မဇ္ဈိမသတင်းဌာန စနေနေ့၊ အောက်တိုဘာလ 03 ရက် 2009
ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေသည် နာဂစ်ဆိုင်ကလုံးမုန်တိုင်းဒဏ်သင့် မြစ်ဝကျွန်းပေါ်ဒေသသို့ ၂ ရက်တာခရီး သွားရောက်မှာဖြစ်သည်ဟု စစ်ဘက်သတင်းရပ်ကွက်အရ သိရသည်။
အောက်တိုဘာ ၆ ရက်နေ့တွင် ခရီးစဉ်စတင်မှာဖြစ်ပြီ ဖျာပုံမြို့နယ်ရှိ ဆိုင်ကလုံးမုန်တိုင်းဖြစ်လျှင် ခိုလှုံရာဖြစ်သော ယုဇနဆိုင်ကလုံးခိုဇရပ် ဖွင့်ပွဲကို တက်ရောက်မှာဖြစ်သည်။ အခြားသော ဆိုင်ကလုံးခိုဇရပ်များမှာ သတ်မှတ်ချိန် ပြီးစီးခြင်းမရှိသေး၍ အချိန်မှီ ဖွင့်ပွဲမလုပ်နိုင်ဘဲရှိသည်။
ဗိုလ်ချုပ်မှုးကြီးသန်းရွှေသည် ရန်ကုန်တွင် ရောက်ရှိနေပြီး သီတင်းကျွတ်ကာလဖြစ်သည့်အတွက် ဂါရ၀ ပြုလိုသူ စစ်ဘက်အရာရှိကြီးများနှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် တွေ့ဆုံနေရသည်ဟုလည်း ဆိုသည်။
ထို့အပြင်နံပါတ် ၁ စစ်အစိုးရခေါင်းဆောင်သည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေ့ဆုံကောင်း တွေ့ဆုံနိုင်ဖွယ်ရှိသည်ဟု စစ်ဘက်သတင်းရပ်ကွက်တွင် ထင်ကြေးပေးနေကြသည်။
” အရာရာအားလုံး ချောချောမွေ့မွေ့ဖြစ်တယ်ဆိုရင် ဗိုလ်ချုပ်မှုးကြီး တွေ့မယ်နဲ့တူတယ်။ အဲသလိုမဟုတ်ရင်တော့ တခြားတယောက်ယောက်ပေါ့” ဟု သတင်းရပ်ကွက်တခုက ပြောသည်။ သို့သော် မည်သို့သော ကန့်သတ်ချက်များ၊ အခြေအနေများအပေါ် မူတည်သည်ဆိုခြင်းကို ပြောဆိုသွားခြင်းမရှိပါ။
နအဖ၏ ဆက်ဆံရေးဝန်ကြီး ဗိုလ်ချုပ်အောင်ကြည်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ရိပ်သာတွင် မိနစ် ၄၀ ကြာ တွေ့ဆုံဆွေးနွေးမှုပြုခဲ့သည်။ ယနေ့မွန်းလွဲ ၁ နာရီက စတင် ပြုလုပ်သော ဆွေးနွေးပွဲအကြောင်းအရာကို ရှင်းရှင်းလင်းလင်းမသိရသေးသော်လည်း ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်က စစ်ခေါင်းဆောင်ထံ ပေးပို့လိုက်သော စာနှင့် ပတ်သက်နေနိုင်သည်ဟု ရန်ကုန်ရှိ အတိုက်အခံသတင်းရပ်ကွက်ကပြောသည်။
မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုကို ပြန်လည်ရုပ်သိမ်းရန် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် သြစတြေးလျတို့ကို စည်းရုံးသိမ်းသွင်းပေးမည်ဟု စက်တင်ဘာ ၂၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှုးကြီးသန်းရွှေထံ ရေးသားပေးပို့သော စာတွင် ပါရှိသည်။
ထို့အတွက် သက်ဆိုင်ရာနိုင်ငံများ၏ သံတမန်များနှင့် တွေ့ဆုံခွင့်ပြုရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်က ရေးသားထားသည်။
No comments:
Post a Comment