Tuesday, April 13, 2010

မလေးရှား မြန်မာ့ ဘုန်းတော်ကြီးကျောင်းတွင် သင်္ကြန် အကြို အလှူပွဲကျင်းပ

ခိုင်ခိုင်စံ(နိရဉ္စရာ)

မလေးရှားနိုင်ငံ အီပိုးမြို့ မန်ကလာ ပူရပ်ကွက်ရှိ မြန်မာ့ ဘုန်းကြီးတော်ကြီး ကျောင်းတွင် မလေးရှားရောက် မြန်မာလူငယ် များက ဦးစီးပြီး ဧပြီ ၁၁ရက်နေ့တွင် သင်္ကြန်အကြို အလှူပွဲ ကျင်းပခဲ့ကြသည်။

အဆိုပါ အလှူပွဲတော်သို့ မြန်မာ လူမျိုးများနှင့် မလေးရှားလူမျိုး ဗုဒ္ဓဘာသာ ၅၀၀ ခန့် တက်ရောက်ပြီး နှစ်သစ် အခါသမ ယတွင် မေတ္တာပို့ ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြသည်။

အလှူပွဲတွင် မြန်မာတို့၏ ဗုဒ္ဓဘာသာ အစဉ်အလာအရ ရှေးဦးစွာ ဘုရားရေသပ္ပါယ်ခြင်း၊ ကျောင်း ထိုင်ဆရာ တော်ကြီးအား ဆွမ်းနှင့် အခြားလှူဖွယ်ဝထ္တုများ ကပ်လှူဒါန်း ပူဇော်ခြင်းများကို ဦးစွာ ဆောင်ရွက်ခဲ့ကြသည်။

၎င်းနောက်ပိုင်း မြန်မာယောဂီ အမျိုးကောင်းသမီး ၅၀ခန့်မှ မြန်မာ့ နှစ်သစ်ကူး အခါသမယတွင် သတ္တ၀ါ အားလုံး ချမ်းသာစေကြောင်း ရည်စူးပြီး ၀တ်ပြု ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ရောက်ရှိလာသော ဧည့်သည် တို့အား ထမင်းနှင့် ရွှေရင်အေး၊တို့ ဖြင့် တည့်ခင်းဧည့် ခံကျွေးမွေးခြင်း၊ ဦးစီးပါဝင်သော ရခိုင်လူငယ်များမှလည်း ရခိုင်မုန့်တီဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြ ကြောင်းသတင်း ရရှိသည်။

အစီအစဉ် အရ ဒုတိယအနေဖြင့် သင်္ကြန်ပွဲတော်ကို တက်ရောက် လာကြသော လူ ၅၀၀ ခန့်က ရေကစားကြခြင်း၊ စတိတ်ရှိုးများဖြင့် ဖြေဖျော်ကြခြင်း စသော ပျော်ပွဲ ရွှင်ပွဲများကို အမိမြေကို အလွမ်းပြေ အဖြစ် စည်ကား သိုက်မြိုက်စွာဖြင့် နံနက် ၈ နာရီမှ ည ၆နာရီထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြပါသည်။

No comments: