Narinjara News
မောင်အေး (နိရဉ္စရာ) အပြည်ပြည် ဆိုင်ရာ မြန်မာ ရဟန်း တော်များ အဖွဲ့ချုပ် (ဘင်္ဂလာဌာနခွဲ)က မြန်မာ နအဖ စစ်အစိုးရမှ သံဃာတော်များ တောင်းဆို ထားသည့် တောင်းဆို ချက် မလိုက်လျော့ သည့် အတွက် တတိယ အကြိမ်မြောက် ပတ္တနိကုဇ္ဇန ကံဆောင်မှုကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့စ်ဘာဇားမြို့တွင် ပြုလုပ် ခဲ့ကြသည်။
အဆိုပါ ကံဆောင်မှုကို ကြာသပတေးနေ့ နေ့လည် ၂ နာရီတွင် ကော့ဘဇားမြို့ မြစ်ပြင်တွင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
ယခုကဲ့သို့ တတိယ အကြိမ်မြောက် ကံဆောင် ရခြင်းနှင့် ပတ်သတ်၍ အဖွဲ့၏ အတွင်းရေးမှူး အရှင်သီလ၀ံသက ယခုကဲ့သို့ မိန်းကြား သည်။
“ အခုလို ဦးဇင်းတို့ တတိယ အကြိမ် ပတ္တနိကုဇ္ဇန ကံဆောင်ရတာက မြန်မာနအဖ စစ်အစိုးရဟာ ဦးဇင်းတို့ တောင်းဆိုထားတွေကို မလိုက်လျော့တဲ့ အတွက် ဖြစ်ပါတယ်။ ဒုတိယ အကြိမ်မှာလည်း သံဃာတော်တွေ တောင်းဆိုမှုအပြင် ပြည်သူတွေ လိုလား နေတဲ့ဒီမို ကရေစီအခွင့် အရေးတွေကို မလိုက်လျော့တဲ့အတွက် အခုလို ကံဆောင်မူ အလုပ်ကို လုပ်ကိုင်ခဲ့ရတာ ဖြစ်တယ်။ သံဃာတော်တွေနဲ့ ပြည်သူတွေ တောင်းဆိုချက်တွေကို မလိုက်လျော့သမျှ ဦးဇင်းတို့ ဆက်လက်ကံဆောင်သွား မှာဖြစ် ပါတယ်။”ဟုပြောသည်။
ပတ္တနိကုဇ္ဇနကံဆောင်ခြင်းမှာ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကတည်းက သာသနာတော် အားဖျက်စီးသူများ သံဃာသင်းခွဲသူများနှင့် တခြားသာသနာအား အန္တရာယ် ပြုသူများထံမှ အလှူကို လက်ခံမခံခြင်းအပါအ၀င် တခြား ဘာသာတရားနှင့် ဆက်စပ်သည့် လုပ်ငန်းများကို ၀ိနည်းတော်နှင့်အညီ ရှောင်ရှားသည့် လုပ်ထုံးလုပ်နည်းတခုဖြစ်သည်။
တတိယအကြိမ် ပတ္တနိကုဇ္ဇနကံဆောင်ခြင်းကို ၀ါကျွတ်လပြည့်နေ့တွင် ပြည်တွင်းပြည်ပရှိ သံဃာ တော်များက တပြိုင်နက်တည်းကံဆောင်ရန် စီစဉ်ထားသော်လည်း ယခုကဲ့သို့ ကြိုတင်ပြု လုပ်ရခြင်းနှင့်ပတ်သတ်ပြီး အဖွဲ့၏ တွဲဘက်အတွင်းရေးမှူး အရှင် ရက္ခ၀ံသက ယခုကဲ့သို့ နိရဉ္စရာကိုပြောသည်။
“ဒီနေ့ကြိုတင်ပြီး ကံဆောင်ရတာက ပြည်တွင်းမှာရှိတဲ့သံဃာတော်တွေ အဖြစ်မနေ ဒီတတိယအကြိမ် ပတ္တနိကုဇ္ဇနကံကိုဆောင်ကြဖို့ လှုံဆော်တာ ဖြစ်ပါတယ်။” ဟု မိန့်ကြားသည်။
တဘက်တွင်လည်း ပြည်သူတွေ ကျောင်းသားလူငယ်တွေ တပ်မတော်အရာရှိတွေလည်း ဒီကံဆောင် မှုမှာ ပါဝင်နိုင်ကြရန်နှင့် အထမြောက်သည့်အထိ သံဃာတော်များကို ကူညီကြရန် အရှင်ရက္ခ၀ံသမှ တိုက်တွန်းသွားသည်။
ရဟန်းတော်များက နအဖစစ်အစိုးရကို ဖမ်းဆီးခံထားရသည့် ရဟန်းတော်များကိုလွတ်ပေးရန် သံဃာတော်များကို ၀န်ချတောင်းပန်ရန် ကုန်ဈေးနှုန်း လျော့ချ ပေးရန် အပါအ၀င် နိုင်ငံသားအကျဉ်းသားများကို လွတ်ပေးရန် တောင်းဆိုထားခဲ့ကြသည်။
No comments:
Post a Comment