြကြ၏။

အဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်မည်ဟု မဆုံးဖြတ်ရမီကတည်းမှပင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ တာဝန်နှင့် ကျင့်ကြံရမည့် ခံယူချက်အား ညွှန်ပြခဲ့၏။

“ဒီမိုကရေစီစနစ်မှာ အမတ်လုပ်ချင်တဲ့သူတွေဟာ အပင်ပန်းအဆင်းရဲခံနိုင်ရမယ်။ အစွမ်းကုန် အလုပ်လုပ်နိုင်ရမယ်။ ကိုယ်ကျိုးမငဲ့ဘဲ အများအကျိုးကို ပီပီပြင်ပြင် ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ရမယ်”


(၁၁၄)

“စု … နိုင်မှ ချမ်းသာမည် …..”
“စု …. နိုင်မှ ကြီးပွားမည် ……”
“စု….နိုင်မှ တိုးတတ်မည် ….”
“စု…..နိုင်မှ ငြိမ်းချမ်းမည် …..”
“ယုံယုံကြည်ကြည် …. စုံစုံညီညီ၊ ဒို့အားလုံး ယုံသည် …..”
“ဘေးပြောတာကို ဒို့မယုံပြီ …..”
“သွေးပြောတာကို ဒို့ယုံသည် …..”
“အောင်ဆန်းသွေးကို ဒို့ယုံသည် ….”
“အောင်ဆန်းသမီးမို့ ဒို့ယုံကြည် ….”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲအောင်နိုင်ရေး တေးသီချင်းသံများက …. မေဦးမုတ်သုန် မိုးပွင့်များအကြား၌ ဝေဝေစီစီ …..။ ချိုချို …. လွင်လွင် …..။

နွေနှောင်းရက်ကြွင်း ….. နေ့ရက်များ၏ မြို့တော်သည် တိုက်ပွဲသစ်အတွက် နိုးထ၍နေ၏။ တိုက်ပွဲပုံသဏ္ဍာန်သစ်က လက်ရုန်းများ ဆန့်တန်းရမည့် တိုက်ပွဲမဟုတ် ….။ အသည်းနှလုံးချင်းထပ်၍ စီးချင်းထိုးရမည့် ….. ပွဲ …..။

အနောက်ရွှေဂုံတိုင်လမ်းရှိ အဖွဲ့ချုပ်၏ ရုံးချုပ်အရှေ့မျက်နှာစာ၌က …. ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့၏ ပုံတူပန်းချီကားချပ်ကြီးများနှင့် ထည်ထည်ဝါဝါ ….။

“ငုနဲ့ ပိတောက် ….. နွေမှာ လှိုင်သည်”
“စုနဲ့ ခမောက် ….. မေမှာ နိုင်မည်”
“တယောက်ကောင်းက ….. တသောင်းဗိုလ်ခြေ ညက်ညက်ကြေ၊
ခမောက်ဆောင်း၍ ခေတ်ဟောင်းဖြိုလေ ထက်မြက်စေ”

နဖူးစီး ဆိုင်းဘုတ်ကြီးများနှင့် အဖွဲ့ချုပ်သည် အကန့်အသတ်၊ အပိတ်အဆို့ …. အတားအဆီးများကြားမှ ရှင်သန်၊ နိုးကြားစွာနှင့် …..။

၁၉၉၀ ခုနှစ် …. မေ ၂၇ ရက်။
ဒေါ်အောင်ဆန်းစုကြည်က သူမကိုယ်တိုင် မဲရုံသို့သွားပြီး မဲဆန္ဒပေးခဲ့ရခြင်း မဟုတ် ….။ ကြိုတင်ဆန္ဒမဲပြားနှင့် မဲဆန္ဒပြုခဲ့ရခြင်း ဖြစ်၏။

ထိုနေ့က … ဧရာဝတီသည် ရင်ခုန်သံတို့အား ထွေးပွေ့ရင်း ….. ပင်လယ်ဆီသို့ နရီမှန်စွာနှင့် စီးမျောခဲ့၏။

ညနေခင်း …. မြန်မာ့အသံ၏ ထုတ်လွှင့်မှုအစီအစဉ်အား လှိုင်းတိုရေဒီယိုဖွင့်၍ ဒေါ်အောင်ဆန်းစုကြည် နားထောင်၏။

မြန်မာ့အသံမှ ရွေးကောက်ပွဲ မဲစာရင်းများအား ကြေညာ၍နေသည်။ ဆက်တိုက်ကြေညာနေခြင်းက မဟုတ် ….။ သတင်းဝင်ရောက်လာမှုအရ …. ပုံမှန်ထုတ်လွှင့်နေသည့် အစီအစဉ်အား ရပ်နား၍ ကြားဖြတ်သတင်း ကြေညာ ပေးနေခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား ကိုယ်စားပြု၍ ဝင်ရောက်အရွေးချယ်ခံသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်း အနိုင်ရရှိကြောင်း သတင်းအား ပထမဦးစွာ ကြေညာ၏။

ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်မြေတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေက ၁,၃၄၄ ဦးသာရှိ၏။ မဲရုံသို့ ဆန္ဒမဲ လာရောက် ပေးခဲ့ကြသည့်သူများက…. ၁,၁၀၃ ဦး ….။ ထိုအထဲမှ ဒေါ်စန်းစန်းက ၆၁၅ မဲနှင့် အနိုင်ရခဲ့ခြင်း ဖြစ်၏။

ပထမဦးစွာ အဖွဲ့ချုပ်၏ အောင်နိုင်ရေးသတင်းအား ဒေါ်အောင်ဆန်းစုကြည် ကြားရခြင်း ဖြစ်၏။ ပြီးလျှင် …. ဆက်တိုက်ပင် ရန်ကုန်တိုင်းအတွင်းရှိ မဲဆန္ဒနယ်မြေများမှ အဖွဲ့ချုပ်၏ အောင်နိုင်ရေးသတင်းများအား ကြားရ၏။

လသာမြို့နယ် …. အဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် …. ဦးကြည်မြင့် …..။
ပုဇွန်တောင်မြို့နယ် ….. အဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် …. ဦးနိုင်းနိုင်း ….။

တက္ကသိုလ်ရိပ်သာလမ်းမပေါ်၌ ရွေးကောက်ပွဲအောင်နိုင်ရေး မော်တော်ယာဉ်တစီး ဖြေးညှင်းစွာနှင့် ဖြတ်မောင်းသွားသည်ကို အိမ်ရှေ့ဝရံတာမှနေ၍ ဒေါ်အောင်ဆန်းစုကြည် မြင်လိုက်ရ၏။ ယာဉ်၏ ဘေး၌ သူမ၏ ရုပ်ပုံ၊ ပုံတူပန်းချီကားနှင့် ဆိုင်းဘုတ်ကြီး တွေ့ရ၏။

“ပြည်သူအပေါင်း၊ ခမောက်ဆောင်း၊ တခေတ်ပြောင်းရမည်”


(၁၁၅)
ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ အပြီးသတ် အစီရင်ခံစာအပေါ် အခြေခံ၍ မြန်မာ့အသံမှ သတင်းထုတ်လွှင့်၏။ သတင်းများအရ ….. ရွေးကောက်ပွဲ အခြေအနေအား ဒေါ်အောင်ဆန်းစုကြည် သိရ၏။

မဲဆန္ဒနယ်မြေပေါင်း ၄၈၅ နေရာတွင် အဖွဲ့ချုပ်မှ ၄၄၇ နေရာ၌ ဝင်ရောက်၍ အရွေးချယ်ခံခဲ့၏။ မဲဆန္ဒနယ်မြေ ၄၄၇ နေရာတွင် အဖွဲ့ချုပ်အနေဖြင့် ၃၉၂ နေရာ၌ အနိုင်ရခဲ့၏။

မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့မှ ၁ နေရာနှင့် အမျိုးသား ဒီမိုကရေစီပါတီမှ ၃ နေရာနှင့်ပေါင်းလျှင် …. အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ် အင်အားက ၃၉၆ နေရာရှိ၏။

လွှတ်တော်ကိုယ်စားလှယ် ဦးရေ ၄၈၅ ဦးတွင် အဖွဲ့ချုပ်က …. ၃၉၆ ဦးရှိရာ …. လွှတ်တော်အတွင်း ၉ဝ ရာခိုင်နှုန်းအကျော်တွင် ရှိနေ၏။

၁၉၈၉ ခုနှစ် မေလ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့သည့် (နဝတ) ၏ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၂ ၊ ပုဒ်မ ၃ အရ ……

“လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ် စားလှယ်များနှင့် ဖွဲ့စည်းရမည်” ဟူ၍ ပါရှိရာ ….. ပြည်သူ့လွှတ်တော် ဖွဲ့စည်းရေးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွက် အရေးကြီးသော အဓိကလုပ်ငန်းစဉ် တရပ်ဟု ဒေါ်အောင်ဆန်းစုကြည်မှ သတ်မှတ်ထားလိုက်၏။

သို့သော် …. လွှတ်တော်ဖွဲ့စည်းရေးအဆင့်သို့ တက်လှမ်းရမည့်အရေးက လွယ်ကူချောမွေ့မည့် အရေးဟူ၍မူ မထင်ထား ….။ အခက်အခဲပေါင်းစုံနှင့် အဖွဲ့ချုပ်သည် ရင်ဆိုင်ရလိမ့်မည်သာ …..။ စိန်ခေါ်မှု၊ ပိတ်ဆို့မှုများစွာနှင့် ဆုံတွေ့ရမည့်လမ်းဟု မျှော်လင့်ထားခဲ့၏။

ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ကူးမျှော်မှန်းချက်များက တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် - ၅၄ အတွင်းမှ မကျော်လွန်နိုင် ….။

အားလုံးဖြတ်စနစ်နှင့် စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်နှင့် လူထု၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတကာ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သတင်းမီဒီယာ …. အရာရာအား ဖြတ်တောက်ထား၏။

သို့သော် …. ဒေါ်အောင်ဆန်းစုကြည်၏ တွေးခေါ်မျှော်မြင်မှုများကိုမူ စစ်အုပ်စုသည် မည်သို့မျှ ချုပ်နှောင်၍မရ….။

၁၉၄၇ ခုနှစ် ဧပြီလ ၉ ရက် …၊ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဖဆပလ အဖွဲ့ချုပ်ကြီးသည် မဲဆန္ဒနယ်မြေ ၂၅၅ နေရာတွင် ၂၄၈ နေရာ၌ အနိုင်ရရှိခဲ့၏။

၉၅.၃၂ ရာခိုင်နှုန်းနှင့် အနိုင်ရခဲ့ခြင်းဖြစ်၏။ ယခု သူမဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အောင်နိုင်ခဲ့ခြင်းမျိုးပင် ….။

နိုင်ငံရေးအခြေအနေချင်းက အားလုံးတထပ်တည်း မဟုတ်သော်လည်း ….. အချို့သော အခြေခံ အကြောင်းအရာများ ကမူ တူညီမှုများ ရှိ၏။

- ပထမလွတ်လပ်ရေး တိုက်ပွဲခရီး …. ရွေးကောက်ပွဲနှင့် လုံးဝလွတ်လပ်ရေးသို့ ….။
- ဒုတိယလွတ်လပ်ရေး တိုက်ပွဲခရီး …. ရွေးကောက်ပွဲနှင့် လုံးဝလွတ်လပ်ရေးသို့ ….။

ထိုစဉ်က …. ဖခင်ဗိုလ်ချုပ်အောင်ဆန်းသည် သူ၏ လွတ်လပ်ရေးတိုက်ပွဲ၊ သေနင်္ဂဗျူဟာနှင့် ပတ်သက်ပြီး ပွင့်ပွင့်ရှင်းရှင်းပင် ပြောဆိုခဲ့၏။

“အခုလွှတ်တော်က အရေးကြီးတယ်။ တကယ်လို့ ဖွဲ့စည်းအုပ်ချုပ်ပုံ ရေးဆွဲပြီးလို့ လွတ်လပ်ရေး မပေးဘူးလို့ အင်္ဂလိပ်ကငြင်းရင် ဒီလွှတ်တော်ကနေပြီး လွတ်လပ်ရေး ကြေညာမယ်။ ဒီအခါမှာ လွှတ်တော်ဟာ သူပုန်လွှတ်တော် ဖြစ်သွားမယ်။ လွှတ်တော်အမတ်တွေကလည်း သူပုန်အမတ်တွေ ဖြစ်လိမ့်မယ်။ အခြေအနေအရ အမတ်တွေဟာ အဲ့ဒီအခါမှာ စစ်ထွက်တိုက်ရမယ်။ အဲ့လိုအလုပ်မျိုးတွေ မင်းတို့လုပ်ရမယ်။ တောင်ရှည်ပုဆိုးဝတ်ပြီး ခေါင်းပေါင်းကြီးစွပ်လာတဲ့ လူကြီးတွေက အဲ့လိုမျိုးအလုပ်မျိုးတွေ ထလုပ်ချင်ဦး။ လုပ်ချင်ဦးတော့လည်း သူတို့မလုပ်တတ်ဘူး။ မင်းတို့က စစ်တိုက်ဖို့ အရေးကြုံလာရင် စစ်တိုက်ဖို့ပဲ။ လွှတ်တော်မှာ ဥပဒေကျွမ်းကျင်သူ ၇ဝ-၈ဝ ပါရင် လုံလောက်တယ်။ ဥပဒေတွေ လွှတ်တော်ထဲဝင်လာတဲ့အခါမှာ သဘောတူသလားလို့ လွှတ်တော်ဥက္ကဋ္ဌက မေးရင် တူပါတယ်လို့ အော်ရုံပဲ။ တခါတရံမှာ တူတဲ့လူ လက်ညှိုးထောင်ပါဆိုရင် လက်ညှိုးထောင်ရုံပဲ။ မင်းတို့လက်ညှိုးမှ မထောင်တတ်ဘူးလား …..”။

No comments: