Thursday, April 30, 2009

၂၀၁၀ ထောက်ခံမဲရရေး ဗိုလ်သိန်းစိန် လိုင်းဖုန်းနှင့်မျှားခေါ်နေ

သျှမ်းသံတော်ဆင့် ကြာသပတေးနေ့၊ 30 ဧပြီလ 2009

ယခုလ နှောင်းပိုင်း ၌ နအဖ ၀န်ကြီးချုပ် ဗိုလ်သိန်းစိန် ကျိုင်းတုံ - မိုင်းယန်း သို့ခရီး ထွက်စဉ် “လူထု အတွက်လိုင်းဖုန်း ရာချီချ ပေးမယ်၊ ၂၀၁၀ ရွေးကောက်ပွဲမှာ နိုင်ငံတော်အကျိုး ပြုတဲ့ ပါတီကိုသာ ထောက်ခံ မဲပေးရမယ်” ဟုဌာနပေါင်း စုံဝန်ထမ်း နှင့် လူထုကို စည်းရုံးရန် သက်ဆိုင်ရာ အာဏာပိုင်များကို မိန့်မှာခဲ့ကြောင်း တရုပ်နယ်စပ် သတင်း ရပ်ကွက်က ဆိုသည်။

ဧပြီ ၂၅ ရက်က သျှမ်းပြည် နှင့် ကယားပြည် စစ်တိုင်းချုပ် ဒုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်သည် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် ကြီးသိန်းစိန်နှင့်အတူ ကျိုင်းတုံမှ မိုင်းယန်းသို့ ဟတ်စကီးဖြင့် ထွက်လာရာ မိုင်းယန်းရှိဌာနပေါင်းစုံဝန်ထမ်းများ၊ ရပ်ကွက်ကျေး ရွာအကြီးအကဲများကို အစည်းအဝေးတရပ် ဆင့်ခေါ်ပြီး ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြောဆိုတိုက်တွန်း မှုများရှိခဲ့ကြောင်း အမည်မဖေါ်လိုသူ ၀န်ထမ်းတဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

“မိုင်းယန်း လူထုအတွက် တယ်လီဖုန်း(လိုင်းဖုန်း) အလုံး ၂၀၀ ချပေးမယ်လို့ပြောတယ်။ မိုင်းယန်းမြို့နယ် လူထုအားလုံး နိုင်ငံတော်အတွက် အကျိုးပြုတဲ့ ပါတီကိုသာ ထောက်ခံမဲပေးဖို့ဒေသခံ ပြည်သူထဲ စည်းရုံးရေးဆင်းရမယ်လို့ လဲပြော သွားတယ်” ဟု ဟုဆို၏။

မိုင်းယန်းမြို့ဒေသခံများမှာ ဈေးသက်သာပြီး အဆင်ပြေစွာ ခေါ်ဆိုဆက်သွယ်နိုင်သည့် တရုပ်လက်ကိုင် ဖုန်းများ ကိုင်တွယ် အသုံးပြုနေပြီဖြစ်နေကြောင်း၊ ခေါ်ဆိုဆက်သွယ်ရခက်ခဲသည့် စစ်အစိုးရ၏ လက်ကိုင်ဖုန်း/လိုင်းဖုန်းများကို စိတ်မ၀င်စားကြ ကြောင်းပြောသည်ဟုဆို၏။

လိုင်းဖုန်းတလုံး ကာလပေါက်ဈေး ကျပ် ၂၃ သိန်း၊ GSM လက်ကိုင်ဖုန်း ၁၉ သိန်းရှိကြောင်း၊ စစ်အစိုးရချပေးသည့် ဖုန်းခကျပ် ၁၀ သိန်းကုန်ကျမည်ဟု ဆိုသော်လည်း တပ်ဆင်ပြီးစီးသည့်အထိ ပြင်ပဈေးနှင့်မခြားနားကြောင်း၊ တာချီလိတ် ဒေသခံတဦးက “အစိုးရချပေးရင် ၀န်ထမ်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေဘဲ၊ ဖုန်းရတဲ့ဝန်ထမ်းတွေက ပြင်ပပေါက်ဈေးနဲ့သူများကို ပြန်ရောင်းပေးတယ်” ဟုဆိုသည်။

“အခု ၀န်ကြီးချုပ်ပြောသွားတဲ့စကားအရဆိုရင် စစ်အစိုးရအလိုမကျတဲ့ပါတီကို ထောက်ခံမဲမပေးဖို့၊ မဆလ ကနေဆင်း သက်လာတဲ့ တစညပါတီ ဒါမှမဟုတ် ကြံ့ဖွတ်ကနေအသွင်ပြောင်းလာတဲ့ပါတီ တို့ကိုသာ ထောက်ခံမဲပေးကြပါ ဆိုတဲ့ သဘောဘဲ” ဟု အမည်မဖေါ်လိုသည့် ကျိုင်းတုံမြို့ခံ ၀န်ထမ်းတဦးကလဲဆိုသည်။

ရန်ကုန်ရောက်ကျိုင်းတုံအမျိုးသားတဦးကလည်း လတ်တလော၌ စစ်အစိုးရ၏ ရှေ့နေများ ရွေးကောက်ပွဲဥပဒေဆိုင်ရာ အချက်အလက်များဖုတ်ပူမီးတိုက်ရေးဆွဲနေကြကြောင်း၊ နိုင်ငံရေးပါတီဖြစ်လာမည့် ကြံ့ဖွတ် လူမှုရေးအသင်း၏ လမ်း၊ တံတား စီမံကိန်းများတွင်အသုံးခဲ့သည့် ငွေရေးကြေးရေးအကြောင်းပြချက်ဖြင့် ပါတီထူထောင်ရေး၊မဲဆွယ်စည်းရုံးရေးတို့ တွင် ငွေကြေး ဖေါဖါသီသီ သုံးဖြုန်းနိုင်ရန်လမ်းဖွင့်ပေးထားကြောင်း၊ စစ်အစိုးရအသုံးစရိတ်ကို တောက်လျှောက် သုံးစွဲလာသည့် ကြံ့ဖွတ် အသင်း နိုင်ငံရေးပါတီအသွင်ပြောင်းလျှင် အမည်သုံးခုဖြင့်ခွဲပြီး ပါတီထောင်နိုင်ဖွယ်ရှိကြောင်း ပြောဆိုပါသည်။

တောင်းဆိုချက်ကို လိုက်လျောမည်ဆိုပါက ရွေးကောက်ပွဲ ၀င်ရန် ရည်ရွယ်

NEJ /၃၀ ဧပြီ ၂၀၀၉

တောင်းဆိုချက် သုံးရပ်ကို လိုက်လျော မည်ဆိုပါက အမျိုး သား စီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ရန် ရည်ရွယ်ကြောင်း အဖွဲ့ချုပ်၏ စုံညီ အစည်းအဝေးအပြီး ယမန်နေ့ ထုတ်ပြန် ကြေညာ စာတမ်းတွင် တင်ပြထားသည်။

တောင်းဆိုချက် (၃) ရပ်မှာ အဖွဲ့ချုပ် ခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံး ခြွင်းချက်မရှိ ပြန်လွှတ် ပေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှ ဒီမိုကရေစီ စံနှုန်းများနှင့် မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးရေး နှင့် အားလုံး ပါဝင်နိုင်မည့် လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲ အဖြစ် နိုင်ငံတကာ ၏ စောင့်ကြပ် လေ့လာမှုကို ခွင့်ပြုရေး စသည့် အချက်များကို တောင်း ဆိုထားသည်။

ယင်းတောင်းဆိုချက်များကို လိုက်လျောပါက အန်အယ်လ်ဒီသည် ပေါ်ပေါက်လာမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်း ဥပဒေနှင့် ရွေးကောက် ပွဲနှင့်စပ်လျဉ်းသော ဥပဒေတို့ကို လေ့လာစဉ်းစားပြီး ရွေးကောက်ပွဲဝင်ရန် ရည်ရွယ်သည်ဟု ထုတ်ပြန်ကြေညာသည်။


အဆိုပါထုတ်ပြန်ချက်ပါ တောင်းဆိုချက်များနှင့်ပတ်သက်၍ အန်အယ်လ်ဒီ၏သဘောထား၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ဒီမိုကရေစီစံနှုန်းများ၊ နအဖ၏ လိုက်လျောမှု ရှိနိုင်မည့်အခြေအနေများကို ခေတ်ပြိုင်က အစည်းအဝေးတက်ရောက်ခဲ့သည့် အန်အယ်လ်ဒီ ပြောခွင့်ရသူတဦးဖြစ်သူ ဦးဉာဏ်ဝင်းအား ဆက်သွယ်မေးမြန်းခဲ့သည်။

ရွေးကောက်ပွဲဝင်ရန် ရည်ရွယ်ချက်နှင့်ပတ်သက်၍ ဦးဉာဏ်ဝင်းက “ကျနော်တို့ move နည်းနည်းလုပ်တာပေါ့။ အရင် ရပ်တည်ချက်တွေ ပြင်တော့မပြင်ဘူး။ သို့သော် ကျနော်တို့ ပြင်သာပြောင်းသာဖြစ်တဲ့ တောင်းဆိုချက်မျိုး၊ နောက်ပြီးတော့ ဖြစ်နိုင်ခြေရှိတဲ့ တောင်းဆိုချက်မျိုးကို ပြုပြင်ပြီးတော့ တောင်းဆိုတဲ့သဘောပါ” ဟု ပြောသည်။

၎င်းက ဆက်လက်ပြီး နအဖ၏ ဖွဲ့စည်းပုံသည် ဒီမိုကရေစီစံနှုန်းများဖြင့် မကိုက်ညီကြောင်း ရှင်းပြသည်။

“လိုရင်းကို ခြုံပြောရင်တော့ ၂၀၀၈ အခြေခံဖွဲ့စည်းပုံဥပဒေက ပြည်သူရွေးကောက်တင်မြှောက်တဲ့ ပြည်သူ့ ကိုယ်စားလှယ်က အဓိကမဟုတ်ဘဲနဲ့ စစ်တပ်က အဓိက ဖြစ်နေတယ်။ ဒါ ဒီမိုကရေစီစံနှုန်းနဲ့ လုံးဝမကိုက်ညီဘူး။ တချက်ချင်း အသေးစိတ်ဆိုရင်တော့ အများကြီးပါပဲ” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

အန်အယ်လ်ဒီအနေဖြင့် ပြည်သူ့အကျိုးကို မျှော်ကိုး၍ ယခုကဲ့သို့ တောင်းဆိုခြင်းဖြစ်သည်ဟုလည်း ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “သာမန်အားဖြင့်တော့ သူတို့သွားနေတဲ့လမ်းကြောင်းက လိုက်လျောဖို့မရှိပါဘူး။ သို့သော်လည်း ဒီတောင်းဆိုချက်သုံးရပ်သည် အများပြည်သူက မျှတတဲ့တောင်းဆိုချက်လို့ မြင်သာတဲ့ကိစ္စများ ဖြစ်တဲ့အတွက် ကျနော်တို့တစုံတရာ အကျိုးရှိနိုင်တယ်လို့ မျှော်လင့်ပြီးတော့ အခုလို ပြုပြင်တောင်းဆိုတာဖြစ်ပါတယ်။ ကျနော်တို့ ဒီကြေညာချက်နဲ့ ဆွေးနွေးပွဲတွေဟာ နှစ်ဘက်တွေ့ဆုံညှိနှိုင်းလို့ရှိရင် ပြေလည်နိုင်တယ်။ အန်အယ်လ်ဒီ ဘက်ကတော့ ပြုသာပြင်သာမူဝါဒကို ကိုင်စွဲတယ်ဆိုတာကို အသိပေးတာပါ” ဟု ပြောသည်။

နအဖစစ်အစိုးရဘက်မှ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပျက်သုဉ်းရေး၊ မြန်မာနိုင်ငံ အား စီးပွားရေးအဆက်အသွယ် ဖြတ်တောက်ရေးအပါအ၀င် အလုံးစုံပိတ်ဆို့ရေးစသည်တို့ကို စွန့်လွှတ်ကြောင်း ကြေညာရန်နှင့် ယင်းသို့ကြေညာပါက ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးမည်ဟု တရားဝင်ကြေညာချက် ထုတ်ပြန်ထားသည်။

အန်အယ်လ်ဒီဘက်မှမူ နအဖတင်ပြသည့် ယင်းအချက် (၄) ချက်သည် အန်အယ်လ်ဒီက ဆုပ်ကိုင်ထားသည့် မူဝါဒများ တခုမှမဟုတ်ကြောင်း ငြင်းပယ်ခဲ့သည်။

အုန်းဖျန်စခန်းကို ဒီကေဘီအေ ၀င်စီးမည့်သတင်းကြောင့် ဒုက္ခသည်များ ပုန်းခိုကျင်းတူးနေကြ

NEJ /၃၀ ဧပြီ ၂၀၀၉

အုန်းဖျန် ဒုက္ခသည် စခန်းကို တိုးတက်သော ကရင် ဗုဒ္ဓဘာသာ အဖွဲ့ (ဒီကေဘီအေ) မှ ၀င်ရောက် စီးနင်း မီးရှို့ဖျက်ဆီး မည်ဟူသော သတင်း များထွက်ပေါ် နေသောကြောင့် စခန်းတွင်း နေထိုင်သူ (၂၅,၀၀၀) ခန့်မှာ ကျီးလန့် စာစားဖြစ်နေ ကြသည်။


ဒီကေဘီအေအဖွဲ့မှ အုန်းဖျန်စခန်းအတွင်း ၀င်ရောက်မီးရှို့ဖျက်ဆီးပြီး အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မည်ဆိုသည့် သတင်းတရပ်ကြောင့် စခန်းတွင်းနေထိုင်သူများမှာ ယခု ရက်ပိုင်းအတွင်း အထုပ်အပိုးများ ထုပ်ပိုးထားကြကာ ရပ်ကွက်များတွင်လည်း ပုန်းခိုကျင်းများ တူးထားကြပြီး အချို့စခန်းအနီးရှိ တောင်ပေါ်တွင် တက်ရောက်ပုန်းရှောင်ကြသည်။

အဆိုပါအတည်မပြုနိုင်သည့် သတင်းထွက်ပေါ်မှုနှင့်ပတ်သက်၍ ခေတ်ပြိုင်မှ ဒီကေဘီအေသို့ ဆက်သွယ်မေးမြန်း ရန် ကြိုးစားသော်လည်း ဖုန်းပိတ်ထားသည်။

ကရင်ဒုက္ခသည်ကော်မတီ ဥက္ကဋ္ဌ ဆရာရောဘတ်ထွေးက “ဒီရက်ပိုင်းအတွင်းမှာ အုန်းဖျန်စခန်းကို ဒီကေဘီအေနဲ့ စောဌေးမောင်ငြိမ်းချမ်းရေးအဖွဲ့တွေက ၀ါဒဖြန့်ထားတာတွေရှိတော့ ဒုက္ခသည်တွေ စိုးရိမ်ကြောက်လန့်ပြီး ရှောင်ပုန်း ကြတာဖြစ်တယ်” ဟု ပြောသည်။

အုန်းဖျန်ဒုက္ခသည်စခန်းမှ ဒုက္ခသည်တဦးဖြစ်သူ ဦးဖလူက “ကျနော်တို့အခု ပစ္စည်းတွေ ထုပ်ပိုးထားတယ်။ ညဘက်မအိပ်ရဲဘူး။ ပုန်းခိုကျင်းလည်း တူးထားတယ်၊ ပုန်းခိုကျင်းတူးတဲ့လူတွေ ရပ်ကွက်တိုင်းမှာ ရှိတယ်” ဟု ပြောသည်။

ဦးဖလူသည် ဟွေ့ကလုပ်ဒုက္ခသည်စခန်းမှ ပြောင်းလာသူဖြစ်ပြီး ယင်းစခန်းအား ဒီကေဘီအေ (၉၉၉) မှ ဗိုလ်ချစ်သူတို့က လာရောက်ကာ အိမ်များကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဒုက္ခသည်များနှင့်အတူ ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ရသူဖြစ်သည်။

၎င်းက “ထိုင်းစစ်တပ်ကလည်း ဘာမှ အကာအကွယ်မပေးနိုင်ဘူး။ ဒီလို အတွေ့အကြုံမျိုးရှိတော့ ဒုက္ခသည်တွေ စိုးရိမ်တာ မလွန်ဘူး” ဟု ပြောသည်။

အုန်းဖျန်စခန်းနှင့် ဒီကေဘီအေ (၉၀၇) အခြေစိုက်ရာ ဒေသသည် ကီလိုမီတာ (၄၀) ခန့်သာ ကွာဝေးသောကြောင့် ဒုက္ခသည်များ စိုးရိမ်ပူပန်ကြခြင်းဖြစ်သည်။

ယခင်က ဖျက်သိမ်းလိုက်သည့် တာ့ခ်ခရိုင်အတွင်းရှိ ဟွေ့ကလုပ်၊ ရှိုးကလိုး၊ ဘောနော် စသည့် ဒုက္ခသည်စခန်း သုံးခုကို ဒီကေဘီအေအဖွဲ့က ထိုင်းနိုင်ငံအတွင်း ၀င်ရောက်ကာ မီးရှို့တိုက်ခိုက်ဖျက်ဆီးမှုများ လုပ်ခဲ့သဖြင့် ဒုက္ခသည်အချို့သေဆုံး ဒဏ်ရာရမှုများ ဖြစ်ခဲ့ပြီး အိုးအိမ်နှင့် ပစ္စည်းများ ဆုံးရှုံးခဲ့ရသည်။

အဆိုပါစခန်းများအား ဒီကေဘီအေတို့ ၀င်ရောက်ဖျက်ဆီးရာတွင် ထိုင်းလုံခြုံရေးအဖွဲ့များက တစုံတရာ ၀င်ရောက်ဟန့်တားနိုင်သည့် အခြေအနေမရှိကြောင်း၊ ဒုက္ခသည်များ ကြိုတင်ရရှိထားသည့် သတင်းကို စခန်းအုပ်ချုပ်ရေး တာဝန်ရှိသူများအား ပြောကြားသော်လည်း တာဝန်ရှိသူများက ကောလာဟလ သတင်းများသာဖြစ်သည်ဟု ဆိုကာ အရေးမလုပ်ကြောင်း၊ အမှန်တကယ် ပြဿနာဖြစ်ချိန်တွင် ဒုက္ခသည်များသာ ဒုက္ခရောက်ကြရသည်ဟု ဟွေ့ကလုပ် ဒုက္ခသည်စခန်းဟောင်းတွင် နေထိုင်ခဲ့သူတဦးက ခေတ်ပြိုင်သို့ ပြောသည်။


အုန်းဖျန်ဒုက္ခသည်စခန်း၏ တဘက်ခြမ်း မြန်မာနိုင်ငံဘက်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် တည်ရှိပြီး မြန်မာဘက် နယ်စပ်မျဉ်းအနီးတွင် ဒီကေဘီအေ တပ်ရင်း (၉၀၇) အခြေချသည့် ကလို့ထူးဘော ဒေသဖြစ်သည်။

ဖျာပုံမြို့နယ်က နာဂစ်ဘေးသင့်သူများ တာပေါ်လင် အမိုးအိမ်ဖြင့်နေရဆဲ


NEJ /၃၀ ဧပြီ ၂၀၀၉

နာဂစ် မုန်တိုင်း ဒဏ်ခံရ သည်မှာ တနှစ်ပြည့်လုနီး ဖြစ်သော်လည်း မုန်တိုင်းသင့် ဒေသများတွင် နေအိမ်အ ခက်အခဲ ရှိနေ ဆဲဖြစ် ကြောင်း ဖျာ ပုံမြို့ နယ်တွင်း ကျေးရွာများက သိရှိရသည်။

“အရင်ကဆိုရင်တော့ ဒီရွာဟာ အိမ်ခြေ (၈၀) ကျော်လောက်သာရှိတဲ့ မိသားစုတွေနေထိုင်ကြတယ်။ အခုတော့ နှစ်ဆတိုးလာတယ်။ ဘာလို့လည်းဆိုတော့ နာဂစ်မဖြစ်ခင်က လူတွေဟာ လယ်တွေလုပ်ရင်း၊ ရေလုပ်ငန်းလုပ်ရင်း၊ ကျပန်းလုပ်ကိုင်ရင်းနဲ့  ကွင်းထဲတွေမှာ နေကြတယ်လေ။ မုန်တိုင်းတိုက်ပြီးတော့ ရွာထဲကို ပြောင်းပြေးလာကြတယ်။ နေစရာက မရှိတော့ဘူးလေ။ အလှူရှင်တွေလှူတဲ့ နေစရာလေးတွေကိုပဲ ခုထိ မျှော်နေရဆဲပဲ” ဟု ဖျာပုံမြို့နယ် အချာလေးကျေးရွာသားတဦးက ပြောသည်။

နာဂစ်ကာလက ရွာတွင် အစိုးရကပေးသော အလှူပစ္စည်းများ အနည်းစုသာရရှိခဲ့ပြီး ယခုအခါ save the children/ world vision နှင့် အခြားသော ပုဂ္ဂလိကအဖွဲ့အစည်းများက စားဝတ်နေရေးကိစ္စရပ်များကို ဖြေရှင်းပေးနေဆဲ ဖြစ်ကြောင်း ရွာခံများက ပြောသည်။

ဒေးဒရဲမြို့နယ်တွင်းရှိ ဇီးဖြူချောင်းရွာ၊ တမံစုရွာတို့တွင် နေအိမ်အခက်အခဲဖြစ်နေသူအချို့ ရှိနေကြောင်း ရွာခံများက ပြောသည်။

“ကျနော်တို့က ဘောက် (ကျပန်း) လုပ်စားတာပါ။ အမှန်အတိုင်းပြောရရင် အရင်တုန်းကလည်း ကျနော်တို့ တောနေရတာ ဒီလိုပုံစံမျိုးပါပဲ။ ဒါပေမယ့် တခုကွာတာက အိမ်တွေသေးသေးလေး ဖြစ်ချင် ဖြစ်မယ်၊ သေသေသပ်သပ် အမိုးအကာနဲ့ ကျကျနန ဆောက်ထားကြတာလေ။ နာဂစ်မုန်တိုင်းက ကျနော်တို့ရဲ့ အိမ်တွေကို အမှိုက်တစလေးလိုပဲ သယ်သိမ်းသွားတာလေ။ အရင်က ကျပန်းလုပ်ကိုင် စားသောက်တယ်ဆိုပေမယ့် အလုပ် လုပ်ရတာ လွယ်ကူတယ်။ ရှင်းရှင်းပြောရရင် ငွေရှာရတာ လွယ်တယ်လေ။ ခုများတော့ မလွယ်တော့ဘူး။ ဒါကြောင့် အလှူရှင်ကိုပဲ မျှော်ရတာပါ” ဟု ဇီးဖြူချောင်းကျေးရွာသားတဦးက ပြောသည်။

ရွာတရွာလျှင် အိမ်ခြေ (၁၀၀) မှ (၂၀၀) ၀န်းကျင်ရှိသော ဒေးဒရဲမြို့နယ် လေးအိမ်တန်းကျေးရွာအုပ်စုရှိ ရွာများတွင် နာဂစ်တိုက်ပြီးစဉ်ကာလက အလှူရှင်များပေးသော တာပေါ်လင် အမိုးနဲ့  ၀ါးထရံအကာ အိမ်များဖြင့် ပြီးခဲ့သည့် မိုးရာသီကာလကို ကျော်လွန် ဖြတ်သန်းခဲ့ကြရပြီးနောက် ယခုနှစ်အတွက် တတ်နိုင်သူများအနေဖြင့် ဓနိကို ပြောင်း၍ မိုးကြသော်လည်း မတတ်နိုင်သူများအနေဖြင့် တမိုးအသုံးပြုပြီးသော တာပေါ်လင် အမိုးအိမ်တို့ဖြင့်သာ ယခုနှစ် မိုးရာသီကို ကုန်လွန်ရတော့မည် ဖြစ်ကြောင်း ယင်းဒေသရှိ ရွာခံများက ပြောပြကြသည်။

မောင်တောတွင် အမျိုးသမီးငယ် တဦး မုဒိမ်းကျင့်ခံရ

Narinjara News 4/30/2009

မောင်သစ်အောင် (နိရဉ္စရာ) မောင်တောမြို့နယ် သရီ ကုန်းဘောင် ကျေးရွာမှ အသက် ၁၇ အရွယ် ရခိုင် အမျိုးသမီးငယ် တဦးကို လုံခြုံရေး တာဝန်ယူထားသည့် နစက ဗိုလ်အဆင့် ရှိသူ တဦးက ဗလက္ကာရ ပြုကျင့်ခဲ့သည်ဟု သူမ၏ ဆွေမျိုး တဦးက နိရဉ္စရာသို့ ပြောသည်။

“ ကျွန်တော် တူမလေးကို ဗလက္ကာရ ပြုကျင့်တဲ့သူက နစက တပ်ဖွဲ့မှ ဒုဗိုလ် စောလွင် ဖြစ်ပါတယ်။ ခြံစည်းရိုးကာရံနေတဲ့ စစ်သားတွေကို လုံခြုံရေး ယူနေတဲ့ အဖွဲ့က ဖြစ်ပါတယ်။”

အဆိုပါ ဖြစ်စဉ်မှာ လွန်ခဲ့သော ကြာသပတေးနေ့ ညဥ့်တွင် လုံခြုံရေး တာဝန်ကျနေသော ဒုဗိုလ် စောလွှင် ဦးစီသော နစက တပ်စိတ် တစိတ်မှ အဆိုပါ အမျိုးသမီးငယ်အိမ်တွင် တည်းခိုနေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ဗလက္ကာရ ပြုကျင့် ခံရတဲ့ အကြောင်းကို မိသားစု တွေကို ကျွန်တော် တူမလေးက ပြောပြတော့ ပြဿနာ မကြီးထွားရအောင် လက်ထပ်ယူပါ ပြောတော့ ဗိုလ်စောလွှင်က လုံးဝ ပျောက်သွားတယ်။ ရှောင်နေ တယ်လို့ ယူဆရတယ်။ ခုကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ ဆိုတာကို မသိသေးတဲ့အတွက် ဆရာတို့ဆီိကို အကြောင်းကြားရတာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

အဆိုပါ အမူ ဖြစ်ပွားပြီးနောက် စောလွှင်ကို ရှာဖွေ၍ မရဖြစ်နေသဖြင့် မိသားစုများ အနေဖြင့် အဆိုပါ ပြဿနာကို မည်သို့ ဖြေရှင်းရမည်ကို မသိဘဲ ဖြစ်နေသည်ဟု သိရသည်။

၎င်းပြင်သူက “ဒီဟာက မိန်းခလေး သဘော မတူတဲ့အတွက် မုဒိမ်းမှု ဖြစ်ပါတယ်။ ခုကိစ္စကို ဗျူဟာကို သွားတိုင်ရင်လည်း ထူးခြားလာမှာ မဟုတ်တဲ့ အပြင် ကျွန်တော်တို့ကို တပ်မတော်ကို အရှက်ခွဲဖို့ ကြံရွယ်တယ်ဆိုပြီး စွပ်စွဲပြီး ဖမ်းချုပ်နိုင်တဲ့အတွက် ဘယ်သူမှ သွားမ တိုင်ရဲဘူး။ ရဲစခန်းကို တိုင်ရင်လည်း လက်နက်ကိုင် တပ်ဖွဲ့နဲ့ ဖြစ်တဲ့ ကိစ္စ သူတို့ တာဝန်မယူနိုင်ဘူးဆိုရင် ကျွန်တော်တို့ဘဲ အရှက်ရ မှာမို့ သွားမတိုင်ဘဲ ဒီအတိုင်း ထိုင်နေရပါတယ်” ဟု ပြောသည်။

သို့သော်လည်း ယခုအခါ အဆိုပါ သတင်းမှာ တစတစ ပျံ့နှံ့လာနေသဖြင့် သက်ဆိုင်ရာ ကျေးရွာ လူကြီးများနှင့် ရခိုင်အသိုင်းအ၀ိုင်းမှ နီးစပ်ရာ ဆွေမျိုးများသို့ စုံစမ်း မေးမြန်းမူများ ပြုလုပ်နေကြသည်ဟု သိရသည်။

စက်မှုဇုံသို့ စက်ရုံများပြောင်းခြင်းကြောင့် ပြည်သူများ အခက်အခဲပိုတွေ့

ကို (၂)

ကရင်နီ (ကယား) ပြည်နယ် လွိုင်ကော်မြို့နယ် အရပ်ရပ်မှ စက်ရုံများ သည် လွိုင်ကော် - မိုးဗြဲလမ်း နှင့် လွိုင်ကော်-လွိုင်လင် လမ်းဆုံ ရပ်တွင် အစိုးရက စက်မှုဇုံ သတ်မှတ်မှု ကြောင့် စက်ရုံပိုင်များ၊ ပြည်သူများ၊ တောင်သူများ အတွက် ခရီးသွား လာရန်တွင် ပိုအခက်အ ခဲရှိသည်ဟု သိရသည်။

ကရင်နီ လူမှုကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက “ နွားလည်းနဲ့ ပေးမ၀င်ဘူးလေ။ တချို့က သူ့မှာ ထော်လော်ဂျီ စက်မရှိဘူး၊ ဆိုင်ကယ်မရှိဘူး၊ ကားမရှိတဲ့ အခါကျတော့ လူနဲ့ထမ်းသွားလည်း မနိုင်ဘူး၊ ဆိုတဲ့အခါကျတော့ ထော်လော်ဂျီငှား ရတယ်၊ ဆိုင်ကယ် ငှားရတယ်၊ စက်တခုခု ငှါးရတယ်။ ကားငှားရတယ် အဲဒီအခါကျတော့ လူထုအတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်တာပေါ့၊ စပါးကြိတ်မှာက ၁၀၀ ကုန်မယ်ဆိုရင် အဲဒီစက်တွေငှားရမှာနဲ့ ၂၀၀-၃၀၀ ကုန်သွားတယ်။ ” ဟု ရှင်းပြခဲ့သည်၊

အလားတူဘဲ စက်ရုံပိုင်ရှင်များသည် “မီးခိုးထွက်သည့်” စက်ရှံမှန်သမျှ စက်မှုဇုံတွင်းသို့ ပြောင်းရွေ့သွားရမည်ဟု လွိုင်ကော် ဒေသ ကွပ်ကဲရေး စစ်ဌာနချုပ် ( ဒကစ ) မှူး၏ အမိန့်ဖြင့် ပြောင်းရွေ့သွားခဲ့ကြသည်။ စက်ရုံပိုင်ရှင်များသည် စက်မှုဇုံတွင်းမှ မြေကွက်များကို သိန်း ၂၀-၃၀ ထိပေးဝယ်ရပြီး မပေးဝယ်နိုင်သည့် စက်ရုံပိုင်ရှင်များအချို့သည်ဟု သိရသည်။

သို့သော် စစ်အစိုးရနှင့် အပေါင်းအသင်းဖြစ်သည့် စက်ရုံပိုင်ရှင်တချို့သည် မပြောင်းရွေ့ခဲ့ကြပါ။

အစိုးရသည် စက်မှုဇုံ မြေဧက ၅၀၀ နီးပါး ပြည်သူထံ သိမ်းယူခဲ့ပြီး လယ်ပိုင်ရှင်များအတွက် လျှော်ကြေးသည် လယ်တစ်ဧကကို တစ် သိန်း ပြန်ပေးဆောင်ခဲ့သည်။ နောက်ပြီး တောင်ယာခင်းအတွက် ယာခင်းတစ်ဧကကို ၅ သောင်းပြန်လည်ပေးဆောင်ခဲ့သည်ဟု သိရ သည်။

ဒေသခံတဦးက “ ကျနော်တို့ ကျေးရွာမှာ သိမ်းလိုက်တဲ့ မြေဧကတွေအစား ပြန်ရပါတယ်၊ (တောင်ယာ) တဧက ကို ၅ သောင်းလောက် တော့ပေးတယ်။ ရတဲ့ ဟာက တအားနည်းတာပေါ့၊ နည်းတဲ့အခါကျတော့ သူတို့ (ရွာသားတွေ) လည်း မရတာနဲ့ အတူတူ ရတာလေးကိုပဲ ယူမယ်ဆိုတဲ့ သဘောမျိုးနဲ့ ကျေနပ်ထားတဲ့အပိုင်းမှာ ရှိတာပေါ့၊ ” ဟု ပြောဆိုပါသည်။

စက်မှုဇုံ တည်ဆောက်ပြီးနောက် ယခင် ဒကစမှူး ညွန့်တင် လက်ထက်တွင် ဆောင်ရွက်ခဲ့သော လုပ်ငန်များကို ယခု ဒကစမှူး ၀င်းမြင့်က ဆက်လက်မလုပ်ဆောင်ချင်ကြောင်း ဒေသခံတဦးက ဆက်ပြောပြပါသည်။

“ ဒီ (ဒကစ) မှူး ၀င်းမြင့်က လုံးလုံးကို ပြန်လည်မကြည့်တဲ့အခါကျတော့ မီးအခက်အခဲ ရှိတဲ့အခါကျတော့ မြို့ထဲကို ပြန်ပြောင်း မယ်ဆို ရင်လည်း ပြောင်းလို့မရ၊ နောက်ပြီး ဒီမှာလုပ်မယ် ဆိုရင်လည်း မီးကအားနည်း၊ ကျနော် သိရသလောကတော့ မီးအားနည်းချက်နဲ့ တချို့ လူတွေက မြို့ပေါ်မှာ ပြန်လုပ်ကြတာရှိသလို တချို့ကတော့လည်းပဲ ဒီမှာလုပ်နေတဲ့ လူတွေလည်း ရှိတာပေါ့နော်၊ ဒါပေမယ့် အခက်အခဲ ကျတော့ မြို့ထဲမှာ လုပ်ပိုင်ခွင့်နည်းနေတဲ့ အခါကျတော့ မလုပ်ရဲတဲ့အပိုင်းမှာ လည်း ရှိတယ်လေ” ဟု ပြောပါသည်။

၎င်း စက်မှုဇုံသည် ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် နှစ်လယ်ပိုင်းကတည်းက လွိုင်ကော် ဒကစ မှူးဟောင်း၏ အမိန့်ဖြင့်ပြောင်းရွေ့ သွားခဲ့ကြ သည်။

ကုမ် ရာသီ၊ နီလာ ညခင်းအလွန် ... နေ့စွဲများ


(၁)

၁၉၉၅ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကျနော်တို့ မာနယ်ပလောမှ ဆုတ်ခွာခဲ့ရသည်။ သောင်းရင်းမြစ်ကို ဝါးဖောင်ငယ်နှင့် ကူး၍ ဆုတ်ခွာခဲ့ကြ၏။ သောင်းရင်း၏ အရှေ့ဘက်ကမ်း သဲသောင်ပြင်သည် နွေးနေသည်။ မိုးမခပင် အုပ်အုပ်များက သဲသောင်ပြင်ပေါ်၌ ဟိုတစု …. ဒီတစု ….။ လရောင်သည် ဖန်မီးအိမ်ကို မီးဇာချ၍ ထွန်းညှိထားသကဲ့သို့ မှိန်မြမြ ….။ တဖက်ကမ်းမှ မီးစွယ်များ တက်လာ သည်ကို တွေ့ရ၏။ ယမ်းပေါက်ကွဲသံ ကြားရ၏။ ရေအားလျှပ်စစ် စက်ရုံငယ်အား KNLA အထူးကွန်မန်ဒိုအဖွဲ့မှ ဖောက်ခွဲဖျက်ဆီးလိုက်ပြီဟု ထင်ရသည်။ DAB တောင်ကြောကုန်းပေါ်မှ မီးစွယ်များက မီးရှိန်ကောင်းနေပြီ။

ဟိုမှာ …. NDF ရုံး … ။ ဟိုမှာ …. မိုင်တင်မောင်တို့၏ ပလောင်ရုံး ….။ ဟိုမှာ … PLF ….။ ဟိုမှာ …. DPNS …..။ ဟိုမှာ ….. NLD-LA …..။ ဟိုမှာ ….. NCGUB …..။ မီးစွယ်တက်ရာ အရပ်များကို ကြည့်ရင်း စိတ်၌ မှတ်သားမိနေ၏။

“ဆရာနိုင်ဝင်းဆွေ ရောက်ပြီလား ….”

မိုးမခပင် အုပ်အုပ်အောက်မှ မေးသံ ကြားရ၏။ အသံက … ရှတတ။ ကိုစိုးဝင်းညို (DVB ၊ နော်ဝေးတွင် တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်) ၏ အသံဟု ထင်ရသည်။

“ဆရာမန်းရှာတို့လည်း ကူးမလာကြသေးဘူး ….” ညသည် ဆိတ်ငြိမ်နေသည်။ လှိုင်းတိုရေဒီယိုလေးအတွင်းမှ ဒေါ်တင်ထားဆွေ၏ သတင်းကြေညာသံ ကြားနေရသည်။ ကြည်ကြည်လင်လင် ….။ သံတမန်တဦးမှတဆင့် ပေးပို့လိုက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ထုတ်ပြန်ကြေညာချက်အား ဒေါ်တင်ထားဆွေမှ ကြေညာနေ၏။ ကျနော်တို့အားလုံး ရေဒီယိုလေးအနီး တိုးကပ်၍ သွားကြသည်။ ထုတ်ပြန်ကြေညာချက်က ချုပ်လိုက်လျှင်မူ ….

“ …. လွတ်မြောက်ရေးခရီးအား ဆုံးခန်းတိုင်အောင်ချီ….” ဟူ၍ ဖြစ်မည်။

သတင်းကြေညာချက်က ပြီးသွားပြီ။ ဦးဖေသန်း၏ အသံက မြူးကြွစွာ ထွက်ပေါ်လာ၏။ ရေဒီယိုကို အသံတိုးလိုက်ကြ၏။ ကိုမြင့်ဇော် (ယခု ကွယ်လွန်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ) သည် ထိုင်ရာမှ ထရင်း …. လုံချည်ကို တိုတိုပြင်ဝတ်လိုက်၏။ ပြီးလျှင် …

“ ဒီညတော့ လှသွားပြီ…”

သူ့ဘာသာရေရွတ်ရင်း တဖက်ကမ်းသို့ မျှော်ကြည့်နေ၏။ တဖက်ကမ်းတွင်မူ မီးစွယ်တို့က မကျိုးသေး …..။ သောင်းရင်းမြစ်ရေတို့က စီးဆင်းမြဲ…၊ စီးဆင်းဆဲ….။ အလျဉ်းမပြတ်….။

(၂)

ထိုညတွင်ပင် ကျနော်တို့ “ဗဟေလူ” ရွာသို့ အရောက်သွားခဲ့ကြသည်။ “ဗဟေလူ” ရွာက သောင်းရင်းကို ကျနော်တို့ ကူးခဲ့သည့် နေရာ၏ မြောက်စူးစူးအရပ်တွင် ရှိသည်။ လူသွားလမ်းငယ်ကား … ဖုန်၍ နေသည်။ လရောင်ကြောင့် လမ်းကို ရေးရေးမြင်ရသည်။ ဓာတ်မီးသုံးရန်မလို ….။ အချို့နေရာများတွင်မူ ဝါးရုံအုပ်အုပ်များအောက်မှ ဖြတ်သွားကြရသည်။ အကိုင်း၊ အခက်၊ အရွက်တို့က လရိပ်ကို ကွယ်၏။ ဖျော့သော လရောင်သည် မှိန်သွား၏။ မမြင်ဝိုးတဝါး ….။ ထိုအခါ … ရှေ့လူ၏ “ဟန်” ကို ကြည့်လျှောက်ရသည်။ ခွ၍ကျော်သော ခြေကို မြင်လျှင် … ခွ၍ လိုက်ကျော်….။ ခြေလှမ်းကျဲနှင့် ကူးလိုက်သည်ကို တွေ့လျှင် …. လိုက်ကူး ….။ ဤသို့နှင့် “ဗဟေလူ” ကို ရောက်၏။ ဗဟေလူရွာက မှိုင်းလုံးကြီးချောင်း၏ နံဘေးတွင် တည်ထားသော ရွာဖြစ်သည်။ ကျနော်တို့ တည်းမည့်အိမ်က ချောင်းကို မျက်နှာမူ၍ ဆောက်ထားသည်။ ချောင်းရေစပ်နှင့် အိမ်အကြား၌ ရာသီ၊ သီးနှံအခင်းလေး ရှိသည်။ ပဲတောင့်ရှည်၊ ငရုတ်၊ ခရမ်း၊ မုန်ညင်းတို့က လရောင်ဖျော့ဖျော့အောက်၌ ညို့ညို့မှိုင်းမှိုင်း….။

ကိုယ်လက်သန့်စင်ရန် ချောင်းရေစပ်သို့ ဆင်းခဲ့ကြ၏။ မှိုင်းလုံးကြီးချောင်းက အရှေ့မှအနောက်သို့ စီးဆင်းခဲ့ပြီး တောင်မှ မြောက်သို့ စီးလာသော သောင်းရင်းနှင့် “မူယူထာ” အနားတွင် တိုး၏။ “ဗဟေလူ” က မှိုင်းလုံးကြီးချောင်း၏ တောင်ဘက်ကမ်းတွင်ရှိသည့် ရွာဟု ဆိုရမည်။

“မှိုင်းလုံးကြီးချောင်း” ရေပြင်က မကျယ်။ ပြာသိုလ၊ ဆုတ်ရက်ချောင်းရေက မနက် ….။ အချို့နေရာတွင် ပေါင်ရင်း …. အချို့နေရာတွင်မူ ရင်စို့မျှ ရှိ၏။ ချောင်းအတွင်းသို့ ပေါင်လယ်လောက်အနက်အထိ ဆင်းလိုက်သည်။ ချောင်းရေက အေးစက်၍ မနေ ….။ ချောင်းညှာဘက်ဆီ မျက်နှာမူ၍ လက်ဝါးနှင့် ရေကို သယ်ပြီး မျက်နှာသစ်လိုက်၏။ လန်းဆန်းသွားသည်။ လပြည့်ရက်လွန်လသည် မှိုင်းလုံးကြီးချောင်းကို အပေါ်တည့်တည့်မှ ခွ၍ မိုးထား၏။

လက … နှစ်စင်း ဖြစ်နေသည်။ ရေပြင်ပေါ်ရှိ လကမူ ရေပြင်ကို လိုက်၍ ပုံသဏ္ဍာန်ပြောင်းလဲနေသည်။ မှိုင်းလုံးကြီး၏ ရေစီးက ဆင်မယဉ်သာဟန်နှင့် ညင်သာလွန်းလှသည်။

ည…လ..နှင့် မှိုင်းလုံးကြီးသည် လွတ်မြောက်ရေး၏ အငွေ့အသက်တို့ကို သယ်ပိုး၍ စီးဆင်းနေသကဲ့သို့ ….။

တချိန်က …. ဗိုလ်ချုပ် ဦးဆောင်သည့် ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီးသည် ဤမြစ်ရိုးအတိုင်း စုန်၍ မြန်မာ့လွတ်လပ်ရေးအတွက် မြန်မာပြည်အတွင်းသို့ ချီခဲ့ကြ၏။ ဤမြေ …. ဤရေ … မှသည် မြန်မာ့လွတ်လပ်ရေးဆီသို့ ….။

(၃)

ရန်သူဘက်မှ ပစ်သော လက်နက်ကြီး ကျည်များက “ယာဒေးနီ” ကို လွန်၍ သောင်းရင်းမြစ်အတွင်း ကျ၏။ အချို့ကျည်များက သောင်းရင်းကို ကျော်ပြီး ထိုင်းဘက်ကမ်းသို့ပင် ရောက်၏။ ထိုင်းဘုရင့်တပ်မတော်၊ တပ်မ ၃ မှ တပ်များ နယ်စပ်စည်းတွင် နေရာချလာကြသည်။ နယ်စပ်စည်းဟု ဆိုသော်လည်း သောင်းရင်းကမ်းပါးတွင် မဟုတ် …။ “ဘောရှောလူ” နှင့် “ ဖွေးဘောလူ ” ရွာအကြား၌ပင် ဖြစ်၏ ။ “ဘောရှောလူ” နှင့် “ ဖွေးဘောလူ” ရွာများက မှိုင်းလုံးကြီးချောင်း၏ မြောက်ဘက်ကမ်းတွင် ရှိကြသည်။ ကျနော်တို့ ရောက်နေသည့် “ဗဟေလူ” နှင့်မူ တဖက်ကမ်းစီ….။

ကျနော်တို့ မာနယ်ပလောမှ ထွက်ခွာခဲ့ပြီး ၃ ရက်အကြာတွင်မူ ရန်သူနှင့် DKBA တပ်ဖွဲ့တို့ မာနယ်ပလောသို့ ဝင်ရောက်ခဲ့ကြ၏။ “ထူးဝါးလူ”၊ “ကပေါလူ” နှင့် ကျနော်တို့ ရှိနေသည့် “ဗဟေလူ” ရွာများကို DKBA မှ ပြောက်ကျားဝင်ပစ်မည်ဟု သတင်းရ၏။ ဤရွာများက …. ထိုင်းဘုရင့်တပ်မတော်မှ နယ်စပ်စည်း လုံခြုံရေး ယူထားသည့် ဧရိယာ၏ အပြင်ဘက်တွင် ရှိနေ၏။ သတင်းကြောင့် ရွာသားများကမူ …. အတွင်းပိုင်းသို့ ရွှေ့ပြောင်း၍ နေကြ၏။ “ ထူးဝါးလူ” တွင်က … ဆေးရုံရှိသည်။ ထူးဝါးလူး ဆေးရုံသည်လည်း “ဖွေးဘောလူ” ရွာသို့ ပြောင်းရွှေ့သွားကြပြီဖြစ်သည်။

ကျနော်တို့လည်း အစီအစဉ် ဆွဲကြရ၏။ ဥက္ကဋ္ဌ နှင့် ဗဟိုရုံးအဖွဲ့ကို “ဖွေးဘောလူ” သို့ ပြောင်းရွှေ့ရန် စီစဉ်ကြသည်။ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြနှင့် KNU ၏ အခြားခေါင်းဆောင်များသည်လည်း “ဖွေးဘောလူ” တွင် ပင်ရှိနေကြသည်ဖြစ်၍ ကျနော်တို့ ဥက္ကဋ္ဌအနေနှင့် “ဖွေးဘောလူ” တွင် ရှိနေခြင်းက မဟာမိတ်ဆက်ဆံရေးနှင့် အခြားသော နိုင်ငံရေးကိစ္စများတွင် အတူတွဲ၍ လုပ်ကိုင်နိုင်မည်။ ပြီးလျှင် …. ကျန်းမာရေး မကောင်းသည့်သူများ၊ အသက်ကြီးရင့်သူများနှင့် မိသားစုများကိုလည်း ဖွေးဘောလူသို့ပင် ပြောင်းရွှေ့ထားရန် ဆုံးဖြတ်ကြ၏။

ကျနော်တို့ကမူ …“နော်တ” စစ်မျက်နှာသို့ စစ်ကူတက်သွားကြသည့် ကျနော်တို့အဖွဲ့မှ တပ်ဖွဲ့များကို စောင့်ရန် “ဗဟေလူ” ရွာ၌ပင် ကျန်နေရစ်ကြမည်။ “ဗဟေလူ” တွင် … လုံခြုံရေးအတွက် သေနတ်ကိုင်၍ ရသည်။ ထိုင်းဘုရင့်တပ်မတော်မှ လုံခြုံရေးစစ်သည်များက မှိုင်းလုံးကြီးချောင်းကို ကူး၍ “ဗဟေလူ” ဘက်သို့ မလာကြ…။ တဖြည်းဖြည်းနှင့် “ဖွေးဘောလူ” သည် စစ်ပြေးတို့ ခိုလှုံရာ ရွာကြီးဖြစ်လာ၏။ ကျနော်တို့ တည်းနေသည့် “ဗဟေလူ” ရွာမှ အိမ်ရှင်တို့သည်လည်း “ဖွေးဘောလူ” သို့ ပြောင်းရွှေ့သွားကြပြီ….။

“ဗဟေလူ” သည် တစ…တစနှင့် လူခြေတိတ်၍ ရှင်းလာသည်။ ရွာသားဟူ၍ မရှိတော့…။ KNU တပ်ဖွဲ့ဝင်အချို့နှင့် ကျနော်တို့သာ ကျန်တော့၏။

နော်တမှ ပြန်ဆုတ်လာကြရသည့် ကျနော်တို့ တပ်ဖွဲ့သည် ယာဒေးနီ၊ လောကွားလူဘက်မှ သောင်းရင်းကို ကူး၍ မရတော့…။ ရန်သူနှင့် DKBA သည် ထိုဒေသအတွင်းသို့ ရောက်နေပြီ။ ဤအတွက် …. သူတို့သည် နော်တမှ ထီးသေးခီသို့ ဆုတ်ရပြီး … သောင်းရင်းကို ကူး၍ “မယ်ပေါထ” သို့ ရောက်၏။ “မယ်ပေါထရွာ” သည်လည်း စစ်ကြောင့် ရွာပျက်၍ နေပြီ။ ရွာသားတို့က မရှိတော့ ….။ “မယ်ပေါထ” မှ ကျနော်တို့ ရှိနေသည့် “ဗဟေလူ” သို့ တက်လာခဲ့ကြခြင်းဖြစ်သည်။ သူတို့ “ဗဟေလူ” သို့ ရောက်တော့ … မှောင်၍ပင် နေလေပြီ….။ လဆုတ်ရက် … ရက်များက တရက်ပြီးတရက် လထွက်နောက်ကျ၏။

သူတို့နှင့် ပေါင်းမိပြီးသည့်နောက် …. ကျနော်တို့အားလုံး တည်းနေသည့် အိမ်ပေါ်တွင် မနေတော့….။ မှိုင်းလုံးကြီးချောင်းဘေး၌ပင် စီ၍ နေရာယူလိုက်ကြသည်။ သူတို့ကား …. နော်တ ခုခံစစ်၏ အတွေ့အကြုံများ ပြောပြကြ၏။

သူတို့ တာဝန်ယူရသည့် တောင်ကြောက ဆက်သွယ်ရေးမြောင်း …၊ ခံကတုတ်ကျင်းများနှင့် အခိုင်အခန့်ပင်။ RPJ များ၊ နားတိုးစက်လတ်များ ရှိသည်။ သူတို့ တပ်ဖွဲ့က KNLA မှ ဗိုလ်ဟီးရိုး၏ တပ်ခွဲနှင့် ပေါင်း၍ ထိုတောင်ကြောကို တာဝန်ယူရခြင်းဖြစ်သည်။ သူတို့ တာဝန်ယူခဲ့သည့် တောင်ကြောကို အပြီးအပိုင် မဆုတ်ခွာမီ တရက် ….။ ညဦး ၁၉းဝဝ စက်ချိန်တွင် ဗိုလ်ဟီးရိုးထံ အထက်စက်မှ ညွှန်ကြားချက် ဝင်လာ၏။ တောင်ကြောမှ ဆုတ်ခွာခဲ့ရန်ဟူ၍ ဖြစ်သည်။ R.T နှင့် ပြောသော်လည်း စကားဝှက်တွေ ပါသည်။ စကားဝှက်များကလည်း သူတို့သုံးနေသည့် စကားဝှက်များ….။ ဤတွင် … ဗိုလ်ဟီးရိုးသည် ခံစစ်ကုန်းမှခွာရန် သူတို့ကို ပြော၏။ ခွာစစ်အတွက် ပြင်ဆင်ကြ၏။ ကတုတ်ကျင်းများကို စွန့်ခွာ၍ တောင်ကြောပေါ်မှ သူတို့စစ်ကြောင်း ဆင်းခဲ့ကြ၏။ အမှောင်ထဲတွင်ပင် …. တရွေ့ရွေ့ …. တဖြေးဖြေး ….။ သူတို့အားလုံး တောင်ခြေသို့ ရောက်၏။ ချဉ်ပေါင်ဖာလာပင်များအကြား နားကြ၏။

၂ဝးဝဝ စက်ချိန်တွင် ဗိုလ်ဟီးရိုးက သူ၏စက်ကို ဖွင့်သည်။ ဗိုလ်မှူးကြီးလောဝါဒီနှင့် ရ၏။ ဗိုလ်မှူးကြီးလောဝါဒီက မာနယ်ပလော ခုခံရေးစစ်၏ ဗျူဟာမှူး ….။ ဗိုလ်မှူးကြီးလောဝါဒီက … “ဒီည သူတို့ တောင်ကြောကို ရန်သူ တက်မည်။ သတိထားပါ” ဟူ၍ … ဗိုလ်ဟီးရိုးကို ညွှန်ကြား၏။ ဗျူဟာမှူး၏ ညွှန်ကြားချက်ကြောင့် ဗိုလ်ဟီးရိုး အူကြောင်ကြောင် ဖြစ်သွား၏။ လွန်ခဲ့သည့် စက်ချိန်ကပင် သူ၏ အထက်စက်တလုံးမှ စခန်းကို စွန့်ခွာ၍ ဆုတ်ခဲ့ရန် ညွှန်ကြား၏။ ညွှန်ကြားသည့်အတိုင်း သူတို့ ဆုတ်ခွာခဲ့သည်မှာ တောင်ခြေသို့ပင် ရောက်နေပြီ။ ဘယ်လိုလဲ ….။ တခုခုတော့ လွဲနေပြီ ….။ ဘာလဲ ….။ အပြန်အလှန် စက်နှင့်စကားပြောရင်း…. သူတို့ သိလိုက်ပြီ။ DKBA မှ ဝင်၍ နှောက်ခြင်းဖြစ်မည်။ စခန်းကုန်းကို ချက်ချင်း ပြန်တက်သိမ်းပြီး နေရာပြန်ယူရန် ဗျူဟာမှူးက ဗိုလ်ဟီးရိုးကို ခိုင်း၏။ သူတို့အားလုံး စခန်းကြောသို့ ပြန်တက်ရန် ပြင်ကြရသည်။ အန္တရာယ်တော့ ကြီး၏။ အကယ်၍ …. သူတို့ စွန်ခွာခဲ့ကြသည့် ကတုတ်ကျင်းများတွင် ရန်သူနှင့် DKBA သာ နေရာယူထားပြီး ဖြစ်ခဲ့လျှင် …. အခြေအနေက အဆိုးဆုံးသို့ ရောက်သွားနိုင်၏။ မတတ်နိုင် …။ ကိုယ့်စခန်းကုန်းကို ကိုယ်ပြန်တက်၍ သိမ်းကြရပြန်သည်။ ကံကောင်းသည်ဟုပင် ဆိုရမည်။ သူတို့ စွန့်ခဲ့သည့် ကတုတ်ကျင်းများအတွင်း ရန်သူနှင့် DKBA တို့ မရှိ။ သူတို့ နေရာပြန်ယူကြ၏။

နောက်တနေ့…..

ရန်သူနှင့် DKBA တို့သည် ဆင်ဖြူတောင်မှ သံလွင်ကို ကူးကြ၏။ သူတို့ တောင်ကြောကို တက်၏။ DKBA တို့က နဖူးတွင် မြိုင်ကြီးငူ၏ ဝတ်ရုံစများ ချည်ထားကြ၏။ ခေါင်းပေါင်းဝါများက ခေါင်းပေါင်းစ တလူလူနှင့် ….။

လရောင်သည် လူးလွန့်၍ မြင့်တက်လာ၏။ မှိန်ပြပြ လရောင်အောက်၌ မှိုင်းလုံးကြီးချောင်းသည် ကြည်ပြာရောင် လင်းလဲ့လဲ့ ….။

သူတို့ ပြောပြသည့် ခေါင်းပေါင်းဝါစ တလူလူနှင့် DKBA တို့အကြောင်း နားထောင်ရင်း …. စိတ်ထဲ၌မူ ကိုနေဝင်း၏ စပျစ်ရည်ချိုနောက်က မေ့မျက်ရည် တေးချင်းကို ညည်းမိ၏။


“ကြည်ပြာရောင်အဆင်း၊

လင်းလဲ့လဲ့ မင်းအရိပ်ထင်

လူပုံအလယ်

ပျော်လေဦးပေါ့ ပြေလည်တုန်း။

နီလာညခင်း

မင်းတို့အတွက် ပြုံးအကြည့်မှာ

အမှောင်ကမ္ဘာထဲ

ညီညာတီးတိုး ရှိုက်သံလွှမ်း…”

မြန်မာနှစ်ကူး အတာသင်္ကြန် ဒိုင်ယာရီ

အောင်သက်ဝိုင်း

မြန်မာ သက္ကရာဇ် ၁၃၇၀ ပြည့်နှစ်မှ ၁၃၇၁ ခုနှစ်သို့ ကူးပြောင်း သည့် မြန်မာ့ရိုးရာ အတာ သင်္ကြန် ရေသဘင်ပွဲတော်မှာ အခက်အခဲ အကြပ်အတည်း များကြောင့် ရန်ကုန်မြို့တွင် ယခင်နှစ် များနှင့်မတူ သင်္ကြန် မဏ္ဍပ်များနှင့် ရေပက်ခံ ထွက်သည့် ကားများ လျော့ကျ ခဲ့ရသည်။

နှစ်စဉ် သင်္ကြန်မဏ္ဍပ် များစည်ကား ကျပ်ပြည့်နေသည့် တက္ကသိုလ်ရိပ်သာလမ်းတွင်လည်း ယခုနှစ် သင်္ကြန်မဏ္ဍပ် မတွေ့ရပေ။

၂၀၀၈ ခုနှစ် သင်္ကြန် ကာလက အင်းလျား လမ်းတွင် သင်္ကြန်မဏ္ဍပ် ၅၀၊ တက္ကသိုလ်ရိပ်သာ လမ်းတွင် ၂၄ ခု၊ အခြား နေရာများ တွင် သင်္ကြန် မဏ္ဍပ်ကြီး ၅၀ ၊ အလတ်စား မဏ္ဍပ် ၁၄၃ ခု၊ အသေးစား မဏ္ဍပ် ၆၉ ခု စုစုပေါင်း ၂၂၈ ခုရှိခဲ့ သော်လည်း ၂၀၀၉ ခုနှစ်တွင်မူ ရန်ကုန်မြို့တခုလုံး တွင် သင်္ကြန် မဏ္ဍပ်ပေါင်း ၁၃၀ ကျော်သာရှိ သည်ဟု ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီမှ သိရှိရ သည်။

စစ်အစိုးရက လျှပ်စစ်မီးများ ဖြတ်တောက် ထားသည့် အတွက်လည်း ရေကစားသူများ နည်းပါးခဲ့ရ သည်ကို တွေ့ရှိရ သည်။

သင်္ကြန်ပွဲ တော်အချိန် ရန်ကုန်မြို့လျှပ်စစ် ဓာတ်အားပေး ရေးအဖွဲ့က လျှပ်စစ် ဓာတ်အား ပေးဝေမှုကို ခြောက် နာရီ မီးပေး၊ ဆယ့်နှစ် နာရီမီးဖြတ် အလှည့်ကျ စနစ်ဖြင့် ရန်ကုန်မြို့ကို သင်္ကြန် အကြိုနေ့နှင့် အကျနေ့ များတွင် မီးပေး ဝေခဲ့သည့် အတွက် မီးမရသည့် ရပ်ကွက်များ တွင် ရေကစား ရန် ရေမရှိ သည့်အတွက် တိတ်ဆိတ် ခြောက်ကပ် နေပြီး သင်္ကြန်တေး သီချင်းများလည်း မပျံ့လွင့်နိုင်ခဲ့ပေ။

ယခုနှစ်သင်္ကြန်၏ ရာသီဥတုအခြေအနေကလည်း ထူးခြားသည်။ ယခင်သင်္ကြန်ကာလ အချိန်များသည် ပူပြင်း သော နေရောင်အောက်တွင် ရေပက်ခံသူ၊ ရေပက်သူများ စည်ကားခဲ့သော်လည်း ယခုနှစ် ရာသီဥတုအနေ အထားမှာ မနက်ပိုင်းအချိန်များတွင် မိုးများသည်းထန်စွာရွာသွန်းခဲ့ပြီး ညနေပိုင်းတွင်လည်း မိုးအုံနေသည့်အတွက် ရေပက်ခံသူများ၊ရေပက်ကြသူများသည် ချမ်းအေးလှသည့်ရာသီဥတုတွင် ခိုက်ခိုက်တုန်စွာ ရေကစားကြသည်မှာ ၂၀၀၉ ခုနှစ် သင်္ကြန်၏ထူးခြားမှုတရပ်ပင်ဖြစ်သည်။

ဧပြီလ ၁၃ ရက် ၊ တင်္နလာနေ့ ၊သင်္ကြန်အကြိုနေ့ မနက် အစောပိုင်းအချိန်မှစတင်ပြီး ရန်ကုန်တမြို့လုံးမိုးတိမ်များ အုံ့ဆိုင်းနေကာ မနက် ၉ နာရီ ခွဲခန့်တွင် နာရီဝက်ခန့် မိုးသည်းသည်းမည်းမည်း ရွာသွန်း၍ ပြန်လည် တိတ်သွားခဲ့ သော်လည်း အကြိုနေ့တနေ့လုံး ကောင်းကင်ယံတွင် ညိုမည်းနေသော မိုးတိမ်များကသာ အုပ်မိုးနေခဲ့သည်။

ယင်းသင်္ကြန်အကြိုနေ့မနက်ပိုင်းတွင် ရေပက်ခံသူ၊ရေပက်သူ အနည်းငယ်သာရှိပြီး ရပ်ကွက်အတော်များများတွင် မီးပျက်နေသည့် အတွက် ရေပက်သူမရှိသလို သင်္ကြန်တေး သီချင်းသံလည်း တစွန်းတစမျှမကြားရပေ။

“မီးပျက်တယ်။ မနက် ၅ နာရီကတည်းက ပျက်တာ။ ညနေ ၆ နာရီကျမှ မီးပြန်လာမယ်။ ဒီနေ့တော့ မီးမလာ တော့ ရေပက်ဖို့လမ်းမမြင်ဘူး”ဟု မရမ်းကုန်းမြို့နယ်မှ အသက် ၁၈ နှစ်ကျော်ကျော် မိန်းကလေးငယ်တဦး က ပြောဆိုသည်။

ယမန်နှစ်က သင်္ကြန်မဏ္ဍပ်ပေါင်း ၅၀ ရှိခဲ့သော ရန်ကုန်မြို့၏နာမည်ကျော် အင်းလျားလမ်းတွင် သင်္ကြန်မဏ္ဍပ် ၃၀ နီးပါးသာတွေ့ရှိရသည်။

သင်္ကြန်အကြိုနေ့ဖြစ်သော်လည်း အင်းလျားလမ်းတွင် မနက်ပိုင်းမှစတင်ကာ ရေပက်သူ၊ရေပက်ခံသူ ပြည့်နှက် နေသည်ကို တွေ့ရပြီး ရေကစားသူအများစုမှာ ဆယ်ကျော်သက်အရွယ်လူငယ်လူရွယ်များ ဖြစ်ကြသည်။

“ကိုကြီးကျော် ၊ တို့ကိုကြီးကျော်” ဆိုသည့် အဆိုတော် သားစိုး၏နတ်ဒိုးနှင့် မြူးမြူးကြွကြွ အနောက်တိုင်းဂီတ သံစဉ်များ ပေါင်းစပ်ထားသည့် ခေတ်ပေါ်တေးသီချင်းများ၊ ဟစ်ပ်ဟော့ပ် တေးသီချင်းသံများနှင့် ဒစ္စကို တေးသီ ချင်းသံများကလည်း ရေပက်မဏ္ဍပ်တိုင်းတွင် ဆူညံကျယ် လောင်စွာထွက်ပေါ်နေသည်။

မဏ္ဍပ်များပေါ်တွင် အဖြူ၊ အနီ စသည့် ကာလာစုံခြယ်သထားသော ဆံပင်များနှင့် ဆယ်ကျော်သက် လူငယ်များ အပါအ၀င် ရေကစားသူများက မြူးမြူးကြွကြွ တေးသွားများနှင့်အတူ ကခုန်၍ မီးသတ်ပိုက် ၊ ပလတ်စတစ်ရေပိုက် များနှင့် ရေပက်နေကြသည်။

အမျိုးသမီးများ၏ အင်္ကျီအ၀တ်အစားများမှာလည်း အရောင်အသွေးစုံလင်လှပြီး မလုံ့တလုံ အ၀တ်အစားများပင် ဖြစ်သည်။

ထဘီဝတ်အမျိုးသမီးများ အလွန်ရှားပါးလှပြီး ဘောင်းဘီဝတ်အမျိုးသမီးများကသာအများစုဖြစ်နေပါသည်။ အချို့ သော အမျိုးသမီးများသည် ဘော်လီနှင့်အောက်ခံဘောင်းဘီ သာသာမျှသာရှိသောအ၀တ်များသာ ၀တ်ဆင်ထား ပြီး အမျိုးသမီးအချို့သည် နိုက်ကလပ်များတွင် ကပြဖျော်ဖြေသော ကချေသည်များကဲ့သို့ ရင်သားနှင့် တင်ပါး အစိတ်အပိုင်းများကို ယိုင်ထိုးလှုပ်ယမ်း၍ ကပြနေကြသည်။

မဏ္ဍပ်အောက်တွင် ရေပက်ခံနေကြသော ကားများပေါ်မှ လူငယ်များနှင့် လမ်းလျှောက်ရေပက်ခံထွက်သော လူငယ်များကလည်း မဏ္ဍပ်ပေါ်မှ လူငယ်များနှင့်အပြိုင် မြူးကြွသောတေးသံများနှင့် ဒယီးဒယိုင် ကခုန်နေကြ သည်။ မဏ္ဍပ် အပေါ်ရော အောက်တွင်ပါ ကခုန်နေကြသော အမျိုးသား၊ အမျိုးသမီးငယ်များ အားလုံး၏ မျက်ဝန်း များမှာ နီရဲနေကြပြီး အားလုံးမှာ အရက်သေစာ သောက်စားထားကြဟန်ရှိသည်။

သင်္ကြန်အကြိုနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့တော်ခန်းရှေ့ရှိ မြို့တော်ဝန်မဏ္ဍပ်ကိုမြို့တော်ဝန် ဗိုလ်မှူးချူပ် အောင်သိန်းလင်းက အခမ်းအနားဖြင့် ဖွင့်လှစ်လိုက်သော်လည်း ရန်ကုန်တမြို့လုံးတွင်မူ အင်းလျားလမ်းတခုသာ အစည်ကားဆုံးနေရာ ဖြစ်ခဲ့သည်။

ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့ မနက်တွင်လည်း ၈ နာရီခန့်မှစပြီး ရန်ကုန်တမြို့လုံး မိုးသည်းသည်း ထန်ထန် ရွာသွန်းလိုက်သောကြောင့် ရေပက်ခံသူ၊ ရေပက်သူ နည်းလှသည်။

ရန်ကုန်မြို့၏အစည်းကားဆုံး အင်းလျားလမ်း တလျှောက်တွင် ထောင်ဂဏန်းချီရှိသည့် ပျံကျဈေးသည်များမှာ လည်း မိုးရေများအောက်တွင် ခိုက်ခိုက်တုန်အောင် ချမ်းနေကြဟန်ရှိသည်။

“ဒီနေ့ သင်္ကြန်အကျနေ့ဆိုတော့ သင်္ကြန်ကားနဲ့ ရေပက်ခံတဲ့သူတွေများမယ်၊ ဈေးရောင်းကောင်းမယ် ထင်တာ။ တမနက်လုံး မိုးရွာနေတော့ ဈေးရောင်းမကောင်းဘူး”ဟု အင်းလျားလမ်းတွင် ဘယာကြော်၊ စမူဆာ ကြော်များ ရောင်းချသော ပျံကျဈေးသည်တဦးက ဆိုသည်။

လှိုင်သာယာ၊ရွှေပြည်သာ၊ ၀ါးတရာ၊ မင်္ဂလာဒုံ၊ ၀ါယာလက်၊ ရွှေလင်ပန်း အစရှိသော ဆင်ခြေဖုံးမြို့နယ် ရပ်ကွက် များမှ ဈေးသည် ထောင်ဂဏန်းခန့်မှာ အင်းလျားလမ်းတွင် လက်သုတ်စုံ၊၀က်သားတုတ်ထိုး၊ ဆေးလိပ်၊ကွမ်းယာ၊ ရေသန့်ဘူး၊ ထမင်း ၊ဘီယာ၊အရက်၊အကြော်စုံ ၊အကင်မျိုးစုံ၊ ခေါက်ဆွဲ၊ဆီချက် အပါအ၀င် စားသောက်ဖွယ်ရာ မျိုးစုံရောင်းချရန် လာရောက်ကြပြီး ၄င်းတို့ကို စည်ပင်၊ရဲ၊မယကတို့က ဈေးရောင်းချသည့်အတွက် အခွန်မျိုးစုံ ကောက်ခံကြသည်။

“မနှစ်က သင်္ကြန်တတွင်းလုံး ကျပ် နှစ်သိန်းဖိုးလောက် ရောင်းရတယ်။ တသိန်းလောက်မြတ်တယ်။ ဒီနှစ်တော့ ဈေးရောင်းမကောင်းဘူး။ အကြိုနေ့ကလည်း ရောင်းမကောင်း၊ အကျနေ့မနက်ပိုင်းမှာလည်း မိုးရွာလိုက်တော့
ရောင်း မကောင်းဘူး။ သင်္ကြန်နှစ်ရက်ရှိချိန်မှာ လေးသောင်းဖိုးလောက်ပဲ ရောင်းရသေးတယ်”ဟု ၀က်သား တုတ် ထိုး နှင့် လက်သုတ်စုံရောင်းချသည့် အသက် ၅၀ကျော် ဈေးသည်အမျိုးသမီးတဦးက ပြောသည်။

ပျံကျဈေးသည်များ၊ ရေပက်ခံကားများ၊ရေပက်ကြသူများအကြားတွင် အသက် ၁၀ နှစ်အောက် ကလေးငယ် ငါးဦးလည်းပါဝင်နေသည်။ ကလေးငယ်များဝတ်ဆင်ထားသော ညစ်နွမ်းနွမ်း အ၀တ်အစားများမှာ ရေများ ရွှဲရွှဲ စိုနေပြီး ကလေးငယ်တဦးမှာ ချမ်းလွန်း၍ မေးခိုက်ခိုက်တုန်ကာ နှုတ်ခမ်းမှာ ပြာနေသည်။

ထိုကလေးငယ်များက လမ်းမပေါ်တွင် တစုံတခုကို စူးစိုက်ရှာဖွေနေပြီး လက်တဘက်မှာ ပုခုံးပေါ်ရှိ အဖြူရောင် ညစ်ညစ် ဂုန်နီအိတ်ကို ကိုင်ထားသည်။

ဂုန်နီအိတ်အတွင်းတွင် ရေသန့် ဘူးခွံများ၊ဘီယာပုလင်းနှင့်အရက်ပုလင်းခွံများ ရှိနေပြီး ထိုကလေးငယ်များမှာ သင်္ကြန် မဏ္ဍပ်များစည်းကားရာ အင်းလျားလမ်းတွင် ဘူးခွံ၊ပုလင်းခွံများ လိုက်လံစုစည်း နေကြခြင်းဖြစ်သည်။

“အကိုကြီး ကျနော့်ကို ရေသန့် ဘူးလေးရှိရင် ပေးပါ” ဟု အသက် ၉ နှစ်အရွယ် မောင်ကောင်းသန့်ဆိုသော ကလေးငယ်က အင်းလျားလမ်း YGN သင်္ကြန်မဏ္ဍပ်အနီး ရေပက်ခံရန် တန်းစီစောင့်ဆိုင်းနေသော သင်္ကြန်ကား တစီးပေါ်သို့ မျက်နှာငယ်လေးနှင့် လှမ်းတောင်းနေသည်။

တလီတာ Alpine ရေသန့် ဘူးခွံတဘူး သင်္ကြန်ကားပေါ်မှ ကျလာသည် ဆိုသည်နှင့် မောင်ကောင်းသန့် ချက်ချင်း ကောက်ယူလိုက်ပြီး ပျော်ရွှင်သောမျက်နှာနှင့် အခြားသော သင်္ကြန်ကားများထံ ဘူးခွံတောင်းရန် ဆက်လက် ထွက်ခွာသွားသည်။

သင်္ကြန်အကျနေ့ ညနေပိုင်းတွင် မိုးတိတ်သွာပြီး နေအနည်းငယ်ပြန်လည် ပွင့်လာသည့် အတွက် ရန်ကုန်မြို့ တ၀န်း ရေကစားကြသူများဖြင့် ပြန်လည်စည်ကားလာသည်။

လသာ၊ ပုဇွန်တောင်၊ကြည့်မြင်တိုင်၊သမိုင်း၊လမ်းမတော်၊ကျောက်မြောင်းအပါအ၀င် လူနေထူထပ်ရာ မြို့နယ် ရပ်ကွက်များတွင် သင်္ကြန်မဏ္ဍပ်မရှိသော်လည်း ရပ်ကွက်အလိုက် စုပေါင်းရေပက်ကြသည်။

သင်္ကြန်အကျနေ့အထိ သင်္ကြန်ကား ငှားရမ်းရမှု နည်းပါးနေဆဲဖြစ်သည့်အတွက် ကားငှားသည့် အကျိုးဆောင်များ စီးပွားရေးအခက်တွေ့သည့်နှစ်ဖြစ်ကြောင်း တာမွေမြို့နယ်မှ သင်္ကြန်ကားငှားသည့် အကျိုးဆောင်တဦးက ပြော သည်။

“ကားငှားတဲ့သူနည်းပါးတယ်။ မနှစ်က သင်္ကြန်တုန်းကဆိုရင် ရက်ပြည့်ကားငှားရတယ်။ ဒီနှစ်တော့ ဈေးစုံစမ်းပြီး ပြေးတဲ့သူများတယ်”ဟု အဆိုပါတာမွေမြို့နယ်မှ သင်္ကြန်ကားငှားသည့် အကျိုးဆောင်က ဆိုသည်။

ရေပက်ခံသင်္ကြန်ကားငှားခနှုန်းထားများမှာ ယမန်နှစ်ဈေးနှုန်းအတိုင်းဖြစ်ပြီး ဟိုင်းလပ်စ် ကားတစီး တရက် ငှားခ တသိန်းနှစ်သောင်း၊ ရှမ်းစတားဂျစ်ကား တရက်တသိန်း၊ ပါဘလစ်ကာ ရှစ်သောင်းခွဲ၊ ဒိုင်နာကားတစီး တသိန်း သုံးသောင်း ကျပ် ပေါက်ဈေးရှိသည်။

ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့က လှိုင်သာယာမြို့နယ်၊ရွှေလင်ပန်းစက်မှုဇုန်အနီး ဆင်ခြေဖုံး ရပ်ကွက်တခု တွင် နေထိုင်သည့် အသက် ၆၀ ခန့်ရှိ ဒေါ်အေးသန်းဆိုသော အမျိုးသမီးကြီးတဦးသည် ယခုနှစ်သင်္ကြန်ကာလ တွင် မုန့်လုံးရေပေါ် အလှူလုပ်ရန် အားခဲထားခဲ့သော်လည်း ဖျက်သိမ်းလိုက်ရပါသည်။

နေပြည်တော်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် တခုတွင် အလုပ်လုပ်နေသော သားဖြစ်သူက ပိုက်ဆံပြန်လည်ပေးပို့ နိုင်ခြင်းမရှိတော့သည့်အတွက် အလှူအစီအစဉ် ဖျက်သိမ်းလိုက်ရသောကြောင့် ဒေါ်အေးသန်းမှာ စိတ်ပျက် လက်ပျက်နှင့် ငေးငိုင်နေသည်။

“ကောက်ညင်းတပြည်ကို ကျပ် ၁၀၀၀ ။ အုန်းသီးတလုံး ၅၀၀ ။ ထန်းလျှက် တပိဿာ ၇၅၀။ မုန့်လုံးရေပေါ်အလှူ လုပ်ပြီး ရပ်ကွက်မှာ ဝေမယ်ဆိုရင် အနည်းဆုံးတော့ ကောက်ညင်း ငါးပြည် လောက်ကုန်မယ်။ ထန်းလျှက် က လည်း နှစ်ပိဿာလောက်ကုန်မယ်။ ပြီးတော့ မီးသွေးဖိုး။ ကုန်ကျစရိတ်အားလုံးပေါင်းရင် ၇၀၀၀၊ ၈၀၀၀ ကုန် မယ်။ ဒါပေမယ့်သားက ပိုက်ဆံမပို့လို့ မုန့်လုံးရေပေါ် အလှူမလုပ်နိုင်ဘူး”ဟု ဒေါ်အေးသန်းက ဆိုသည်။

ဒေါ်အေးသန်းက သူမကိုယ်တိုင် မုန့်လုံးရေပေါ် အလှူမလုပ်နိုင်သော်လည်း ငွေကြေးတတ်နိုင်သူများ ပြုလုပ် သည့် စတုဒီသာအလှူများတွင် ၀ိုင်းဝန်းလုပ်ကိုင်ပေးခြင်းဖြင့် ကုသိုလ်ဒါနပြုနေပါသည်ဟု ဆိုသည်။

စတုဒီသာ အလှူဒါနပြုလုပ် ကုသိုလ်ယူကြသူများရှိသကဲ့သို့ တရားရိပ်သာများ၊ ဘုန်းကြီးကျောင်းများတွင် ၀ိပဿနာ တရားပွားများ အားထုတ်ကုသိုလ်ယူကြသူများရှိနေရာ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ နိုင်ငံတော် ကိုးဘွဲ့ရ ဆရာတော်အရှင်အာစာရလင်္ကာ၏ ကိုးဘွဲ့ရသာသနာပြုကျောင်းတိုက်တွင် တရားထိုင်သူ ယောဂီအမျိုးသား အမျိုးသမီး ၁၂၀၀ သင်္ကြန်အထူးတရားစခန်းဝင်ရောက်လျက်ရှိပြီး လူလတ်ပိုင်းအရွယ် အမျိုးသား၊ အမျိုးသမီး ငယ်များ အများအပြား ပါဝင်နေသည်ဟု အဆိုပါကျောင်းတိုက်၏ အလှူရှင် ဒကာမတဦးက ပြောသည်။

“လူငယ် ၊ လူလတ်ပိုင်းတွေ များတယ်။ ဆရာတော်က ယောဂီတွေအားလုံးရဲ့ စားဝတ်နေရေး အကုန်လုံးတာဝန် ယူတယ်။ ယောဂီ ၁၂၀၀ လုံးအခမဲ့ တရားစခန်းဝင်ကြတယ်”ဟု အဆိုပါအလှူရှင် ဒကာမတဦးက ရှင်းပြသည်။

သင်္ကြန်အကြတ်နေ့၌ ရန်ကုန်မြို့တ၀ိုက်တွင် မိုးရွာခြင်း၊မိုးအုံ့ခြင်းမရှိဘဲ အလွန်ပူပြင်းသောကြောင့်ရေပက်ခံထွက် သည့် သင်္ကြန်ကားများ အကျနေ့ထက် ပိုမိုများပြားသည်။

လျှပ်စစ်မီးကိုလည်း ရန်ကုန်မြို့နေရာအတော်များများတွင် ဖြတ်တောက်ခြင်းမပြုဘဲ ပေးဝေနေသော ကြောင့် ရပ်ကွက် အလိုက် ရေပက်၊ ရေကစားကြသူများ ယမန်နေ့ထက် ပိုမိုတိုးပွားလာပြီး သင်္ကြန်တေးသီချင်းများလည်း နေရာတိုင်းတွင် ကြားနေရသည်။

ရန်ကုန်-အင်းစိန်လမ်းကြီးတလျှောက် သင်္ကြန်မဏ္ဍပ်ကြီးကြီးမားမားမရှိသော်လည်း ရပ်ကွက်အလိုက် ရေပက် ရေ ကစားကြသူများကို ဟိုနားတစု၊ ဒီနားတစု တွင်တွေ့မြင်နေရသည်။

နာမည်ကျော် အင်းလျားလမ်းတွင် ယမန် နေ့များထက် ရေကစားကြသူများတိုးပွား နေပြီးအဆိုတော် နှင့် ရုပ်ရှင် သရုပ်ဆောင်အချို့သီဆိုဖြေဖျော်သည့် ကမ္ဘာအေးစေတီလမ်း၊ အင်းလျားကန်ဘောင်ရှိ TMW လျှပ်စစ်ကုန်ပစ္စည်း အရောင်းကုမ္ပဏီ၏ သင်္ကြန်မဏ္ဍပ်တွင်လည်း ရေပက်၊ရေကစားကြသူများဖြင့် စည်းကားလှသည်။

ရန်ကုန်ကန်တော်ကြီးပတ်လမ်းတွင်လည်း နာမည်ကျော် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ၏ Air Bagan သင်္ကြန် မဏ္ဍပ် အပါအ၀င် သင်္ကြန်မဏ္ဍပ် အချို့ရှိနေသောကြောင့် ရေကစားကြသူများ၊ လာရောက် ကြည့်ရှုသူများနှင့် စည်ကားနေသည်။

သင်္ကြန်အကြတ်နေ့တွင် ရန်ကုန်သည် သင်္ကြန်မဏ္ဍပ်တည်ရှိရာ နေရာများတွင်သာ လူစည်ကားပြီး အခြားသော မြို့နယ်ရပ်ကွက်များတွင် ခြောက်ကပ်ကပ်ဖြင့်သာ ကုန်ဆုံးသွားသည်။

ရန်ကုန်ုမြို့တွင် မုန်တိုင်းကြောင့် လူအများ စိုးရိမ်ပူပန်မှုများ ရှိနေလင့်ကစား ၂၀၀၉ သင်္ကြန်ကာလ၏ နောက်ဆုံး ရက် သင်္ကြန်အတက်နေ့တွင် ရေကစားသူများ၊ ရေပက်ခံကားများဖြင့် စည်ကားခဲ့သည်။

သင်္ကြန်မဏ္ဍပ်အများအပြားတည်ရှိရာ ရန်ကုန်မြို့ အင်းလျားလမ်း၊ ကမ္ဘာအေးစေတီလမ်း၊ ကန်တော်ကြီး ပတ် လမ်းတို့ တွင် ရေပက်သူများ၊ ရေပက်ခံထွက်သူများဖြင့် တိုးမပေါက်အောင် စည်ကားခဲ့သည်။

ဆင်ခြေဖုံး မြို့နယ်၊ရပ်ကွက်များတွင် လျှပ်စစ်မီး မဖြတ်တောက်ဘဲ ၂၄ နာရီပေးထားသည့်အတွက် ရေရရှိသော ကြောင့် ရေကစားသူများ ပြည့်နှက်နေသည်။

သင်္ကြန်အတက်နေ့ ရန်ကုန်မြို့၏ရာသီဥတုမှာ နေပူလိုက် ၊မိုးရွာလိုက် ဖြစ်နေပြီး တမြို့လုံးတွင် အစိုးရက ညနေ ၆ နာရီထက် ရေပက်ခြင်းမပြုရန်တားမြစ်ချိန်ထက် ကျော်လွန်ပြီး ည ၉ နာရီအချိန်ထိ ရန်ကုန်မြို့ခံများက ရေ ကစားမှုများပြုခဲ့ကြသည်။

ယခုနှစ်လည်း နှစ်စဉ်နှစ်တိုင်း ကဲ့သို့ပင် အရက်သောက်သုံးသူ လွန်စွာများပြားသည်ကို တွေ့ရပြီး အထူးသဖြင့် ဆယ်ကျော်သက်အရွယ် လူငယ်များသာမက မိန်းကလေးငယ်များပါ အရက်သေစာ သောက်စားမူးယစ် လာကြ သည်။

ရန်ကုန်မြို့၏ အချက်အချာကျသည့် နေရာများမှအစ ဆင်ခြေဖုံးရပ်ကွက်များအဆုံး နေရာအတော် များများတွင် သောက်စားမူးယစ်သူ လူကြီး၊ လူငယ် အရွယ်စုံကို တွေ့မြင်ရသည်။

ဘုန်းကြီးကျောင်းနှင့် တရားရိပ်သာ၊ ဘုရားပုထိုးစေတီများတွင် ဥပုသ်သီလ စောင့်ကြသူများ ကြိတ်ကြိတ်တိုး စည်ကားလှသော်လည်း လမ်းမများ၊ ရပ်ကွက်များတွင်သောက်စားမူးယစ်နေသော လူအရေအတွက်နှင့်နှိုင်းယှဉ် လျှင်မူ ဥပုသ်သီလစောင့်ကြသော အရေအတွက်မှာ လွန်စွာမှနည်းပါးလှသည်ဟုဆိုရပေမည်။

နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင်မူ သင်္ကြန်ကာလမှာ တိတ်ဆိတ် ခြောက်ကပ် နေ ပြီး ရေကစားသူမရှိကြောင်း၊ကျေးလက်လူငယ်လူရွယ်များနှင့် ကလေးငယ်များမှာ သင်္ကြန်အချိန်ရောက်သည် ကို ပင် မသိရှိကြကြောင်း သင်္ကြန်ကာလတွင် ဖျာပုံမြို့နယ်သို့သွားရောက်ခဲ့ သည့် ရန်ကုန်ဒေသခံတဦးကပြော သည်။

သင်္ကြန်ကာလအတွင်း အစိုးရက ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံ ကမ်းရိုးတန်းသို့ ၀င်ရောက်မည်ဟူသော မုန်တိုင်းသတိပေးချက် တရားဝင် ထုတ်ပြန်လိုက်သည့် အတွက် နာဂစ်မုန်တိုင်း ဒဏ်ခံစားခဲ့ရသော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် လူအများကြောက်ရွံ့နေကြ ပြီး ရေဒီယိုများဖွင့်ကာ မိုးလေ၀သသတင်းကို အမြဲမပြတ် နားထောင်လျက်ရှိသည်ဟုလည်း သိရှိရသည်။ ။



ယနေ့ မြန်မာ့ရေးရာ သတင်းများ April,30th,2009

( 50 )အဖွဲ့ချုပ်က ခြွင်းချက်ဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံ

( 49 )ဝမ်းပျက်ဝမ်းလျှောကြောင့် တလအတွင်း သေဆုံးသူ ၃၀ ခန့်ရှိ

( 48 )IRIN News Examines HIV/AIDS, Other Issues Among Refugees From Myanmar

( 47 )Lady whose incarcertaion brings inspiration

( 46 )နာဂစ် ကလေးငယ်များ ပညာရေး ခက်ခဲနေဆဲ

( 45 )Myanmar cyclone victims still need shelter, jobs

( 44 )ရနောင်းရှိ မြန်မာလိင်အလုပ်သမများ ဖမ်းဆီးခံရ

( 43 )One year later, World Vision focuses on future of Myanmar children

( 42 )မုဒုံမြို့နယ်၌ စိတ်ကြွဆေးရောင်းဝယ်သုံးစွဲသူပိုများလာ

( 41 )U.N. calls for increased support to Myanmar cyclone survivors

( 40 )He Urged Ban on Burma’s Asean Membership

( 39 )နယ်မြို့ အချို့တွင် ၀မ်းပျက် ၀မ်းလျှော ရောဂါများ ဆက်လက် ဖြစ်ပွားနေဆဲ

( 38 )Burma Named Worst Online Oppressor

( 37 )ရှေ့နေ ကိုညီညီထွေးရဲ့ ထောင်အတွေ့ အကြုံနှင့် တရားစီရင်ရေး အပေါ် အမြင်

( 36 )NLD Sets Conditions for Election Participation

( 35 )ကျူရှင် ဆရာ ကိုအောင်ဖေကို ထောင်ဒဏ် တနှစ် ချမှတ်

( 34 )US Praises Asean, UN for Facilitating Cyclone Nargis Aid

( 33 )ဝက်တုပ်ကွေး အဆင့် ၅ အထိ ရောက်ပြီ

( 32 )US Will Not Lift Sanctions on Burma

( 31 )Burmese Women Arrested in Prostitution Raid

( 30 )အင်တာနက် နှိပ်ကွပ်မှု အဆိုးရွားဆုံး နိုင်ငံသည် မြန်မာ

( 29 )Tarpaulins for Cyclone Nargis affected being sold by authorities

( 28 )၀က်တုပ်ကွေးကာကွယ်ရန် ရန်ကုန်လေဆိပ်တွင် စစ်ဆေး

( 27 )လွတ်လပ်စွာ ရေးသားခွင့်အပေါ် ငါးလုပ်ငန်းက ပိတ်ပင်

( 26 )Abbot arrested for selling government land

( 25 )IOM supply more ART disease in Mon State

( 24 )မဲဆောက်အာဏာပိုင်များက တရားမ၀င် မြန်မာအလုပ်သမားများကို ဖမ်းဆီးနေ

( 23 )Wa anniversary has positive, negative responses in Thailand

( 22 )Authorities collecting money for driving licenses without issuing them

( 21 )ခဲအဆမတန်တူး၍ ကျေးရွာများ ပြောင်းရွေ့ရ

( 20 )ရှေ့နေ ဦးဖိုးဖြူ အတွက် အယူခံ မကွေးခရိုင် တရားရုံးက လက်ခံ

( 19 )Tachilek, Burma

( 18 )အဖွဲ့ချုပ်က ရွေးကောက်ပွဲဆိုင်ရာ သဘောထား ထုတ်ပြန်

( 17 )စလူဆိပ်က ရ၀တတွေ ဒေသခံတွေ အပေါ် အကြောင်းအမျိုးမျိုးပြ ငွေညှစ်

( 16 )Cyclone victims in debt

( 15 )Burma needs Obama's help

( 14 )ချင်းပြည်နယ် အဖွဲ့ချုပ်က ဗဟို ဆုံးဖြတ်ချက်ကို ထောက်ခံ

( 13 )Myanmar nabbed over murder of gems trader

( 12 )A year after Myanmar’s worst ever cyclone debt-ridden survivors need substantial aid package

( 11 )လုံခြုံရေးကောင်စီ ကလေးစစ်သားဆွေးနွေးပွဲ မြန်မာပါဝင်

( 10 )Myanmar opposition sets conditions for next year's elections

( 9 )Myanmar opposition sets conditions for next year's elections

( 8 )Two injured after argument in Maungdaw

( 7 )(HIV&AIDS) ရောဂါဝေဒနာသည်များအား (ART) ဆေးဝါးအပို ထပ်ရ

( 6 )နစကနှင့် အရပ်သား တဦး ဓါထိုးမူ ဖြစ်၍ မောင်တော ဆေးရုံသို့ရောက်

( 5 )A Year After Storm, Subtle Changes in Myanmar

( 4 )ကေအန်ယူ ဝေါ်လေခီး စခန်း တစိတ်တပိုင်းကို ဒီကေဘီအေနှင့် နအဖ သိမ်းပိုက်

( 3 )Mothers in Myanmar find their feet after Cyclone Nargis

( 2 )ဒီမိုကရေစီ မဆန်တဲ့ အချက်တွေကို ပြုပြင်ပေးလျင် NLD ရွေးကောက်ပွဲ ၀င်ဖို့ စဉ်စားမည်

( 1 )Myanmar – One year on

Wednesday, April 29, 2009

ကုသရေးညံ့ဖျင်းမှုနှင့် အခမဲ့ဆေးကုသခွင့် မရရှိခြင်းကြောင့် လူနာများ မသေသင့်ဘဲ သေနေရ

ဖြိုးကြီး Wednesday, 29 April 2009

ဇီးကုန်းမြို့နယ် ပြည်သူ့ ဆေးရုံကြီး တွင် အခမဲ့ ဆေးကုသ ခွင့် အစီအစဉ်များ ရှိသော်လည်း တကယ်တမ်း လက်တွေ့တွင် ကုသခွင့် မရသည့် အပြင် ဆေးရုံအုပ် ဆရာဝန်ကြီး ၏ ကုသရေး ညံ့ဖျင်းမှုနှင့် လူနာများ အပေါ် ဆက်ဆံရေး မကောင်းခြင်း တို့ကြောင့် မသေ သင့်ဘဲ သေဆုံး နေရမှုများ ရှိနေသည်။

ဇီးကုန်းမြို့နယ်ဆရာဝန်မကြီး ဒေါ်သန်းသန်းဦးသည် မြို့နယ်ရှိ ဆင်းရဲချို့တဲ့သူများအတွက် အခမဲ့ဆေးကုသခွင့်ပြုနိုင်ရန် ငွေပဒေသာပင် စိုက်ထူထားပေးသော်လည်း လူနာများကို ကုသပေးခြင်းမရှိသည့်အတွက်ကြောင့် ငွေကြေးမတတ်နိုင်သူ များမှာ အသက်ဆုံးရှုံးနေရကြောင်း မြို့ခံများက ပြောသည်။

“ဆင်းရဲချို့တဲ့သူ ကလေးသူငယ်တွေကို ပဒေသာပင်ထဲက ငွေနဲ့ ကုသရမဲ့အစား သူတို့က ဟိန်းဟောက်တာလဲ ခံရတယ်၊ ငွေလဲ ကုန်ကျခံရတယ်၊ အသက်လဲ ဆုံးရှုံးခဲ့ရတယ်၊ စေတနာနဲ့လဲ ဘယ်တုန်းကမှ ပြုစုကုသမပေးဘူး” ဟု မြို့ခံတဦးက ပြောသည်။

လွန်ခဲ့သည့်လပိုင်းအတွင်းကလဲ ကိုယ်ဝန်ဆောင်မိခင်တဦး ကျန်းမာရေးမကောင်းသည့်အတွက် ဆေးရုံသို့ တတ်ရောက် ကုသရာ ဆက်ဆံရေးနှင့် ကုသရေးညံ့ဖျင်းမှုတို့ကြောင့် မသေသင့်ဘဲ သေဆုံးခဲ့ရသည်ဟု ပြောသည်။

“စက်ဘီးဆိုင်က ကောင်လေးရဲ့ မိန်းမက ကိုယ်ဝန်အရင့်အမာကြီးနဲ့ ဝမ်းသွားတော့ ဆေးရုံတတ်တာ ဗိုက်ထဲက ကလေးကလဲ မလှုပ်တော့ ဆရာဝန်မကြီးကိုပြောတော့ ဝမ်းသွားတာကို ပြတာလား၊ ကိုယ်ဝန်ကိစ္စကိုပြတာလား ဆိုပြီး လုပ်တာ၊ အဲဒီမှာတင် မိခင်ရော ကလေးပါ အဖက်မတင်ဖြစ်သွားတာ” ဟု ပြောသည်။

ဇီးကုန်းမြို့နယ်ဆေးရုံတွင် လွန်ခဲ့သည့် လေးငါးနှစ်ခန့်ကတည်းက ငွေကြေးမတတ်နိုင်သူများကို အခမဲ့ ဆေးကုသခွင့်ရရန် အတွက် ငွေသိန်း ၂၀ ခန့်ကို မြို့နယ်က ငွေပဒေသာပင် စိုက်ထူထားပေးခဲ့သော်လည်း ငွေကြေးမတတ်နိုင်ပါက ဆေးကုသခွင့်မရရှိသည့် အခြေအနေကို ရောက်နေသည်ဟုဆိုသည်။

“မနေ့ကတောင် ရေစည်လှည်းတွန်းတဲ့သူ မွေးဖို့ ဆေးရုံကိုသွားပြတော့ သုံးသောင်းခွဲတောင်းတယ်၊ အဲဒါပေးစရာလဲ မရှိတော့ ရဲစခန်းကို ဖုန်းဆက်အကူညီတောင်း ပြောပြတော့ စခန်းက သူတို့တင်ပေးမယ်ဆိုပြီး လုပ်ပေးလိုက်လို့ အဆင် ပြေသွားတာ၊ ဒီနေ့ပဲ ဆေးရုံက ဆင်းရမယ့် လူနာတယောက်လဲ ဆေးရုံးက ဂရုစိုက်မှုညံ့ဖျင်းလို့ ဆုံးသွားရတယ်၊ ဇီးကုန်း ဆေးရုံက တော်တော်ကို ဆိုးဆိုးရွားရွားဖြစ်နေပြီ” ဟု မြို့ခံက ပြောသည်။

အဆိုပါ အခြေအနေများနှင့်ပတ်သက်၍ ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ဖုန်းဆက်မေးမြန်းခဲ့သော်လည်း တစုံတရာ ပြန်လည်ဖြေကြားခြင်းမရှိဘဲ ဖုန်းချသွားခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စုံညီ အစည်းအဝေး ဆုံးဖြတ်ချက်များ

မဇ္ဈိမသတင်းဌာန ဗုဒ္ဓဟူးနေ့၊ ဧပြီလ 29 2009

စုံညီ အစည်း အဝေးတွင် စည်းရုံးရေး ဆိုင်ရာ စာတမ်းကို ဦးဆောင် ရေးဆွဲ တင်သွင်းသူ ဗဟို အလုပ် အမှုဆောင် အဖွဲ့၏ အတိုင်ပင်ခံ လုပ်ငန်း အဖွဲ့ဝင် ဦးအုံးကြိုင်က မဇ္ဈိမ ကို ဖတ်ကြား ပြသွားခဲ့ရာ အောက်ပါ အတိုင်း ဖြစ်သည်။

ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး အစည်းအဝေး ခန်းမတွင် ၂ဝဝ၉ ခုနှစ် ဧပြီလ ၂၈-၂၉ ရက်နေ့များ၌ ပြုလုပ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့၊ ပြည်နယ်-တိုင်း စည်းရုံးရေး အဖွဲ့များနှင့် အလုပ်အမှုဆောင် ကိုယ်စားလှယ်များ၊ အမျိုးသား ဒီမိုကရေစီပါတ ကိုယ်စားလှယ်များ၊ အမျိုးသမီး လုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များ၊ လူငယ်လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ်များ၏ တွေ့ဆုံဆွေးနွေးပွဲမှ ဆုံးဖြတ်ချက်များ။

(၁) ဗဟို အလုပ်အမှုဆောင် အဖွဲ့က တင်ပြသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြမ်းအား သုံးသပ်ချက် အစီရင်ခံစာ၊ စည်းရုံးရေး အစီရင်ခံစာနှင့် နိုင်ငံရေး အစီရင်ခံစာများကို ဆွေးနွေး သုံးသပ်ကြပြီးနောက် အတည်ပြုကြောင်း သဘောတူ ဆုံးဖြတ်သည်။

(၂) အဖွဲ့ချုပ်၏ လက်ရှိ ရပ်တည်ချက် (၄) ရပ်ကို အခြေခံ၍ တင်ပြထားသော နိုင်ငံရေးရှေ့လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ရေး ဆက်လက်ကြိုးပမ်းရန် သဘောတူ ဆုံးဖြတ်သည်။

(၃) တိုင်းပြည်အကျိုးကို ရှေ့ရှုလျက် အဆုံးပေးနိုင်မည့် ခေါင်းဆောင်များ၏ ကြိုတင် စည်းကမ်းသတ်မှတ်ချက် မထားရှိသော တွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံး ဖြစ်မြောက်ရေးအတွက် ဆက်လက် ကြိုးပမ်းသွားရန် သဘောတူ ဆုံးဖြတ်သည်။

(၄) အဖွဲ့ချုပ်၏ နိုင်ငံရေး ရည်ရွယ်ချက်ကို ပြည်သူလူထုက တစ်ခဲနက် ထောက်ခံမှု ရရှိရေးအတွက် စည်းရုံးရေး လုပ်ငန်းများအား အရှိန်မြှင့် ဆောင်ရွက်ရန် သဘောတူ ဆုံးဖြတ်သည်။

(၅) နောင်လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေး ကိစ္စကို နိုင်ငံရေး အစီရင်ခံစာတွင် ဖော်ပြထားသော ရပ်တည်ချက်များအတိုင်း ဆက်လက် ဆောင်ရွက်သွားရန် သဘောတူ ဆုံးဖြတ်သည်။


မိုင်းယန်းမြို့အာဏာပိုင် လူထုထံပိုက်ဆံထောင်ချီ ကောက်ပြီး ယာဉ်မောင်းခွင့် ကဒ်ပြားထုတ်မပေး

သျှမ်းသံတော်ဆင့် ဗုဒ္ဓဟူးနေ့၊ 29 ဧပြီလ 2009

သျှမ်းပြည် အရှေ့ပိုင်း မိုင်းယန်းမြို့ အာဏာ ပိုင်များ မော်တော် ဆိုင်ကယ် မောင်းလိုင်စင် လုပ်ပေး မည်ဟု ဆိုကာ ဒေသခံ လူထုထံ ပိုက်ဆံ ထောင်ချီ ကောက်ပြီး ယာဉ်မောင်းခွင့် ကဒ်ပြား ထုတ်ပေးခြင်း မရှိကြောင်း တရုပ်နယ်စပ် သတင်း ရပ်ကွက်က ဆိုပါသည်။


ယခုလ ၂၈ ရက်နေ့ မိုင်းယန်းမြို့နယ် ဥက္ကဌ ဦးရဲလင်းအောင် ဒေသခံရပ်မိရပ်ဖ ရွာသူကြီး နှင့် ရပ်ကွက်ဥက္ကဌ များအား အစည်းအဝေးတရပ် ဆင့်ခေါ်ခဲ့ပြီး မော်တော်ဆိုင်ကယ်မောင်းလိုင်စင်မရှိသေး သူများအားလုံး မယကရုံးသို့ တရုပ်ငွေ ၃၅ ယွမ် (ဗမာငွေ ၅၃၀၀ ကျပ်) ပေးသွင်း၍ လိုင်စင်လုပ်ရမည်ဖြစ်ကြောင်း၊ ယာဉ်မောင်းလိုင်စင်မရှိဘဲ ကားမောင်းခြင်း၊ မော်တော်ဆိုင်ကယ် စီးခြင်းများ စစ်ဆေးတွေ့ရှိပါက လူနှင့်ယာဉ်ပါ ဖမ်းဆီးအရေးယူမည် ဖြစ်ကြောင်းပြောဆိုသည်ဟု ဆို၏။

အမည်မဖေါ်လိုသူ ဒေသခံတဦးက - “မတ်ခ်ျ ၂၉ တုန်းက ကျိုင်းတုံကလာတဲ့ ကညန က မိုင်းယန်းမြို့နယ်က ယာဉ်မောင်း အားလုံးနီးပါးဆီကနေ တစ်ယောက် ၈၅၀၀ ကျပ် ကောက်တယ်။ တချို့ဘဲ လိုင်စင်ကဒ်ရတယ်။ ကျန်တဲ့တော်တော်များများ ကို ကဒ်ပြားကုန်သွားလို့ ကျိုင်းတုံမှာ ပြန်လုပ်ပေးပြီး ပို့ပေးမယ် လို့ပြောတယ် ဒီနေ့ထိ ဘာကဒ်ပြားမှရောက်မလာဘူး” - ဟုဆို၏။

ယခုတကြိမ် ပိုက်ဆံထပ်ကောက်သည့် ကိစ္စသည် မယက ဥက္ကဌ ဦးရဲလင်းအောင် ၏ ကိုယ်ကျိုးစီးပွားအတွက်စားကွက် ဖန်တီးခြင်းသာ ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြသည်။

“တခါတခါ လုပ်ခိုင်းရင် ပိုက်ဆံအရမ်းကုန်တယ်။ ဆိုင်ကယ်အခွန်ဆောင်ခိုင်းတုန်းကလဲတစ်ခါ အများကြီးကောက် သွားပြီ။ အခုယဉ်စီးခွင့်လိုင်စင်ဆိုပြီး အကြိမ်ကြိမ် ပိုက်ဆံကောက်ပြန်တယ်၊ လိုင်စင်တကယ်ရရင် ဟုတ်သေးတယ်။ အခုတော့ ငွေကုန် လူပန်း။ အကြိမ်ကြိမ်အစည်းအဝေးခေါ်တော့ အလုပ်ပျက်တာပေါ့၊ ၀မ်းစာအတွက်လဲရုန်းကန်ရ တယ်မဟုတ်လား” ဟု အသက် ၃၀ ၀န်းကျင် အိမ်ထောင်သည် အမျိုးသားတဦးကဆို၏။

ရပ်ကွက် ၁၁ ခု ရှိ မိုင်းယန်းမြို့တွင်း၌ မော်တော်ဆိုင်ကယ် အစီးရေ ၅၀၀ ကျော်ရှိကြောင်း မြို့ပြင် ကျေးရွာများမှ မော်တော် ဆိုင်ကယ်များ မပါသေးကြောင်းသိရပါသည်။

နာဂစ်သင့်ဒေသများ ကန်ရေသုံးမရ သောက်သုံးရေ အခက်အခဲဖြစ်ဆဲ


NEJ /၂၉ ဧပြီ ၂၀၀၉

လာမည့် မေလ (၂) ရက်တွင် နာဂစ် မုန်တိုင်း တိုက်ခတ်ခဲ့ သည်မှာ (၁) နှစ် ပြည့် တော့မည်ဖြစ် သော်လည်း ဧရာဝတီတိုင်း အတွင်း သောက်သုံးရေ အခက်အခဲ နှင့် ရင်ဆိုင် နေရဆဲဖြစ် သည်ဟု ဒေသခံများက ပြောသည်။

သောက်သုံးရေ အခက်အခဲအတွက် မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရေကန်များကို စေတနာရှင်များက လာရောက် ရှင်းလင်းပေးခဲ့ကြသော်လည်း အဆိုပါရေကန်များမှ ရေကို သောက်သုံး၍မရကြောင်း ဘိုကလေးမြို့ နယ် ဘုရားကျောင်းကျေးရွာသားတဦးက ပြောသည်။

၎င်းက “ဒီမှာက ကန်ရေကိုပဲ အားထားပြီး သောက်ရတာပါ။ နာဂစ်ဖြစ်ပြီးတော့ အလှူရှင်တွေ ရေကန်တွေ လာဆယ်ပေးကြတယ်။ ပြီးခဲ့တဲ့ မိုးတွင်းကတော့ သုံးလို့မရမှန်းသိကြတယ်။ ဒီနှစ်မိုးတော့ ရမယ်ထင်တာပေါ့။ ဒါနဲ့  သင်္ကြန်မတိုင်ခင်က မိုးတွေရွာတော့ မိုးရေတွေ ရတယ်၊ ၀မ်းသာကြတာပေါ့။ ဒါပေမယ့် ရေကသုံးလို့ မရဘူး၊ ငန်နေတယ်၊ ရေပေါ်မှာ အဆီတွေတက်နေတယ်။ တချို့ မတတ်နိုင်သူတွေကတော့ ဒီအတိုင်းသောက်ကြတယ်။ တချို့လည်း အဲဒီရေကို ကျိုသောက်ကြတယ်။ ကျနော်တို့မိသားစုကတော့ မသောက်ဘူး။ ရှိတာလေးနဲ့ ရေသန့် ၀ယ်သောက်တယ်။ အခက်အခဲကတော့ အများကြီးပဲဗျာ” ဟု ပြောသည်။

ဘိုကလေးမြို့နယ်၊ မစိမ်းရွာသားတဦးကလည်း သောက်သုံးရေ မရရှိသေးသည့်အတွက် ရေသန့်ဝယ်ယူ သောက်သုံးရသည့် စရိတ်က ပိုလာကြောင်း ပြောသည်။

ယမန်နှစ်မေလ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ဧရာဝတီတိုင်းရှိ လပွတ္တာ၊ မော်ကျွန်း၊ ဘိုကလေး၊ ဒေးဒရဲ၊ ဖျာပုံ၊ ဟိုင်းကြီးကျွန်း စသည့် မုန်တိုင်းဒဏ်ခံရသောဒေသများမှ သောက်သုံးရေကန်များ ရေငန်ဝင် ပျက်စီးမှုများ ရှိခဲ့သည်။

“နာဂစ်မုန်တိုင်းပြီးတော့ ရေကန်တွေကို ရှင်းမယ့်သူ မရှိဘူး။ နှစ်လလောက်နေမှ ရန်ကုန်ကလူတွေ လာပြီးတော့ ရှင်းထုတ်ပေးတယ်။ ကျနော်တို့ရွာမှာ ကန် (၂) ကန်ရှိတယ်။ အိမ်ခြေက အရင်တုန်းက (၈၀) ကျော်လောက်ပဲ ရှိတယ်။ အခုတော့ အိမ်တွေတိုးလာလို့ (၁၆၀) ကျော်လောက် ဖြစ်လာတယ်။ ရှိတဲ့ကန်နဲ့ မလောက်လို့ ကန်အသစ် တခုလည်း တူးထားသေးတယ်။ အခု အသစ်ရော၊ အဟောင်းရော အားလုံးရေမရဘူး” ဟု ဖျာပုံမြို့နယ် အချာလေး ကျေးရွာအုပ်စုမှ ဦးမြင့်ကျော်က ပြောသည်။

အချာလေးကျေးရွာအုပ်စုတွင် အချာလေးရွာ အပါအ၀င် ခြောက်အိမ်တန်းရွာ၊ စက်ဝရွာ၊ အဖောင်ရွာတို့ပါဝင်သည်။


ဧရာဝတီတိုင်း နာဂစ်သင့်ဒေသများတွင် ရေကန်များ မသန့်ရှင်းသည့်အတွက် သောက်သုံးရန်မသင့်ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လေ့လာချက်တွေ့ရှိချက်ကို ကိုးကားပြီး ဒေသခံ ကြက်ခြေနီအရာရှိတဦးက ပြောသည်။

၎င်းက “အမှိုက်တွေကို ရှင်းလင်းဆေးခပ်ဖို့ အရေးကြီးပါတယ်။ ကျနော်တို့ အသင်းအနေနဲ့ နာဂစ်သင့်ဒေသ အားလုံးကို နှံ့စပ်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် အစိုးရအနေနဲ့ သောက်ရေသန့်ရရှိရေးအတွက် ဦးဆောင်လုပ်သင့်ပါ တယ်” ဟု ပြောသည်။

နာဂစ်ဒဏ်ခံခဲ့ရသော ဒေးဒရဲမြို့နယ်အတွင်း ကံဆိပ်ကျေးရွာ၊ စွယ်တော်ကုန်းကျေးရွာ၊ ကံစုကျေးရွာ၊ ကျုံဇမင်းကျေးရွာ၊ ဖိုးချမ်းကြီးကျေးရွာ၊ သောကြာကျေးရွာ၊ ငပုတောမြို့နယ်တွင်းရှိ သက်ကယ်သောင်ကျေးရွာ၊ အုန်းချောင်း ကျေးရွာတို့တွင် ယခုအခါ သောက်ရေရှားပါးသည့် အခက်အခဲကို ရင်ဆိုင်နေရသည်။

နာဂစ်မုန်တိုင်းအပြီးတွင် နအဖစစ်အစိုးရက ရေကန်များကို ပြန်ပြုပြင်ပေးခြင်းမရှိဘဲ နယ်စည်းမခြား ဆရာဝန်များအဖွဲ့၊ မြန်မာ့ကြက်ခြေနီ၊ အိုင်စီအာစီ၊ ယူနီဆက်နှင့် ကုလသမဂ္ဂအဖွဲ့များ၊ ပုဂ္ဂလိကအလှူရှင်များက ရေသန့်စက်များ တပ်ဆင်ပေးကြောင်း ဒေသခံများက ပြောသည်။

ဆန်ဈေးနှုန်း တရိပ်ရိပ် မြင့်တက်လာ


NEJ /၂၉ ဧပြီ ၂၀၀၉

နိုင်ငံခြား တင်ပို့ရန် ဆန်ဝယ်ယူနေ မှုများကြောင့် ဆန်ဈေး နှုန်းများ တရိပ်ရိပ် မြင့်တက်လာ နေကြောင်း ဘုရင့်နောင် ဆန်ပွဲရုံ တခုမှ ကုန်သည်ကြီး တဦးက ပြောသည်။

၎င်းက “ဒီနေ့ ဧပြီ (၂၉) ရက်ဆို ဆန်ကြမ်းဈေးက တအိတ် ကျပ် (၁၃,ဝဝဝ) ကိုရောက်လာပြီ။ တချို့ တအိတ် (၁၃,၅ဝဝ) လောက်နဲ့ စရောင်းနေပြီ။ ဆန်ကြမ်းဈေးတက်တော့ ထုံးစံအတိုင်း ဆန်ချောဖြစ်တဲ့ ပေါ်ဆန်းမွှေး ဈေးနှုန်းလည်း တအိတ်ကို ကျပ် (၃,ဝဝဝ-၄,ဝဝဝ) အထိ လိုက်တက်လာတယ်။ အဓိကကတော့ ဆန်စပါးကုန်သည် ကြီးများအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက နိုင်ငံခြားပို့ဖို့ (၂၅) မှတ် ဆန်တွေ သိမ်းကျုံးဝယ်နေလို့ဖြစ်တယ်” ဟု ပြောသည်။

နအဖစစ်အစိုးရက ပြီးခဲ့သည့်နှစ် စပါးပေါ်ချိန် စပါးဈေး၊ ဆန်ဈေး အလွန်အမင်း ကျဆင်းနေသည့်အချိန်မှစပြီး ဆန် နိုင်ငံခြားတင်ပို့ခွင့်ပြုခဲ့ကာ စည်းကမ်းချက်နှင့် ကိုက်ညီပါက မည်သူမဆို ဆန်တင်ပို့ခွင့်ပါမစ် ချပေးမည်ဟု ကြေညာခဲ့သည်။

လက်တွေ့တွင်မူ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ဦးတေဇပိုင် ထူးကုမ္ပဏီနှင့် ဆန်စပါး ကုန်သည်ကြီးများ အသင်းဥက္ကဋ္ဌ ဦးအောင်သန်းဦးတို့ကဲ့သို့ စစ်အစိုးရ အာဏာပိုင်များနှင့် နီးစပ်သူများသာ ပါမစ် လွယ်လွယ်ကူကူရပြီး အလျင်အမြန် တင်ပို့နိုင်ကာ အကျိုးအမြတ် များစွာရရှိခဲ့ကြောင်း ဆန်ကုန်သည်များကပြောသည်။

ဆန်တင်ပို့မှုနှင့် ပတ်သက်၍ ၂ဝဝ၇-၂ဝဝ၈ ဘဏ္ဍာနှစ်၌ တန်ချိန် (၃) သိန်း (၆) သောင်းနီးပါး တင်ပို့နိုင်ခဲ့ပြီး ၂ဝဝ၈- ၂ဝဝ၉ ခုနှစ်တွင်မူ အဆိုပါ ပမာဏထက် ပိုမိုများပြားမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဒီဇင်ဘာအထိ တန်ချိန် (၂) သိန်းကျော် တင်ပို့ထားပြီးဖြစ်ကြောင်း စီးပွားကူးသန်း ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

နာဂစ်မုန်တိုင်း ကာလအတွင်း သိုလှောင်ထားသည့် ဆန်စပါးပျက်စီးမှု၊ လယ်ယာပျက်စီးမှုတို့ ရှိခဲ့သော်လည်း ကူညီထောက်ပံ့ရေး အတွက် လိုအပ်သည့်ဆန်များကို နိုင်ငံခြားက တင်သွင်းခဲ့ခြင်း၊ ဆန်တင်ပို့ခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ခဲ့ခြင်း၊ ဆန်လုပ်ငန်း ရှင်များနှင့် ပြည်သူများကလည်း ဆန်စပါး မသိုလှောင်ကြတော့ခြင်း စသည့်အချက်များကြောင့် ဆန်စပါးဈေးနှုန်းများ ကျဆင်းသွားကာ နိုင်ငံခြားသို့ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ကုန်သည်စက်မှုလုပ်ငန်းရှင်များအသင်း ကော်မတီဝင် ဆန်ကုန်သည်တဦးက ပြောသည်။

“ဒါပေမယ့် အစိုးရနဲ့ တခြားမည်သူတစုံတယောက်မှာမှ မြန်မာနိုင်ငံ ဆန်စပါးထွက်ရှိမှု၊ စားသုံးမှု၊ ပိုလျှံမှု စတဲ့ ကိန်းဂဏန်း တိတိကျကျ မရှိတာကြောင့် တန်ချိန်ဘယ်လောက် နိုင်ငံခြားတင်ပို့နိုင်မယ် ဆိုတာကို မဆုံးဖြတ်နိုင်ကြဘူး။ ဈေးတက်ပြီး ဈေးကွက်ထဲ ဆန်ပြတ် လတ် တဲ့ ပြဿနာတွေပေါ်လာမှ ဆန်တင်ပို့မှုကို ရပ်ဆိုင်းလိုက်ရတာမျိုး အကြိမ်ကြိမ် ကြုံရဖူးတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နအဖစစ်အစိုးရ စီမံဘဏ္ဍာဌာန အရာရှိများကမူ လာမည့် ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာရေးနှစ်တွင် ဆန်တန်ချိန် (၁) သန်းခွဲအထိ တင်ပို့မည်ဟု ပြီးခဲ့သည့် ဧပြီ (၂၄)၊ ဆန်ကုန်သည်များနှင့် တွေ့ဆုံသည့် အစည်းအဝေးတခုတွင် ထုတ်ဖော်ပြောဆိုသည်။

ယခုကဲ့သို့ လက်ကားဈေးကွက်တွင် ဆန်ဈေးများ တက်လာသော်လည်း လက်လီဈေးကွက်တွင်မူ ပြည်သူများ ဝယ်မစား နိုင်လောက် သည့် အခြေအနေထိ ရောက်မလာသေးကြောင်း စုံစမ်းသိရသည်။

ဝက်တုတ်ကွေးရောဂါ Swine Flu ထိုင်းနိုင်ငံတွင် စတင်တွေ့ရှိ

Kaowao

မက္ကဆီကို နိုင်ငံတွင် လွန်ခဲ့သည့် ဧပြီလ ၁၃ ရက်နေ့က စတင်ဖြစ် ပေါ်ခဲ့သော Swine Flu ဝက် တုတ်ကွေး ရောဂါပိုး တစ်မျိုးကို ဘန် ကောက်မြို့ ချူလာလောင်ကွန်း Chulalonkorn ဆေးရုံတွင် တက်ရောက်ကုသ ခံနေ ရသော အသက် (၄၂) အရွယ် အမျိုးသမီး လူနာ တစ်ဦးထံ တွင် တွေ့ရှိခဲ့ရကြောင်း Ginger Asia အင်တာနက် သတင်း ဌာနမှ ယနေ့ ပေးပို့သော သတင်းအရ သိရသည်။


အဆိုပါအမျိုးသမီးသည် ယခုလဆန်းပိုင်း၌ မက္ကဆီကိုနိုင်ငံမှ ပြန်လာခဲ့ရာ ဖျားနာ၍ ဆေးရုံတွင် တက်ရောက် ကုသခံ နေရခြင်း ဖြစ်သည်။ အခြားသူများနှင့်အတူ နေထိုင်ခဲ့ဘူးသူများထံတွင်လည်း ဤရောဂါပိုး ကူးစက်ခံရခြင်း ရှိမရှိကို မသိရသေးပေ။

ယ္ခုရက်ပိုင်းများ၌ ဝက်များတွင်တွေ့ရတတ်သည့် ဗိုင်းရပ်ပိုးမှတဆင့် Swine Flu တုတ်ကွေးရောဂါများ ဖြစ်ပွားခဲ့ရာ မက္ကဆီကိုနိုင်ငံတွင် လူ (၁၄၉) ဦး အသက်သေဆုံးခဲ့ရပြီး (၁၆၀၀) ကျော်ခန့်မှာ ဆေးရုံများတွင် တက်ရောက်ကုသ ခံနေရဆဲဖြစ်သည်ဟု သတင်းဌာနများတွင်ဖေါ်ပြကြသည်။

အမေရိကန်သမ္မတအိုးဘားမားက ပြည်နယ်(၅) ခုတွင် ပြည်သူ့ကျန်းမာရေး အရေးပေါ်ကြေငြာချက် ထုတ်ပြန်ထား သည်။

ဤရောဂါသည် အများပြည်သူကျန်းမာရေးအတွက် နိုင်ငံတကာအတိုင်းအတာအရ စိုးရိမ်နေရသည့် အခြေအနေဖြစ်နေ သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကဆိုသည်။

ရွှေတြိဂံဒေသ လားဟူ ကျေးလက်လူထု နအဖ စစ်တပ်ဒဏ် အလူးအလိမ့်ခံရ

သျှမ်းသံတော်ဆင့်

ရွှေတြိဂံ ဒေသ ဘိန်းရာဇာ သစ်ဟု လူသိများ သည့် နော်ခမ်း အဖွဲ့အား စစ်ဆင် ခြေမှုန်းခဲ့ သည်ဟု ဆိုသော အနောက်ဘက် ခြမ်း မဲခေါင်မြစ် ကြောင်း တလျှောက် အခြေစိုက် လှုပ်ရှားကြ သည့် နအဖ တပ်များသည် ဒေသခံ လားဟူရွာသား များ၏ ကျွဲ၊ နွား၊ ကြက်၊ ၀က် များသာမက အိမ်သုံး ပစ္စည်းဟူသမျှ အဖိုးအခ မပေးဘဲ သိမ်းကြုံး ယူဆောင်နေကြောင်း နယ်စပ် သတင်း ရပ်ကွက်က ဆိုသည်။


ဖေဖေါ်ဝါရီလနှောင်းပိုင်းကစ၍ သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်၊ တာလေ၊ တာချီလိတ် အခြေစိုက် စစ်အစိုးရ နယ်လှည့် စစ်ကြောင်းများ ရွှေတြိဂံဒေသ မဲခေါင်မြစ်ဝှမ်းတလျှောက်ရှိ လားဟူနှင့် သျှမ်းဒေသခံများ၏ အိုးခွက်ပန်းကန်မှ အစ စဉ်းတီတုံးအဆုံး အဓမ္မယူဆောင်နေကြောင်း လားဟူ LDU (Lahu Democratic Union) ဥက္ကဌ ဦးဂျဘိုးလုံက ဤကဲ့သို့ ပြောပြသည်။

“ဗမာတပ်က ရွာနား စခန်းချတဲ့အဖွဲ့တင်မကဘူး အင်အား၂၀-၃၀ ပါတဲ့တပ်ဖွဲ့တွေ၊ တဖွဲ့ပြီးတဖွဲ့ ၀င်ထွက်သွားလာတယ်၊ တဖွဲ့တဖွဲ့လာနားရင် တရွာဝက်သားဘယ်နှစ်ပိဿာ၊ အမဲသားဘယ်နှစ်ပိဿာဆိုပြီးဆင့်ခေါ်တယ်။ ကြက်၊ ဘဲတွေဆို မပြောပလောက်ဘူး။ အခုတော့ရွာထဲမှာ တွေ့သမျှအကုန်ယူတယ်။ အ၀တ်အစားလဲမချန်ဘူး။ အဆိုးဆုံးကလူတွေနေ့စဉ် သုံးတဲ့ ပန်းကန်ခွက်ယောက်၊ ငြုတ်ဆုံ၊ ဓါးက အစ စဉ်းတီတုံး အဆုံး အကုန်ယူတာဘဲ”

သူပုန် အဖွဲ့ရွာထဲ ၀င်ရောက်လာပါက ဒေသခံများ ထံတောင်းယူသွားသည့် ပစ္စည်းတန်ဖိုးပေးသော်လည်း စစ်အစိုးရ စစ်တပ် များကတပြားမှမပေးကြောင်း၊ စီးပွားရေးအခက်အခဲကြောင့်ရုန်းကန်နေရသည့်ကြား နအဖစစ်ကြောင်းက အမျိုးမျိုးနှိပ်စက် သဖြင့် ဒုက္ခကြီးအကျယ် ကြုံတွေ့ရကြောင်းဆို၏။

တာချီလိတ် မြို့နယ်အတွင်း ဈေးပတ်သွားရောင်းသည့် မုံးကိုးဒေသခံ သျှမ်းအမျိုးသမီးတဦးက “အခုအရမ်းခံ ရတဲ့ ရွာတွေက ကျိုင်းတုံ - တာချီလိတ် ကားလမ်းမြောက်ဘက်ခြမ်း တောင်ချန်၊ စံဖူး၊ စံကော နဲ့ နောင်တောဝ်း ရွာတွေပေါ့။ အဲဒီဘက်က လားဟူတွေများတယ်လေ။ အဲဒီရွာတွေက မဲခေါင်မြစ် နဲ့နီးတဲ့ တောင်ပေါ်ရွာတွေပေါ့။ စံဖူးရွာကသျှမ်းတွေ ဘဲ” ဟု ဆို၏။

ဖေဖေါ်ဝါရီနှောင်းပိုင်းက မဲခေါင်မြစ်အတွင်း တရုပ်လှေတစ်စီး ပစ်ခတ်ခံရ၍ တစ်ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရသည့်အမှု အပြီး တရုပ်ဖိ အား ကြောင့် နအဖ စစ်တပ်နှင့် လောဝ်အာဏာပိုင်တို့ ပူးပေါင်းကာ MTA အဖွဲ့ဝင်ဟောင်း နော်ခမ်းအဖွဲ့ကို လိုက် လံ ရှင်းလင်း ရာမှ လားဟူ ကျေးလက်လူထုများ အခက်ကြုံခဲ့ရသည်။ အခက်အခဲမျိုးမျိုးကြုံတွေ့ရသော်လည်း လားဟူအမျိုး သားများသည် မွေးရပ်ဇာတိနှင့် လယ်ယာမြေကို ချစ်မြတ်နိုးသောကြောင့် တခြားဒေသတို့ ပြောင်းရွေ့ရန် အခက်တွေ့နေရကြောင်း လားဟူဥက္ကဌက ဆိုပါသည်။


ရွှေလီတံတားသစ်ဖွင့်ပွဲ - နမ့်ခမ်းပြည်သူထောင်ချီထမင်းငတ်

သျှမ်းသံတော်ဆင့်

ကချင်ပြည် နှင့် သျှမ်းပြည်ပေါင်းကူး ရွှေလီမြစ် ကူး ကြိုးတံတားဖွင့်ပွဲကို မနေ့က မနက်ပိုင်းတွင်ဖွင့်လှစ်ခဲ့ရာ ၅ မြို့နယ်မှ ဒေသခံ လူထုတက်ရောက်ရန် ဆင့်ခေါ်ခံခဲ့ရကြောင်း တရုတ်နယ် စပ် သတင်းရပ်ကွက် ကဆိုပါသည်။

ဧပြီ ၂၇ ရက် ၂၀၀၉ မနက်ပိုင်းတွင် နမ့်ခမ်း - ဗန်မော်ကြား ရွှေလီမြစ်ကူး ကြိုးတံတားကို စစ်အစိုးရဖွင့်လှစ်ခဲ့ရာ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ ပန်ဆိုင်းနှင့် နမ့်ခမ်းမြို့နယ်များမှ ဒေသခံလူထု အများအပြားတက်ရောက်ရန် ဆင့်ခေါ်ခံရကြောင်း မူဆယ် ဒေသခံတဦးက သျှမ်းသံတော်ဆင့်ကဲ့သို့ပြောသည်။

“ကျနော်တို့ မူဆယ်တမြို့ထဲဘဲ အယောက် ၅၀၀ ဆင့်ခေါ်တယ်။ ပလောင်၊ သျှမ်း၊ ကိုးကန့်၊ လီဆူး နဲ့ ကချင် စာပေယဉ် ကျေးမှု အဖွဲ့တွေ ထည့်မတွက်သေးဘူး။ သွားလာစရိတ် တရွာကို ဆီ ၅ ဂါလံ နဲ့ ပိုက်ဆံ တယောက် ၃၀၀ပေးမယ်လို့ ပြော ပေမဲ့ တရွာမှ မရသေးဘူး၊ ကိုယ့်စရိတ်နဲ့ကိုယ်ဘဲ။ ဒါတောင် ဟိုအထုပ် ဒီအထုပ် ယူမသွားဖို့ အမိန့်ထုတ်ထား သေးတယ်”

အဆိုပါ တံတားဖွင့်ပွဲ တက်ရောက်သူများအား အာဏာပိုင်များက ထီး၊ ထမင်းထုပ်၊ လွယ်အိတ်၊ ပိုက်ဆံအိတ်၊နှင့် လက်ကိုင် ဖုန်းများ ယူဆောင်ခွင့်ပိတ်ပင်ကြောင်း နမ့်ခမ်းဒေသခံ တဦးကလည်း သျှမ်းသံတော်ဆင့်အား ဤကဲ့သို့ ပြောပြပါသည်။

တံတားဖွင့်ပွဲက မနက် ၇ နာရီ၊ ကျနော်တို့သွားရတာက မနက် ၄ နာရီကတည်းက၊ ဘာမှယူသွားခွင့်မရှိဘူး၊ ထမင်းလဲ အိမ်မှာ အ၀စားသွားလို့ ဥက္ကဌက ပြောခိုင်းတယ်တဲ့၊ အဲနေ့က အားလုံးထမင်းငတ်တယ်။ အစမ်းကျင့်တဲ့ ၂၅ ရက်နေ့က ဆို ပန်းပွါးကတဲ့ ကလေးမတွေ ထမင်းမစားရ၊ ရေမသောက်ရလို့ နေကလဲပူလွန်းတော့ ၃-၄ ယောက်မူးမေ့တဲ့အဆင့် တောင် ရောက်တယ်”

တံတားဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ကိုယ်တိုင် တက်ရောက်မည်ဟု သတင်းထွက် သော်လည်း ဆောက်လုပ်ရေး ၀န်ကြီးဗိုလ်ချုပ်ခင်မောင်မြင့်၊ လားရှိုး ဒုတိုင်းမှူး ဒုဗိုလ်မှူးချုပ်လှမြင့် နှင့် အင်ဂျင်နီယာချုပ် ဦးစိန်မောင်တို့သာ တက်ရောက်ကြောင်း ဒေသခံတွေကဆိုပါသည်။

နမ့်ခမ်းမြို့ အနောက်ဘက် ၁ မိုင်ခွဲခန့်ဝေးသည့် ရွှေလီမြစ်ကြိးတံတားသည် အရှည်ပေ ၆၀၀၊ အမြင့် ၃၅ ပေ၊ အကျယ် ၄၅ ပေ ရှည်ပြီး ၂၀၀၄ နိုင်ဝင်ဘာ ကတည်းက စတင်တည်ဆောက်ခဲ့ဟုဆိုသည်။

ဝေါလေခီးစခန်းအား ကေအန်ယူလက်လွတ်ဆုံးရှုံး

NEJ /၂၉ ဧပြီ ၂၀၀၉

တိုးတက်သော ကရင် ဗုဒ္ဓဘာသာ အဖွဲ့ (ဒီကေဘီအေ) နှင့် နအဖ တပ်များ ပူးပေါင်း တိုက်ခိုက်မှုကြောင့် ကရင် အမျိုးသား လွတ်မြောက် ရေး တပ်မတော် တပ်မဟာ (၆) နယ်မြေ အတွင်းရှိ တပ်ရင်း (၂၀၁) ဝေါလေခီး စခန်းအား ကေအန်ယူ ဘက်မှ ယမန်နေ့က လက်လွတ် ဆုံးရှုံး ခဲ့သည်။

လက်နက်နှင့်လူအင်အား မမျှ၍ ယမန်နေ့နံနက် (၁၁) နာရီခန့်တွင် မိမိတို့တပ်စခန်းအား ယာယီစွန့်လွှတ်ခဲ့ရ ခြင်းဖြစ်သည်ဟု (၂၀၁) ဒု-ရင်းမှူး ဗိုလ်ကြီးဘူးဖောက ခေတ်ပြိုင်သို့ပြောသည်။

“မနေ့မနက်ကစပြီး နအဖဘက်က ခမရ (၂၃၁၊ ၅၄၉) နဲ့ ဒီကေဘီအေ တပ်ရင်း (၉၀၇၊ ၉၀၆၊ ၉၉၉၊ ၃၃၃) ပူးပေါင်းအင်အား (၂၀၀) ကျော် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အလုံးအရင်းထိုးတော့ ယာယီဆုတ်လိုက်ရတာဖြစ်ပေမယ့် ကျနော်တို့မှာ အစီအစဉ်တွေ ရှိ ပါတယ်” ဟု ဒု-ရင်းမှူးက ပြောသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် နောက်ထိုင်မြန်မာစစ်တပ်က ဘုရင့်နောင်တောင်ကုန်းမှ (၈၁) မမဖြင့် ကူပစ်ပေးရာ လက်နက် ကြီး ကျည်အချို့ ထိုင်းနိုင်ငံ အတွင်း ကျရောက်ခဲ့ သဖြင့် ထိုင်းစစ်တပ်မှ ပြန်လည် သတိပေး ပစ်ခတ်ခဲ့သည်။

မိမိတို့ ဆုတ်ခွာခဲ့သည့် စခန်းကို မြန်မာ စစ်တပ်နှင့် ဒီကေဘီအေ တပ်ဖွဲ့များ လောလောဆယ် ၀င်ရောက်တပ်စွဲခြင်း မရှိသေးကြောင်း ဗိုလ်ကြီးဘူးဖောက ပြောသည်။

ဝေါလေခီးစခန်းထိုးစစ်ကို နအဖနှင့်ဒီကေဘီအေက ယခုလ (၄) ရက်မှစတင်ကာ အလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့ပြီး ယမန်နေ့က စခန်းကို ရရှိခြင်းဖြစ်သည်။

တလနီ ပါးခန့်် ကြာမြင့်ခဲ့သည့် ဝေါလေခီးစခန်းတိုက်ပွဲတွင် နအဖစစ်သည် (၂) ဦး အပါအ၀င် ပူးပေါင်းစစ်သည် (၁၀) ဦးကျဆုံးပြီး ဒီကေ ဘီအေ တပ်ဖွဲ့ဝင် (၄၀) ဒဏ်ရာရ ရှိခဲ့ကြောင်း၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်ရင်း (၂၀၁) မှ တပ်ကြပ်ကြီး စောဂျိမ်း နှင့် တပ်ဖွဲ့ဝင် (၂ ) ဦးကျဆုံးကာ တပ်ဖွဲ့ ၀င်အချို့ ဒဏ်ရာ ရရှိကြောင်း ကေအန်အယ်လ်အေ ကဆိုသော်လည်း သီးခြား အတည်ပြု ချက် မရရှိသေးပါ။

တိုက်ပွဲအခြေအနေ အသေးစိတ်ကိုသိရှိရန် ဒီကေဘီအေတပ်ရင်း (၉၀၇) တပ်ရင်းရုံးသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူ တဦး က ဝေါလေခီးစခန်းအား ၎င်းတို့သိမ်းပိုက်လိုက်ကြောင်းသာ ပြောဆိုသည်။

ယမန်နှစ်ကလည်း နအဖနှင့်ဒီကေဘီအေ တပ်ဖွဲ့များ၏ထိုးစစ်ကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) မှ တပ်ရင်း (၂၀၁) ဝေါလေခီးစခန်းကို (၂) ရက်ခန့် လက်လွတ်ခဲ့ရပြီး ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

ဝေါလေခီးစခန်းသည် မဲဆောက်မြို့တောင်ဘက် ကီလိုမီတာ (၅၀) ခန့် အကွာအဝေးတွင်ရှိပြီး ကော့ကရိတ်မြို့နယ်အတွင်း ပါဝင်ကာ ကေအန်အယ်လ်အေ တပ်မဟာ (၆) ဒေသ ဒူးပလာယာခရိုင်၏ အုပ်ချုပ်ရေးအောက်တွင် ရှိသည်။

ယင်းဒေသအတွင်း မြေအောက်သယံဇာတ တူးဖော်သည့်မိုင်းလုပ်ငန်းများနှင့် အဖိုးတန် သစ်တောကြိုးဝိုင်းများ အများအပြားရှိပြီး နအဖနှင့်ကရင်ခွဲထွက်အဖွဲ့များက နယ်စပ်တလျှောက်တွင်ရှိသည့် ကေအန်အယ်လ်အေ တပ်စခန်းများကို အပြင်းအထန် တိုက်ခိုက် လျက်ရှိသည်။

ဝက်တုပ်ကွေး Swine Flu အကြောင်း သိမှတ်ဖွယ်ရာ

မဇ္ဈိမသတင်းဌာန

- ဝက်တုပ်ကွေး ရောဂါသည် မျိုးရိုးဗီဇ ၄ မျိုး ပေါင်းစပ်၍ ဖြစ်ပေါ်လာသော ဗိုင်းရပ်စ်ပိုးသစ် ဖြစ်သည်။ ပထမအသုတ် ဆေးထုတ်လုပ် ရန် အတွက် ၆ လခန့် အချိန်ယူရ မည်ဖြစ်ပြီး၊ ပမာဏ များများအတွက် ယခုထက် အချိန် ပိုယူရမည် ဖြစ်သည်။ ဤရောဂါသည် ရောဂါ ဖြစ် ပွားသော ဝက်ကို ထိတွေ့ကိုင်တွယ်မိရာက ကူးစက်ခြင်း ဖြစ်ကာ လူမှ လူသို့ ကူးစက်နိုင်သော ရောဂါဖြစ်သဖြင့် ဆားစ်အဆုတ် ရောဂါ ကဲ့သို့ပင် လျင်မြန်စွာ ကူးစက်ပွားမှု ဖြစ်နေသည်။ ဧပြီလ ၁၃ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော မက္ကဆီကို နိုင်ငံတွင် ဤတုပ်ကွေး ကြောင့် လူ ၂ဝ အသက် ဆုံးရှုံးရ သည်ကိုသာ အတည်ပြုနိုင်သော်လည်း စုစုပေါင်း ၁၄၉ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်ကြောင်း အစော ပိုင်းက ကြေညာခဲ့သည်။ သေဆုံးသူများမှာ အသက် ၂ဝ နှစ်မှ ၅ဝ နှစ်ကြား ဖြစ်ကြသည်။

- အခြား နိုင်ငံအချို့တွင်လည်း ရောဂါဖြစ်ပွားသူများ တွေ့လာနေရသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဤရောဂါနှင့် ပတ်သက်၍ အဆင့် ၄ အဆင့်ဟု ကြေညာထားရာ လူမှ လူသို့ ကူးစက်မှု ဖြစ်ပွားနိုင်ပြီး လူမှု အဖွဲ့အစည်းအတွင်း ကပ်ဘေးအန္တရာယ် ဖြစ်လာနိုင်သည်ဟု ဆိုခြင်းဖြစ်သည်။

ဝက်တုပ်ကွေး၏ လက္ခဏာများ

- ကိုယ်ပူခြင်း၊ နှာရည်ယိုခြင်း၊ နှာစေးချောင်းဆိုးခြင်း၊ ကိုယ်လက် မအီမသာဖြစ်၍ ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူကြပ်ခြင်းတို့ ဖြစ်သည်။

ရှောင်ရန်

အထက်ပါ ရောဂါလက္ခဏာဖြစ်လျှင် မိမိနေအိမ်တွင်သာ အနားယူရန်၊ လိုအပ်လျှင် ဆေးရုံ၊ ဆေးခန်းသို့ ပြသ၍ ကုသမှုခံယူရန်၊ အဖျားကြီးခြင်း၊ ချောင်းဆိုးကြာရှည်ခြင်း၊ အသက်ရှူ ခက်ခဲ၍ မောပန်းခြင်း စသည့် ပြင်းထန်သော ရောဂါလက္ခဏာများ ခံစားရလျှင် ဆေးရုံ၊ ဆေးခန်းသို့ ပြသရန် လိုအပ်သည်။

လူတိုင်းလိုက်နာ ဆောင်ရွက်သင့်သည်မှာ -

(၁) နှာချေ ချောင်းဆိုးလျှင် လက်ကိုင်ပုဝါဖြင့် ဖုံးအုပ်ခြင်း

(၂) လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောခြင်း

(၃) တကိုယ်ရေသန့်ရှင်းမှု ဂရုပြု ဆောင်ရွက်ခြင်း

(၄) ကောင်းစွာ အိပ်စက်အနားယူခြင်း

(၅) အာဟာရ ပြည့်ဝသည့် အစားအစာများ စားသုံးခြင်း

(၆) ကိုယ်လက်လှုပ်ရှားမှု မှန်မှန် ပြုလုပ်ခြင်း

(၇) လေကောင်းလေသန့် ရရှိအောင် ဆောင်ရွက်နေထိုင်ခြင်း

တုပ်ကွေးရောဂါ ဖြစ်ပွားသည်ဟု သံသယရှိသူများနှင့် ပြုစုစောင့်ရှောက်သူများသည် နှာခေါင်းစည်းများ တပ်ဆင်ရန် လိုအပ်သည်။

ဝက်မွေးမြူသူများ၊ ရောင်းဝယ်သူများနှင့် စားသုံးသူများ လိုက်နာရန်

(၁) ဝက်များ၌ ဖျားနာသည့် လက္ခဏာများ တွေ့ရှိပါက လူနှင့် တိုက်ရိုက် မထိစေဘဲ လူနှင့် အနီးနား၌ မထားဘဲ သီးခြားထားရှိရန်

(၂) ဝက်ခြံလုပ်ငန်း ဆောင်ရွက်ပြီးတိုင်း ခြေ၊ လက်များ စနစ်တကျ စင်ကြယ်စွာ ဆေးကြောရန်

(၃) နှာခေါင်း၊ ပါးစပ်အကာ လက်အိတ်များ အသုံးပြုကိုင်တွယ်သွားရန်

(၄) မကျန်းမာသော ဝက်များအား ဈေးကွက်သို့ ရောင်းချခြင်း မပြုရန်

(၅) မူရင်းဇစ်မြစ်မသိသော ဝက်များကို ရောင်းချခြင်း မပြုရန်၊ အထူးသဖြင့် နယ်စပ်ဖြတ်ကျော်၍ ဝင်ရောက်လာသော ဝက်များကို ဝယ်ယူရောင်းချခြင်း မပြုရန်

(၆) ဝက်သားနှင့် ဝက်သားထွက် ပစ္စည်းများကို ချက်ပြုတ်စားသောက်လိုလျှင် အပူချိန် ၇ဝံ င အထက် ချက်ပြုတ်စားသောက်ရန်

သိကြားမင်း စီရင်ချက် ယမမင်း အခက်

ရန်ကုန်သားတာတေ


နတ်သဘင် အစည်းအဝေးက အချိန်နီးကပ်နေပြီ ..။ ဦးရုက္ခစိုး အသည်းအသန် ပြေးသွားရသည်။ ဆီဈေးကျပေမယ့် ကားခတွေက ဈေး မ ကျတော့ တက္ကစီမစီးနိုင် ဘတ်စ်ကားနဲ့ပဲ ဖြစ်သလို သွားလိုက်ရသည်။ ကျင်းပရာနေရာက နေပြည်တော် ကြတ်ပြေးနှင့် တည့်တည့် အထက် နတ်ပြည်ခြောက်ထပ်က ဆီအိုးနား နတ်ဘုံနတ်နန်းမှာ .. ။ ဒိုင်ခံ ရှင်းလင်း ဖြေကြားမည့်သူက ချိုကုတ်ဒူးကြီး၏ ကိုယ်စောင့် နတ် ... ။ နတ်တို့ဥသျှောင် သိကြားမင်းက နာကြားမည် ..။ မေးမည့် ပြောမည့်သူများက မြန်မာ့နတ်ပေါင်းစုံ …။


ဦးရုက္ခစိုးရောက်တော့ အချိန်လွန် နေသော်လည်း အခမ်းအနား မစသေး။ ခန်းမထဲ ကမန်းကတန်း ဝင်ပြီး တွေ့ရာ နေရာမှာ ထိုင်လိုက်ရာ အသက်ကြီးကြီး နတ်အမယ်အို တပါး ဘေးတွင် ထိုင်မိလျက်သား ဖြစ်နေသည်။

ရုက္ခစိုး။ ။ ဟင် .. အမေဂျမ်းပါလား။ မျက်နှာလည်းမကောင်းဘူး။ ဘာဖြစ်လို့လဲ။

အမေဂျမ်း။ ။ ဟုတ်တယ်။ ကျုပ် ခု နာမည်ပြောင်းတော့မလို့။

ရုက္ခစိုး။ ။ ဟင် ဒီနာမည်က အမေဂျမ်းနဲ့ ဒီလောက်လိုက်ဖက်တဲ့ဟာ ..။ ဘာလို့ ပြောင်းမှာလဲ။

အမေဂျမ်း။ ။ ဟဲ့ .. ငါက ကြမ်းလို့ ရမ်းလို့ အမေဂျမ်းဆိုတဲ့ နာမည်ယူထားတာလေ .. ။ ခု ငါမနိုင်တဲ့ အမေကွိုင် ဆိုတာ ပေါ်နေပြီတဲ့။ ချိုကုတ်ဒူးကြီး ကတော်ပေါ့ ..။ အဲဒါငါ့နာမည်ကို အမေပျော့ ဆိုပြီး ပြန်ပြောင်းမလို့ လာပြောတာ။ အောင်မယ်လေး ကိုကိုတက်ခါးရဲ့ .. ကျုပ်တော့ ဘဝဆုံးပါပြီ။ ဂျမ်းလေးတော့ ဘဝပျက်ပါပြီ။ တသက်လုံး ကြမ်းခဲ့ရမ်းခဲ့ သမျှ .. ကျုပ်ထက်သာတဲ့သူကို နေရာဖယ်ပေးရတော့မယ်တော့ .. အဟော့ .. အဟော့။

“စကတည်းက ယဉ်သကိုဖြစ်နေပြီ” ဟုတွေးရင်း ဦးရုက္ခစိုး .. နေရာ ရွှေ့လိုက်သည်။ သူရွှေ့လိုက်သည့်ခုံ ဘေးမှာ ဗိုက်ပူနံကား နတ်တပါး ထိုင်နေသည်။ တကိုယ်လုံးလည်း ဝါထိန်နေ၏။

ရုက္ခစိုး။ ။ ဒီက နောင်ကြီးကို မြင်ဖူးသလိုပဲဗျ။ ကိုယ်ရောင်ကိုယ်ဝါကလည်း တောက်ပလိုက်တာ။ နောင်ကြီးက ဘယ်သူလဲဟင် .. (မေးရင်း မျက်စိက သူ့လက်ထဲမှာ အရက်ပုလင်းကို တွေ့လိုက်မှ မှတ်မိသွားသည်) ဟင် .. ကိုကြီးကျော် .. တို့ကိုကြီးကျော်မဟုတ်လား။

ကိုကြီးကျော်။ ။ အေ့ .. ဟုတ်တယ်။ မင်းက ဘယ်သူတုန်း။ ဘယ်သူဖြစ်ဖြစ် ဂရုမစိုက်ဘူးကွာ။

ရုက္ခစိုး။ ။ ကျနော် .. ကျနော်က ချင်းမိုင်ရုက္ခစိုးပါ။ ကိုကြီးကျော် အသားလေးတွေ ဝါဝင်းနေတာပဲ .. ဘယ် လိုးရှင်းလိမ်းလဲဟင်။

ကိုကြီးကျော်။ ။ ဟေ .. အဲဒါလိုးရှင်းလိမ်းလို့မဟုတ်ဘူးဟ။ မြန်မာပြည်မှာ အရက်တုတွေပေါလို့ ကိုကြီးကျော်တို့ အသည်းရောဂါ ရနေတာဟ။

ဦးရုက္ခစိုး။ ။ ခင်ဗျာ .. ဒါဆို ဘီလား .. စီလား။

ကိုကြီးကျော်။ ။ နောက်ဆုံးပေါ် အသည်းရောဂါ ဘီအီးဒီစီ ဟေ့ သိပြီလား။ တော်တော်လျှာရှည်တဲ့နတ်။ အသည်းရောင်ပြီး အသားဝါနေတာ ကိုများ ကိုယ်ရောင်ကိုယ်ဝါ တောက်ပသလေး ဘာလေးနဲ့ .. တုံးလိုက်တဲ့ကောင်ကွာ။

ဦးရုက္ခစိုး။ ။ ဒါဆို ရိုးရာမပျက် ထန်းရည်လေးပဲချပါလားဗျာ (လေပျော့လေးနှင့်)။

ကိုကြီးကျော်။ ။ ဟ .. သန်းရွှေဆိုတဲ့ကောင် လက်ထက်မှာ ထန်းရည်တောင် မစစ်တော့ဘူး ..။ ခု ကျုပ်ကို အတုတွေပဲ ဆက်နေလို့ အသည်းရောဂါ ရနေပါတယ်ဆိုမှ .. ။ ဒါကြောင့် ဟိုအကောင် ငရွှေ့ပီအေကို ကွန်ပလိန်း တက်ဖို့လာတာ .. ။ အရေးထဲ ရုက္ခစိုးဆိုတဲ့ကောင် သောက် စကားလာရှည်နေတယ်။

ကိုကြီးကျော်က ဘုတောလိုက်ရာ ဦးရုက္ခစိုးနည်းနည်း လန့်သွားသည်။ နတ်သဘင် ဆိုတော့ ဖိုးရှုပ်နှင့် ကြွက်စုတ် ကိုလည်း ခေါ်လာလို့မရ။ အားငယ်လာသည်။ အစည်းအဝေးကလည်း မစနိုင်သေး။ သိကြားမင်း မရောက်သေးဘူး ကြားသည်။ ခဏနေတော့ သိကြားမင်း ချွေးသံတရွှဲရွှဲနှင့် ရောက်လာပြီး .. သူထိုင်ရမည့်ခုံမှာ ဝင်ထိုင်လိုက်သည်။

သိကြားမင်း။ ။ ကျုပ်နည်းနည်း နောက်ကျသွားတဲ့အတွက် နတ်အပေါင်းကို တောင်းပန်ပါတယ်။ ကျုပ်မှာလည်း ကျုပ်အရေးနဲ့ ကျုပ် ဒုက္ခရောက်နေလို့ ..။ ဟို မြောက်ကိုရီးယားဆိုတဲ့ အကောင်တွေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်က ကျုပ်ကျောက်ဖျာကို အဖျားလာခတ်သွားတာလေ .. အဲဒါသုဇိတာတို့က မနေရဲလို့တဲ့ .. သူတို့ကိုပါ တပါတည်း ခေါ်ခဲ့ရတယ် .. ကိုင်းကိုင်း .. စလို့ရပြီ စကြတော့။

သိကြားမင်းက စခိုင်းလိုက်သည်နှင့် အလွန်ပြောချင်ဆိုချင်နေသူ တောင်ကြီး ဘိုးဘိုးကြီး ထိုင်ရာက ထလိုက်သည်။

တောင်ကြီးဘိုးဘိုးကြီး။ ။ ဒီလိုပါ .. ကျုပ် တသက်လုံး လုပ်ကိုင်စားသောက်လာတဲ့ လက်ဖက်တွေကို ခုမှ ရမယ်ရှာပြီး ဟိုပိတ်သည်ပိတ်နဲ့ လုပ်နေပါတယ်။ အဲဒါဘယ်လိုဖြစ်တာလဲ သိချင်တယ်။

တောင်ကြီးဘိုးဘိုးကြီးစကားကို ဘေးက ကိုးမြို့ရှင်နှင့် အမေပုလဲယဉ်တို့က ထောက်ခံသည်။

ကိုးမြို့ရှင်။ ။ ဟုတ်ပါတယ် ရှင်းပါ။ ဒီကိစ္စအရေးကြီးတယ်။ ကျုပ်တို့က တသက်လုံး လက်ဖက်စား လာတာ။ လက်ဖက်မှ မစားရရင် ဘာသွားစားရမှာလဲ။ သူများလို အရက်လည်း သောက်တာမဟုတ်။

ကိုကြီးကျော်။ ။ ဟေ ဒီလိုကိစ္စမျိုးရှိလား..၊ ပြောချင် ကိုယ့်ကိစ္စကိုယ်ပြောကြဟေ့နော် .. သူများကို လာစောင်းမပြောနဲ့။ ကိုကြီးကျော်တဲ့ တကျော်တည်းရှိတယ်ကွ။ တို့က လက်ဖက်နဲ့မမြည်းဘူး ကြက်နဲ့ပဲမြည်းတယ် .. ကြက်ကြော် .. ကြက်ကြော် ..။

ကိုကြီးကျော်က သူ့ကိုစောင်းပြောသည်ထင်ပြီး ထကြမ်းနေသောကြောင့် သိကြားမင်း၏ ပီအေ မာတလိက ငြိမ်ငြိမ် နေပေးဖို့ တောင်းပန်နေရသည်။

ချိုကုတ်ပီအေ။ ။ ဟာ .. ဒါက ဒီလိုရှိပါတယ်။ ဒီကိစ္စက ချိုကုတ်ဒူးကြီး တကယ်မသိတာပါ။ အနှစ် ၂၀ လောက် အိပ်ပျော်နေတဲ့ ကျန်းမာရေးဝန်ကြီးက ခုမှ လန့်နိုးပြီး လုပ်မိလုပ်ရာ ထလုပ်တာပါ။ သူလည်း ရွေးကောက်ပွဲ ဝင်မှာ ဆိုတော့ .. အလုပ်လုပ်ကြောင်း ပြချင်တာနဲ့ ဝင်ရမ်းတဲ့သဘောပါပဲ။ စားကြပါ .. ဆက်စားကြ .. ဘာမှမဖြစ်ဘူးစိတ်ချ။

ချိုကုတ်ဒူးကြီး၏ ကိုယ်စောင့်နတ်က သွားကလေးဖြီးကာ ထရှင်းသည်။ ထိုစဉ် အပေါက်ဝမှ ဆူဆူညံညံအသံများ ထွက်ပေါ်လာသည်။ အပေါက်စောင့်နတ်သားက ချက်ချင်းဝင်ခွင့်မပေး။ အပြင်တွင် ရောက်နေသူတဦးက ဦးရုက္ခစိုးကို တွေ့ကာ “ချင်းမိုင်ရုက္ခစိုးရေ .. လုပ်ဦးဟ .. ။ ငါတို့က နာဂစ်ရုက္ခစိုးတွေ။ အထဲ ဝင်ခွင့်ရအောင် ပြောပေးဦး” ဟု လှမ်းအော်သည်။ ဦးရုက္ခစိုးက အပေါက်စောင့်နတ်နှင့် ညှိပေးလိုက်မှ အဆင်ပြေသွား သည်။

နာဂစ်ရုက္ခစိုး။ ။ သိကြားမင်းကြီးခင်ဗျာ။ ကျနော်တို့အားလုံးက နာဂစ်မုန်တိုင်းကြောင့် လဲသွားတဲ့ သစ်ပင်တွေက ရုက္ခစိုးတွေပါ။ ခု နတ်ဒုက္ခသည်စခန်းတခုမှာ နေနေရပါတယ်။ ကျနော်တို့ သစ်ပင်တွေအားလုံး မရှိတော့ ကျနော်တို့တွေ လည်း နာဂစ် ရုက္ခစိုးတွေ ဖြစ်ကုန်ပါတယ်။ အဲဒါ သစ်ပင်တပင်စီ ပြန်ပေးစေချင်ပါတယ်။

သိကြားမင်း။ ။ အင်း .. ဒါတော့ ဟုတ်တယ် .. ကိုယ်စောင့်နတ်ကြီး။ အဲဒါ ဘယ်လိုလုပ်မှာလဲ။

ချိုကုတ်ပီအေ။ ။ ဘယ်လိုမှ လုပ်လို့မရဘူးလေ။ နာဂစ်သစ်ပင်တွေအားလုံး ပန်းပုထု ရောင်းပြီး ဗိုလ်ချုပ် ကတော်တွေအတွက် ရန်ဘုံးငွေ .. အဲ .. ဟိုဒင်းပေါ့ဗျာ။ ဘယ်လက်ထက်မှာမှ မဖြစ်ဘူးခဲ့တဲ့ နာဂစ်၊ ချိုကုတ်ဒူးကြီးရဲ့ လက်ထက်မှ ထူးထူးခြားခြား ဖြစ်တာ ဆိုတော့ အမှတ်တရအနေနဲ့ လုပ်ထားသင့်တယ်မဟုတ်လား။

သိကြားမင်း။ ။ ဒါဆို တခြားတောပြောင်းပေးလိုက်လေ .. ။

ချိုကုတ်ပီအေ။ ။ အဲ .. အဲဒါကလည်း တေဇတို့ခုတ်တာ ကုန်သလောက်ဖြစ်နေလို့ အဲဒီတောက ရုက္ခစိုး တွေအတွက်တောင် တန်ဖိုးနည်း သစ်ပင် စိုက်ပေးရဦးမှာ ..။ ဒီလိုလုပ်ပါလား ဒီရုက္ခစိုးတွေကတော့ လောလောဆယ်မှာ ဒုက္ခသည်စခန်းတခုခုမှာနေ .. ။ ပြီးရင် .. အနောက်နိုင်ငံတခုခုကို ထွက် .. ဟိုမှာ နိုင်ငံသားခံယူ .. ခုထဲက ဆူရှီလေး ဘာလေး လိပ်တာ သင်ထားကြပေါ့။

ဦးရုက္ခစိုး။ ။ (အတွေးထဲမှ) ငါပါ ရောပြီးဆူရှီလိပ်ရမယ့် သဘောရှိတယ် .. ခပ်ဝေးဝေးရှောင်နေမှ ..။

ဦးရုက္ခစိုး ထိုင်နေရာက အသာထပြီး နေရာရွှေ့ဖို့ပြင်ရာ ဘေးက ရုပ်ခပ်ဆင်ဆင် နတ်နှစ်ပါးရှေ့မှ ကွယ်သလို ဖြစ်သွားသဖြင့် တဦးက ဦးရုက္ခစိုးကို တွန်းဖယ်လိုက်သည်။

ဦးရုက္ခစိုး။ ။ ဟာ ဗျတ်အိတ် (8) နဲ့ ဗျတ်နိုင်း (9) ညီနောင်ပါလား။

ညီနောင်နှစ်ပါး။ ။ ဘာဗျ .. ဗျတ်ဝိနဲ့ ဗျတ်တ လုပ်ပါ .. ခင်ဗျားက ရှေ့ကလည်းကွယ်သေး .. နာမည်လည်း ဖျက်သေးတယ်။

ဦးရုက္ခစိုး။ ။ ခင်ဗျားတို့ တီရှပ်တွေမှာ ထိုးထားတာပဲ ကြည့်ဦးလေ။ ဝ လုံးကြီးတင် ဆိုတာ အင်္ဂလိပ်လို အိတ်ပဲဟာ။ တဝမ်းပူကို ထောင်လိုက်ရင် နိုင်း ဖြစ်တာပဲ .. ဒါကြောင့် ဗျတ်အိတ်နဲ့ ဗျတ်နိုင်းလို့ ခေါ်တာ။

ဗျတ်ဝိ။ ။ အင်း မဆိုးဘူး။ ခင်ဗျားဒီလို လိုရာဆွဲတွေးတတ်ပုံနဲ့ မြန်မာပြည်မှာ စာပေစိစစ်ရေး ညွှန်မှူး လုပ်သင့်တယ် သိလား။

ဦးရုက္ခစိုး။ ။ မဖြစ်ပါဘူးဗျာ ..။ ကျနော်က အယ်ဒီတာချုပ်တွေ ပေးစာကမ်းစာ စားချင်တာ မဟုတ်ဘူးဗျ။ အမတ်လုပ်ပြီး ရွေးကောက်ပွဲဝင်မလား စဉ်းစားနေတာ ဟဲဟဲ။ ဒါနဲ့ ခင်ဗျားတို့နှစ်ယောက်က ဘာဖြစ်ကြ ပြန်တာလဲ။

ဗျတ္တ။ ။ ဟာဗျာ .. ကျုပ်တို့ဟာကျုပ်တို့ ဖောင်နဲ့မျောလာတာကို ရိုဟင်ဂျာပါဆိုပြီး အတင်း ဓာတ်ပုံတွေရိုက် .. သတင်းတွေလုပ်လို့ဗျို့ .. ။ မျောတာတောင် အေးအေးဆေးဆေး မမျောရဘူး။ ပြီးတော့ ကျုပ်တို့ကို ဘင်္ဂလားဒေ့ရှ် သွားခိုင်းလို သွားခိုင်း .. မြန်မာပြည်ပြန်ခိုင်းလိုခိုင်းနဲ့ ..။ အဲဒါလာတိုင်တာ။ ခု အလှည့်မကျသေးလို့ စောင့်နေတာဗျ။

ထိုစဉ်အလှည့်ကျသည့် အနီရောင်ဝတ်စုံနှင့်တဦး ရုတ်တရက်ထရပ်လိုက်ရာ ဗျတ်ဝိက အလန့်တကြားနှင့် “ဟာ .. ထိုင်းက အနီရောင်ဝတ် ယူဒီဒီ ကိုယ်စားလှယ် ထင်တယ်ဟ .. အဲဒါဆိုရင်တော့ ကြောက်တယ်” ဟု ထအော်သည်။

ဦးရုက္ခစိုး။ ။ မဟုတ်ပါဘူးဟ .. ဇော်ဂျီပါ။

ဇော်ဂျီ။ ။ သိကြားမင်းကြီးခင်ဗျာ .. ။ ကျနော်ခု ဆေးရှာရတာ အခက်အခဲဖြစ်နေပါတယ်။ ရှိသမျှသစ်တောလည်း ပြုန်းတာကော ခုတ်တာကောကုန်ပြီ။ ခု ဇော်ဂျီ တောပြောင်းရမလိုဖြစ်နေပြီ။ ရုက္ခစိုးတွေနဲ့ ဒုက္ခသည်စခန်း သွားနေရ ကောင်း မလားမသိဘူး။ ရသမျှ ကြိတ်ရောင်းတော့လည်း တိုင်းရင်းဆေးဝါးမှတ်ပုံမတင်လို့ တဲ့။ အမယ်မင်း ဇော်ဂျီ သေချင်တယ်၊ ဇော်ဂျီသေချင်တယ် သိလား။ သူယောင်မယ်လေးတွေ ရှိနေလို့နော် .. ဟင်း ..။

ဇော်ဂျီက ပြောရင်းဆိုရင်း ငိုချင်းချလိုက်သဖြင့် သိကြားမင်း ဘာလုပ်ရမှန်းမသိဖြစ်ကာ ခေါင်းကုတ်နေစဉ် နောက် တယောက် နေရာမှထပြန်သည်။ ဒီတခါထလိုက်သူက ပုပ္ပားမယ်တော်ကြီးဖြစ်သည်။ ပုပ္ပားမယ်တော်ကြီး ပြောမလို့ ပါးစပ်ပြင်နေတုန်း မနှဲလေးကပါ အတင်းဝင်ပြောဖို့ လုပ်သည်။ ပုပ္ပားတောင်မကြီးတွင် လမ်းဖောက်သည့်ကိစ္စ မယ်တော်ကြီး မကျေနပ် .. ၊ မနှဲလေးကလည်း ဘဲဥဈေးကြီးသည့်ကိစ္စ တိုင်သည်။ သိကြားမင်း အတော်လေး စိတ်ရှုပ်နေပုံ ရသည်။ သူ့ရှေ့က စားပွဲကို “ဘုန်း” ခနဲနေအောင် ထုလိုက်သည်။

သိကြားမင်း။ ။ ကဲကဲ .. သန်းရွှေရဲ့ ကိုယ်စောင့်နတ်ရေ .. မင့်အကောင်ကတော့ လူတွေတင်မကဘူး နတ်လောကကိုပါ ရှုပ်နေပြီ။ ဘယ်သူ့ လက်ထက်မှာမှ သူ့လက်ထက်လောက် ကိစ္စမများဘူး .. ကဲ .. ရှုပ်တယ်။ အဲဒီ ချိုကုတ်ဒူးကြီးကို ငရဲပြည်သာ ပို့လိုက်တော့ ..။

ထိုစဉ် တနေရာမှ “ဝုန်း” ခနဲ အသံကြီးပေါ်ထွက်လာသည်။ ယမမင်းကြီး ထရပ်လိုက်ခြင်းဖြစ်သည်။

ယမမင်းကြီး။ ။ သိကြားမင်းကြီးခင်ဗျာ .. ကျေးဇူးပြုပြီး အဲဒီပုဂ္ဂိုလ်ကို ငရဲပြည် မပို့လိုက်ပါနဲ့ …။

သိကြားမင်း။ ။ ဟေ .. ဘာလို့လဲ။ သူ့ကိုကြော်ဖို့ ဆီမလောက်မှာ စိုးလို့လား။ ဆီ ပါမစ် ထပ်ချပေးမယ်လေ။

ယမမင်းကြီး။ ။ မဟုတ်ဘူး .. မဟုတ်ဘူး .. ကြောက်လို့ဗျ ..။ တော်ကြာ ကျုပ်ငရဲပြည်ကို အာဏာ လာသိမ်းရင် ဘယ်လိုလုပ်မလဲ။ တော်ပြီပြန်မယ် .. အားလုံး တာ့တာ။

ပြောပြောဆိုဆို ယမမင်းကြီး ထွက်ပြေးသွားသည်။ တက်ရောက်လာသော နတ်အပေါင်းတို့ မကျေနပ်ကြ။ ဖြေရှင်း မပေးနိုင်သော သိကြားမင်းကို စိတ်ဆိုးနေကြသည်။ ထိုစဉ် အခြေအနေမဟန်မှန်းသိသည့် သုဇိတာတို့အဖွဲ့က သိကြားမင်းကို နောက်ဖေးပေါက်က လာခေါ်သည်။

သုဇိတာ။ ။ မောင်တော် .. မောင်တော် .. လာလာ။ ဒီနောက်ဖေးပေါက်ကထွက်။ ဘာမှစိတ်မညစ်နဲ့ ဘန်ကီမွန်းတို့ ဂန်ဘာရီတို့တောင် ရှင်းနိုင်တာမဟုတ်ဘူး…။ နောက်သူ့ဟာသူ ပြေလည်သွားလိမ့်မယ်။

သိကြားမင်း။ ။ အင်း ဒီနေရာမှာတော့ ရှေးနည်းအတိုင်း မိန်းမစကား နားထောင်တာ ကောင်းပါတယ်လေ။

သိကြားမင်းထွက်သွားတော့ ချိုကုတ်ဒူးကြီးပီအေဆီ ဖုန်းဝင်လာသည်။ မြန်မာ့ ဆက်သွယ်ရေးက ဖုန်းဆိုတော့ လိုင်းက ခန်းမထဲမှာမမိ .. ၊ အပြင်ထွက်ပြောရသည်။

ချိုကုတ်ပီအေက “ဟယ်လို .. ဟယ်လို .. ဟဲလို .. ဟုတ်ကဲ့ လာပြီ လာပြီ .. ခုလာပြီ .. အားလုံး အဆင်ပြေတယ် .. ဟုတ်ပြီ .. ဘာမှမပူနဲ့ .. အားလုံးအေးဆေး .. အိုကေနော်” ဟူ၍ ဖုန်းကိုပြန်ဖြေရင်း ရူးချင်ယောင်ဆောင်ကာ လစ်ထွက် သွားသောကြောင့် ခန်းမထဲတွင် ဒေါကန်နေသောနတ်အပေါင်းနှင့် ကျွန်ုပ်တို့၏ ဇာတ်လိုက်ကြီး ဦးရုက္ခစိုးသာ ယောင်ချာချာ ကျန်ခဲ့လေတော့သည်။ ။


ယနေ့ မြန်မာ့ရေးရာ သတင်းများ April,29th,2009

( 54 )Opposition sets conditions

( 53 )ကလေးများက နာဂစ်သင့်သူများအတွက် ငွေလှူဒါန်း

( 52 )Myanmar opposition sets conditions for joining 2010 polls

( 51 )ရာရှင် အစား ငွေပေးသဖြင့် အခြေခံ တပ်သားများ အခက်တွေ့

( 50 )ဘိုကလေးတွင် ပြည့်တန်ဆာ ခန်းများ ပိုမို များလာ

( 49 )ရပ်ကွက် ပြင်ပထွက်သူ ထောင် ၁ နှစ်ကျ

( 48 )တွံတေးတွင် ဝက်များ အစုလိုက် သေဆုံးနေ

( 47 )BDR hands over 68 Burmese citizens to Nasaka

( 46 )၂၀၁၀ အတွက် အပစ်ရပ် အဖွဲ့များနှင့် စစ်အစိုးရ ဆွေးနွေး

( 45 )ဆိုင်ကလုံးဒဏ်ခံ လယ်သမားများ ပိုးမွှားအန္တရာယ်နှင့် ကြုံနေရ

( 44 )တကိုယ်တော် ဆန္ဒပြသည့် ကျူရှင်ဆရာ ထောင်ဒဏ် ၁ နှစ် ကျခံရ

( 43 )Diarrhea outbreak in Monywa

( 42 )Raw salt from Arakan exported to Burma proper

( 41 )မြန်မာ အသင်း ဘင်္ဂလာကို နှစ်ဂိုး တဂိုးဖြင့်နိုင်

( 40 )68 Released Burmese Prisoners Return Home

( 39 )လွတ်ရက်စေ့ မြန်မာနိုင်ငံသား ၆၈ ဦး မိမိနိုင်ငံသို့ ပြန်လည် ရောက်ရှိ

( 38 )People angry over new telephone billing system in Burma

( 37 )ဝေါ်လေခီးစခန်းကို ဒီကေဘီအေနှင့် မြန်မာတပ်ဖွဲ့က သိမ်းပိုက်

( 36 )Burma’s Own Potemkin Village

( 35 )ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၌ နွေစပါး အထွက်နှုန်း တ၀က်လျော့ ကျဆင်း

( 34 )Donor in the Delta

( 33 )အပစ်ရပ်အဖွဲ့ ခေါင်းဆောင်များနှင့် ဗိုလ်ချုပ်ရဲမြင့် တွေ့ဆုံ

( 32 )Burma Star Association commemorate 'Forgotten army' in Epsom

( 31 )အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၂ဝ၁ဝ ရွေးကောက်ပွဲကိစ္စ ဆွေးနွေး

( 30 )Thai army protests after Burma's mortar shells injured two soldiers

( 29 )ကျိုက်မွန်ထိုစေတီ ပိန္နဲတိုင် တိမ်းညွတ်

( 28 )Stop the Burma-boycott

( 27 )အဖွဲ့ချုပ် ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေး ညှိနှိုင်း ဆွေးနွေး

( 26 )Burmese junta's mouthpiece says satellite TV "bad for people"

( 25 )Burmese cyclone survivors still living in squalor

( 24 )၀က်တုပ်ကွေး ကြိုတင်ကာကွယ်ရေး နှိုးဆော်

( 23 )Burma’s opposition discusses 2010 poll

( 22 )Government arranges public telephones for Chin state

( 21 )ဝမ်းပျက်ဝမ်း လျှော ဖြစ်ပွားမှု ကာလဝမ်းရောဂါ အသွင်ပြောင်း

( 20 )Army taxes bull traders heavily

( 19 )UNDP supplies relief for famine victims in Chin State

( 18 )အန်န်အယ်လ်ဒီ တိုင်းနဲ့ပြည်နယ် အစည်းအဝေး နိုင်ငံရေး ရှေ့လုပ်ငန်းစဉ် ဆွေးနွေး

( 17 )Myanmar steps up efforts to prevent swine flu

( 16 )ကရင်အမျိုးသား လွတ်မြောက်ရေးစခန်း ရန်သူ့လက်ကျ

( 15 )Myanmar villagers still struggle year after storm

( 14 )US to keep Myanmar sanctions in review

( 13 )ကရင်တပ်မတော် စခန်းကို ဒီကေဘီအေနှင့် နအဖတပ်များ ဆက်လက်ထိုးစစ်ဆင်

( 12 )Myanmar still struggling one year after cyclone Nargis

( 11 )ဒေသခံတို့အတွက် အကျိုးမဖြစ်ထွန်း သော ကျိုက္ကမီ-စက်စဲ လမ်းပြင်ရေး

( 10 )Myanmar See Off Bangladesh; Cambodia Still In It

( 9 )အန်အယ်ဒီ စုံညီအစည်းအဝေး စတင်ကျင်းပ

( 8 )Myanmar sanctions to stay

( 7 )Sanction is an essential for Orwellian Regime of Burma

( 6 )လူငယ်ရှေ့နေ ကိုညီညီထွေး ပြန်လွတ်ပြီ

( 5 )မန္တလေး နန်းတည် နှစ် ၁၅၀ ပြည့် အထိမ်းအမှတ် အနုပညာ ပုံရိပ်ပွဲတော် ကျင်းပမည်

( 4 )Myanmar Gem Trader Found Dead

( 3 )တွံတေး အဖွဲ့ချုပ်ဝင် ၂ ဦးကို ဒုတိယ အကြိမ် ရုံးထုတ်

( 2 )လုံခြုံရေး တင်းကျပ်တဲ့ကြားက အန်န်အယ်လ်ဒီ တိုင်းနဲ့ပြည်နယ် စည်းဝေး

( 1 )Burma's NLD holds election summit

Tuesday, April 28, 2009

(မယက)ဥက္ကဋ္ဌက လယ်သမားများကို ရိုင်းပြစွာ ပြုမှုသဖြင့် မကျေမနပ်ဖြစ်နေ

ဉာဏ်မောင် Tuesday, 28 April 2009

မြို့နယ် (မယက) ဥက္ကဋ္ဌ ဦးညွန့်စိုးက လယ်သမားများ တောင်းဆိုမှု အပေါ် ရိုင်းရိုင်း စိုင်းစိုင်း ပြုမှုခဲ့သည့် အတွက် ဒေသခံ များက မကျေ မနပ်ဖြစ်နေ ကြသည်။

ပြီးခဲ့သည့် (၂၃) ရက်နေ့တွင် ပဲခူးတိုင်းအနောက်ခြမ်း၊ ဇီးကုန်းမြို့နယ်၊ တပင်တောင်အုပ်စု၊ တောင်ရေကန်ကျေးရွာ လယ်သမားများထံမှ လယ်မြေငှားရမ်းခ တောင်းယူရာတွင် လယ်သမားများက တရားဝင်စာဖြင့် ပေးဆောင်ပြီးကြောင်း အသိအမှတ်ပြုပေးရန် တောင်းဆိုခြင်းအပေါ် ယခုကဲ့သို့ ဆက်ဆံလိုက်ကြောင်း ဒေသခံလယ်သမားတဦးက ပြောသည်။

“တောင်ရေကန်ကျေးရွာ ဦးခင်စိန်နေအိမ်ကိုရောက်ပြီး မြေငှားချထားတဲ့ လယ်သမားတွေကိုခေါ်ပြီး ငွေတောင်းတာ၊ အဲဒါကို လယ်သမားတွေက ပေးမယ် ဒါပေမဲ့ တရားဝင်ပေးပြီးကြောင်းကို စာထုတ်ပေးဖို့ပြောတာ၊ အဲဒါကို (မယက)ဥက္ကဋ္ဌက သူ့ကို ပြန်ပြောရမလားဆိုပြီး ဧည့်ခံကျွေးမွေးထားတဲ့ ပန်းကန်တွေကို ထရိုက်ခွဲပစ်တာ” ဟု ပြောသည်။

လယ်သမားများအနေဖြင့် မြေငှားခပေးဆောင်းကြောင်း တရားဝင်စာထုတ်ပေးရန် တောင်းဆိုခြင်းမှာ (မယက)ဥက္ကဋ္ဌအသစ်ပြောင်းပါက ထပ်မံတောင်းယူမည်ကို စိုးရိမ်သည့်အတွက်ကြောင့်ဖြစ်သည်ဟု ပြောသည်။

“တဧကကို ပဲတခွဲနှုန်း တောင်းယူတယ်၊ အရင်တုန်းက အလီလီအခါခါတောင်းလို့ အခုဟာက တရားဝင် စာထုတ်ပြီး တောင်းယူစေချင်တာ၊ နောက်ထပ် အသစ်ပြောင်းသွားတယ်ဆိုရင်လဲ ထပ်တောင်းမှာ လယ်သမားတွေက စိုးရိမ်တယ်၊ အခုလိုဖြစ်သွားတော့ လယ်သမားတွေက ပေးရမဲ့ငွေကို ကျေးရွာလူကြီး ဦးခင်စိန်အိမ်ကို သွားပို့ထားကြတယ်” ဟု ဆက်လက်ပြောသည်။

အဆိုပါလယ်မြေများသည် ၁၉၉၀-၉၁ ခုနှစ်က မြေလွတ်မြေရိုင်း ဖော်ထုတ်ရေးစီမံကိန်းပြီးနောက် (မယက)ပိုင်လယ်မြေအဖြစ် သိမ်းယူထားသည့် မြေများဖြစ်ပြီး တစုံတရာ စိုက်ပျိုးခြင်းမရှိသည့်အတွက် ဒေသခံများက စိုက်ပျိုးခဲ့ကြပြီး မြေငှားခကို ပေးဆောင်နေရခြင်းဖြစ်သည်။

ယခင်ကလည်း ၎င်းလယ်မြေများတွင် မြို့နယ်အာဏာပိုင်များက ရဲတပ်ဖွဲ့အလံများ လာရောက်စိုက်ထူပြီး မြေစာရင်းဌာန၊ (လဝက)ဦးစီးဌာနတို့က ဝါးလုံးများယူဆောင်ကာ ရဲစခန်းဆောက်လုပ်မည့် မြေဖြစ်သည့်အတွက်ကြောင့် ခြံခတ်ခြင်းများပြုလုပ်ခဲ့သဖြင့် ဒေသခံလယ်သမားများနှင့် ပဋိပက္ခဖြစ်ခဲ့ဖူးကြောင်း ဒေသခံက ဆက်လက်ပြောသည်။

ရွေးကောက်ပွဲ ၀င်ရေး NLD မဆုံးဖြတ်နိုင်သေး

ကိုစိုး Tuesday, 28 April 2009

၂၀၁၀ ရွေးကောက်ပွဲ ဥပဒေ ထွက်လာမှ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဆုံးဖြတ်မည် ဖြစ်ကြောင်း ယနေ့ ပြုလုပ်သည့် အထူးအစည်း အဝေးတွင် ဥက္ကဌ ဦးအောင်ရွှေက ပြောကြား လိုက်သည်။

“ဒီင်္မိုကရေစီ စည်းမျဉ်းစည်းကမ်းတွေပေါ် အခြေခံမခံကို ကျနော်တို့ စောင့်ကြည့်ရပါမယ်”ဟုလည်း ဦးအောင်ရွှေ က အစည်းအဝေးအဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

NLD ပါတီ ရုံးချုပ်တွင် ကျင်းပသည့် အထူးအစည်းအဝေး၌ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၉၀ ကျော် အပါအ၀င် တိုင်းနှင့်ပြည် နယ် စည်းရုံးရေးတာဝန်ခံ အဆင့် ၆၀ ကျော် တက်ရောက်ကြသည်။

“ဒီနေ့ အစည်းအဝေးမှာ လူ ၁၅၀ လောက် အနည်းဆုံး တက်ရောက်ပြီး အဖွင့် အမှာစကားကို ဗဟိုအလုပ် အမှု ဆောင် အဖွဲ့ဝင် ဦးဝင်း တင် ပြောပါတယ်”ဟု အစည်းအဝေး တက်ရောက်နေသည့် လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်း က ပြောပြသည်။

၂ ရက်ကြာပြုလုပ်မည့် ၎င်းအထူးအစည်းအဝေးတွင် စစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကို ပြန်လည် သုံးသပ်ရေး အပါအ၀င် လက်ရှိ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုနှင့် ပတ်သက်ပြီး ပါတီ၏ ရပ်တည်ချက် စသည့် အဓိက အကြောင်းအရာများကို ဆွေးနွေးညှိနှိုင်းမည်ဖြစ်ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်သည့် ဦးအုံးကြိုင်က ပြောသည်။

အစည်းအဝေးနှင့် ပတ်သက်သည့် အသေးစိတ်ကိုမူ ယခုအချိန်တွင် မပြောကြားနိုင်သေးကြောင်းလည်း ၎င်းက ဆိုသည်။

“မကြာခင်မှာ ကျနော်တို့ ကြေညာချက်ထုတ်ဖို့ ရှိပါတယ်၊ လူတွေ စိတ်ဝင်တစားပြောဆို ဆွေးနွေး နေကြတဲ့ ကိစ္စ တွေပဲဖြစ်ပါလိမ့်မယ်”ဟုလည်း ဦးအုန်းကြိုင်က ပြောသည်။

NLD သည် စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေးနှင့် ပတ်သက်ပြီး ဖိအားများနှင့် ရင်ဆိုင်နေရသည်။

ယခင် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ ဥပဒေတွင် ပါတီ တခုသည် မဲဆန္ဒနယ်မြေ အနည်းဆုံး ၃ နေရာဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုပါက ယင်းပါတီသည် အလိုအလျောက်ဖျက်သိမ်းပြီး ဖြစ်ကြောင်း ပြဌာန်းထားသည်။

“တကယ်လို့ ရွေးကောက်ပွဲ မဝင်ဘူး၊ မှတ်ပုံမတင်ဘူး ဆိုရင် NLD ဘာဆက်လုပ်မလဲ၊ ဒါဟာ NLD အတွက် စိန်ခေါ်မှုပဲ”ဟု NLD လွတ်မြောက်နယ်မြေ မှ တာဝန်ရှိသူ တဦးဖြစ်သည့် ဦးညိုအုန်းမြင့်က ပြောသည်။
NLD ပါတီသည် ၁၉၉၀ ပြည့် အထွေထွေ ရွေးကောက်ပွဲတွင် ၈၂ ရာခိုင်နှုန်း မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ရွေးချယ်ခံ လွှတ်တော် ကိုယ်စားလှယ် ၃၉၂ ဦး ထဲမှ အများအပြားကို စစ်အစိုးရက ဖိအားပေးနှုတ်ထွက်စေခဲ့ သည်။ လွှတ်တော် ကိုယ်စားလှယ်တချို့မှာ လွတ်မြောက်နယ်မြေသို့ ထွက်သွားခဲ့ကြသည်။

၁၉၉၇ ခုနှစ်က ယခုကဲ့သို့ NLD ပါတီ အထူးအစည်းအဝေး ခေါ်ယူ ကျင်းပခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် အထူး အစည်း အဝေးကျင်းပရန်စီစဉ်ခဲ့သော်လည်း ရာနှင့် ချီသည့် NLD လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီဝင်များ ကို စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းမှုများပြုလုပ်ခဲ့သည်။

လူသတ်မှု ကျူးလွန်သူ လေတပ် ဗိုလ်ကြီးကို ဖမ်းဆီးမိ

NEJ /၂၈ ဧပြီ ၂၀၀၉

ပြီးခဲ့သည့် ဧပြီလ ဆန်းက ဗိုလ်တစ်ထောင်မြို့နယ် ဗိုလ်တစ်ထောင် လမ်းသွယ် (၄) လမ်း တိုက် အမှတ် (၆-၈)၊(၄) လွှာ ယာဘက်ခြမ်း အခန်းတွင် ဖြစ်ပွား ခဲ့သည့် လူသတ်မှုမှ တရားခံ (၂) ဦးအနက် တဦးဖြစ်သူ လေတပ်ဗိုလ်ကြီး ဖုန်းဇော်အေး ကို ဖမ်းဆီး ရမိခဲ့ကြောင်း ဖမ်းဆီး ရာတွင် ပါဝင်ခဲ့သူ ကမာရွတ်ရဲ စခန်းမှ အမည် မဖော်လိုသူ ရဲတပ်ဖွဲ့ ဝင်တဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ ဧပြီ (၁၅) ရက် သင်္ကြန်အကြတ်နေ့တုန်းက ပြည်လမ်းအမှတ် (၄၃၇) မှာ ဖွင့်ထားတဲ့ Summer Palace ဟိုတယ်မန်နေဂျာက ကျနော်တို့စခန်းကို ဖုန်းဆက်တယ်။ သူတို့ဆီမှာ လူတယောက် တည်းခိုခန်းခ မပေးဘဲ တည်းနေတာ လာစစ်ပေးပါလို့ ဆိုတယ်။ ကျနော်တို့ ဟိုတယ်ကို ရောက်ပြီး သိပ်မကြာဘူး။ လူတယောက် ဟိုတယ်အပေါ်ထပ်ကနေ ခုန်ချတယ်။ အောက်ထပ်က အဖီထုတ်ထားတဲ့ အမိုးပေါ်ကို ပြုတ်ကျပြီး ခြေထောက် ကျိုးသွားတယ်။ ဒါနဲ့ သူ့ကိုသွားမေးကြတယ်။ နောက် ဆေးရုံပို့ပြီး စစ်ကြည့်တော့ မင်္ဂလာဒုံလေတပ်စခန်းက ဗိုလ်ကြီးတယောက် ဖြစ်နေတယ်။ သူပြောတာတွေ ရှေ့နောက်မညီတာနဲ့ ဆက်ပြီး စစ်လိုက်တာ ဗိုလ်တစ်ထောင် လမ်းသွယ် (၄)၊ နှစ်လောင်းပြိုင် လူသတ်မှုက လူသတ်သမားဖြစ်နေတာ သိရတယ်။ ခု သူ့ကို စစ်တပ်က လာလွှဲယူသွားပြီ” ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီ (၂) ရက်က ဗိုလ်တစ်ထောင်လမ်းသွယ် (၄) အပြင်က သော့ခတ်ထားသည့် တိုက်ခန်းတခန်းမှ အပုပ်နံ့ထွက်လာ၍ လူများက ရဲကို အကြောင်းကြားခဲ့ရာမှ လူသတ်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အသတ်ခံရသူများမှာ အသက် (၄၆) နှစ်အရွယ် သင်္ဘောအရာရှိ ဦးခင်မောင်လေးနှင့် ရွှေပြည်သာတွင်နေထိုင်သည့် အငြိမ်းစားဗိုလ်မှူးချုပ် ကျော်ဝင်း၏သမီး အသက် (၄၄) နှစ်အရွယ် ဒေါ်အေးအေးဝင်း ခေါ် ဒေါ်မြတ်သီရိခင် ဖြစ်ပြီး မတ်လ (၃၀) ရက် ညက အသတ်ခံရကြောင်း သိရသည်။

ဖမ်းဆီးမိသူ ဗိုလ်ကြီးဖုန်းဇော်အေးသည် ဦးခင်မောင်လေး၏ တူတော်သူဖြစ်ပြီး မကြာခဏ ဦးလေးဖြစ်သူထံ လာရောက်လေ့ရှိကြောင်း၊ အခင်းဖြစ်ပွားသည့်နေ့က ငွေချေးရာမှ အချင်းများကြပြီး အဖော်တယောက်နှင့်အတူ သတ်သွားသည်ဟု ယူဆရကြောင်း အိမ်နီးနားချင်းများက ပြောကြသည်။

ယခုမှုခင်းနှင့် ပတ်သက်၍ သတင်းထောက်များနှင့် ရဲမှုခင်းသတင်းထုတ်ပြန်ရေးအဖွဲ့ တွေ့ဆုံစဉ် သတင်းထောက်များ၏ မေးမြန်းချက်ကို တာဝန်ရှိသူများက တရားခံတဦးမိပြီ ဆိုသည်မှလွဲပြီး အခြားပြောဆိုခြင်း မပြုသကဲ့သို့ သတင်းရေးသားရန်လည်း လုံးဝ ခွင့်မပြုကြောင်း သိရသည်။

ယခု ပြစ်မှုကျူးလွန်သူသည် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ စစ်အရာရှိတယောက်ဖြစ်နေခြင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သားမက်တော်စပ်သူ ဗိုလ်မှူးချုပ်သိန်းနိုင်၏ တပ်မှ ဖြစ်နေခြင်းတို့ကြောင့် လုံးဝ သတင်းဖော်ပြခွင့်ပြုမည်မဟုတ်ကြောင်း ပြည်တွင်း ပုဂ္ဂလိက ဂျာနယ်သတင်းထောက်တဦးက သုံးသပ်သည်။

အင်းလျားလမ်း (၅) လောင်းပြိုင် လူသတ်မှုတွင်လည်း ထိပ်တန်းစစ်အရာရှိတဦး၏ သားတဦး ပါဝင်ပတ်သက်နေ၍ မည်သည့်အခါမှ သတင်းထုတ်ပြန်မည်မဟုတ်ကြောင်း စစ်အစိုးရ ထိပ်ပိုင်းအာဏာပိုင်များနှင့် နီးစပ်သူ စစ်အရာရှိကြီးတဦးက ပြောကြားခဲ့သော်လည်း ထိပ်တန်းခေါင်းဆောင် မည်သူ၏ သားဖြစ်သည်ဆိုသည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ပေ။

စစ်သားများကို ပြည်သုံးလုံး အစီအစဉ်ဖြင့် ပြောင်းရွှေ့မည်

မဇ္ဈိမသတင်းဌာန အင်္ဂါနေ့၊ ဧပြီလ 28 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်ဗိုလ် များပြား လွန်းနေ သည့် မြန်မာ့ တပ်မတော် အတွင်း နေရာအပြောင်း အရွှေ့ ချောမွေ့ စေရန် ပြည် ၃ လုံး အစီအစဉ် တခုကို စစ်အစိုးရ က မကြာမီတွင် လုပ်ဆောင်လာ မည်ဟု တပ်တွင်း သတင်း ရပ်ကွက်များ အရ သိရသည်။


အသက် ၃၆ နှစ်အထိ ဗိုလ်ကြီးအဆင့်သာ ရှိသေးသော အရာရှိငယ်များကို ပြည် ၃ လုံး အစီအစဉ်အရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ ပြည်စောင့်ရဲနှင့် ပြည်ထဲရေး ဝန်ကြီးဌာနအောက်သို့ လွှဲပို့မည် ဖြစ်သည်။

စစ်တပ်မှ ကြံ့ခိုင်ရေးသို့ ပြောင်းရွှေ့လာသူများ အနေဖြင့် မြို့နယ်အဆင့် အရာရှိရမည် ဖြစ်ပြီး ပြည်စောင့်ရဲဘက်သို့ ပြောင်းရွှေ့လာသူများ ကို ပါလီမန် အဆောက်အဦများ၊ အစိုးရ ရုံးများကဲ့သို့သော လုံခြုံရေးအတွက် ရဲအရာရှိများ ဖြစ်လာမည် ဖြစ်သည်။ ပြည်ထဲရေး ဝန်ကြီး ဌာနအောက်တွင်တော့ ရဲဖွဲ့စည်းပုံအတိုင်း ကူးပြောင်းပေးမည် ဖြစ်သည်။

ရန်ကုန်မြို့တွင် လုံခြုံရေးတိုးမြှင့်ချထား

NEJ / ၂၈ ဧပြီ ၂၀၀၉

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က စုံညီ အစည်းအဝေး ကို ရွှေ္ဂဂုံတိုင်ရှိ အဖွဲ့ချုပ် ရုံးတွင် ယနေ့ စတင်ကျင်းပ သော ကြောင့် ရန်ကုန်မြို့ တွင် လုံခြုံရေး အတွက် ရဲများကို အင်အားပြ ချထားကြောင်း မြို့ခံများက ပြောသည်။

ရန်ကုန်မြို့၊ ဗဟန်းရွှေဂုံတိုင်၊ စမ်းချောင်းနှင့်တာမွေတို့တွင် ရဲတပ်ဖွဲ့ဝင်များ၊ ရဲကားများ၊ ဒိုင်းနှင့်တုတ်များ တင်ထားသောကားများ၊ ဆက်သွယ်ရေးကိရိယာများ တင်ဆောင်သည့်ကားများ စုစုပေါင်း (၁၀) စီးခန့်သည် ရွှေဂုံတိုင်၊ တော်ဝင်နှင်းဆီခြံအရှေ့ ဓမ္မာရုံဝင်းအတွင်း အရန်သင့် စောင့်ဆိုင်းလျက်ရှိကြောင်း မြို့ခံများက ပြောသည်။

မြို့တွင်းရှိ ဘုရားနှင့်လူစည်ကားရာနေရာများတွင်လည်း စစ်အစိုးရအာဏာပိုင်များက ရဲများကို အင်အားပြစေကြောင်း ရန်ကုန်မြို့လသာရဲစခန်းမှ တပ်ကြပ်တဦးက ပြောသည်။

“ပြည်သူတွေ တန်းစီဆန္ဒပြတာမျိုး၊ တကိုယ်တော်ဆန္ဒပြတာမျိုးနဲ့ တခြားဆူပူမှုတွေ မဖြစ်စေဖို့ အခုလို လုပ်ခိုင်းတာပါ” ဟု ၎င်းက ပြောသည်။

ထိုသို့ အင်အားပြမှုများကို ၂၀၀၇ ခုတွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင်တော်လှန်ရေးကာလ နောက်ပိုင်းမှစ၍ လုပ်ကြရကြောင်း၊ အထူးသဖြင့် အခမ်းအနားနေ့ရက်များနှင့် ဘာသာရေးအရ နေ့ထူးရက်မြတ်များတွင် လုံခြုံရေးများ တိုးမြှင့်စေခဲ့ကြောင်း ပုဇွန်တောင်နယ်မြေမှ ရဲသားတဦးက ပြောသည်။

အင်အားပြမှုများကို ရွှေတိဂုံစေတီတော်ကြီးတွင် ပိုမိုပြုလုပ်ကြောင်း ရွှေတိဂုံဘုရား အရှေ့မုခ် အရောင်းဆိုင် တဆိုင်၏ ပိုင်ရှင်က ပြောသည်။

၎င်းက “ဘုရားမှာရှိတဲ့ မုခ်တွေမှာ ရဲကားတွေ အင်အား တခါပြရင် (၅) စီး အနည်းဆုံး တွေ့ရတာပဲ။ ဘုရားဖူးတဲ့ သူတွေအတွက်တော့ စိတ်ထဲမှာ အနှောင့်အယှက် ဖြစ်မှာပဲလို့ တွေးမိတယ်” ဟု ပြောသည်။

ဗဟန်းမြို့နယ်မှ ရဲအရာရှိတဦးက “ဘုရားကို အကာအကွယ်ယူပြီးတော့ မသမာသူတွေက ဆူပူမှုတွေ ပြုလုပ်မှာ စိုးတဲ့အတွက် လုံခြုံရေးသဘောအနေနဲ့  ရဲကားတွေကို လှည့်ပြတာ ဖြစ်ပါတယ်” ဟု ပြောသည်။

မြန်မာ့တပ်မတော်သို့ ၀င်ရောက်သူနည်း တံဆိပ်တုံးတုဖြင့် ပညာရေးထောက်ခံချက် လုပ်ပေးနေရ

အောင်ထက် / ၂၈ ဧပြီ ၂၀၀၉

စစ်အစိုးရ တပ်မတော်တွင် အခြေခံ တပ်သားသစ် စုဆောင်း ရာ၌ အခက်အခဲ များနှင့် ရင်ဆိုင်နေ ရကြောင်း စစ်သား စုဆောင်းရေး ရုံးမှ အရာထမ်း တဦးက ပြောသည်။

စစ်သားစုဆောင်းရေး ရုံးခန်းငယ်များ မြို့တိုင်းတွင် ချထားသော်လည်း တပ်သားသစ် စုဆောင်းရရှိမှု မရှိသလောက်နည်းပြီး ခရိုင်အဆင့်၊ တိုင်းအဆင့် တပ်သားသစ်စုဆောင်းရေးရုံးများတွင်သာ တလ တဦး၊ နှစ်ဦးမျှ အ၀င်ရှိကြောင်း စစ်သားစုဆောင်းရေးရုံးတခုမှ တပ်ကြပ်ကြီးတဦးက ပြောသည်။

ထိုသို့ တဦးစ နှစ်ဦးစ စုဆောင်းရရှိခြင်းမှာလည်း တပ်သားသစ်အဖြစ် လာရောက်သွင်းပေးသူကို ငွေထုတ်ပေးသော ကြောင့်ဟု အဆိုပါ တပ်ကြပ်ကြီးက ပြောသည်။

ခမရ တခုမှ တပ်ကြပ်ကြီးတဦးကလည်း တပ်မတော်အတွင်းတွင် စစ်ဗိုလ်များပြီး တပ်သားအလွန်နည်းနေကြောင်း၊ ခြေမြန်တပ်ရင်းများ၌ ဖွဲ့စည်းပုံမပြည့်ဖြစ်နေကြောင်း ပြောသည်။

တပ်မတော် (ရေ) တွင် တပ်သားသစ် လာသွင်းသည့် ပွဲစားကို ကျပ်တသိန်းပေးရပြီး အရာရှိအချင်းချင်းထဲမှဆိုပါက ကိုတာပိုရထားသူကို တသိန်းခွဲပေးရသည်ဟု တပ်မတော် (ရေ) တပ်မှူးဟောင်းတဦးက ပြောသည်။

“ဥပမာ ကျနော့်မှာ တပ်သားသစ်မရဘူး။ ဗိုလ်ကြီးတယောက်က သူ့ကိုယ်တာအပြင် တယောက်ပိုရထားတယ်။ သူ့လူကို ယူရင် တသိန်းခွဲ သူ့ကို ပေးရတယ်” ဟု ၎င်းက ပြောသည်။

တပ်မတော် (ရေ) တွင် တပ်သားသစ်များအား ဆယ်တန်းအောင်၊ ဘွဲ့ရကို A အုပ်စု၊ ရှစ်တန်းအောင်ကို B အုပ်စု၊ မူလတန်းအောင်ကို C အုပ်စု စသဖြင့် အုပ်စု သုံးစုခွဲ လက်ခံကြောင်း သိရသည်။


C အုပ်စုဝင် တပ်သားသစ်များသည် စာဖတ်တတ်ပြီး လိုအပ်သည့်ကိုယ်ခန္ဓာရှိကာ စကားပြောပီသရန်သာ လိုအပ်ကြောင်း၊ မှတ်ပုံတင်၊ ရပ်ကွက်ထောက်ခံချက်၊ ပညာရေး စသည်တို့ မလိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

တပ်ရင်းတပ်ဖွဲ့များ၌ ပညာရေးထောက်ခံချက် တံဆိပ်တုံးအတုများ ပြုလုပ်ထားရှိကြောင်း၊ C အုပ်စုဆိုပါက ဘယ်မြို့နယ်၊ ဘယ်ကျောင်းတွင် (၇) တန်းအောင်အထိ တက်ရောက် ပညာသင်ကြားခဲ့ကြောင်းကို ကျောင်းတံဆိပ်တုံး၊ ကျောင်းအုပ်ကြီး တံဆိပ်တုံး အတုတို့အပြင် ကျောင်းအုပ်ကြီးလက်မှတ်တုတို့ဖြင့် ထုရိုက်ရေးထိုးကာ သင်တန်းသို့ ပို့လိုက်ကြောင်း အဆိုပါ တပ်မတော် (ရေ) တပ်မှူးဟောင်းက ပြောသည်။

စစ်အစိုးရက တနှစ်လျှင် ကြည်း၊ ရေ၊ လေ အရာရှိ (၃,၀၀၀) ကျော်၊ တပ်မတော်ဆေးတက္ကသိုလ်၊ အင်ဂျင်နီယာအရာရှိ (၁,၀၀၀) နီးပါး မွေးထုတ်နေသော်လည်း လက်တွေ့တွင် တပ်မတော်အတွင်း ၀င်ရောက်သူ နည်းနေပြီး မှတ်ပုံတင်၊ သန်းခေါင်စာရင်း မပါရှိသူ၊ ရာဇ၀တ်မှုကျူးလွန်သူ၊ နောက်ကြောင်း ခြေခြေမြစ်မြစ် မပြောနိုင်သူများသာ တပ်သားသစ်အဖြစ် ၀င်ရောက်သူ များနေကြောင်း စစ်သားစုဆောင်းရေးရုံးတခုမှ တပ်ကြပ်ကြီးတဦးက ပြောသည်။