Friday, June 11, 2010

၅ သိန်းတန်လယ် တဧကို ၁၂ ကျပ်ပေးပြီး လယ်သမားများကို အတင်း လက်မှတ် ရေးထိုးခိုင်း

မင်းဆက်ခိုင်

မကွေးတိုင်း နတ်မောက်မြို့နယ်တွင် ပင်မ စစ်လက်နက် ထိန်းသိမ်းရေး တပ်မှ သိမ်းယူထားသော လယ်မြေများကို တဧက ၁၂ကျပ် နုန်းဖြင့် လျော်ကြေးပေးသည်ကို လက်ခံကြောင်း လယ်သမားများကို အတင်းအဓမ္မ လက်မှတ် ရေးထိုးခိုင်းကြောင်း သိရသည်။


အဆိုပါ စစ်တပ်မှ သိမ်းယူထားသော လယ်မြေဧကမှာ ၄၀၀၀ ကျော်ရှိပြီး တဧက ပြင်ပပေါက်ဈေးမှာ ကျပ် ၅ သိန်း ရှိကြောင်း သိရသည်။

ဒေသခံများ အပြောအရ ပင်မ စစ်လက်နက် ထိန်းသိမ်းရေးတပ်က ၂၀၀၈ ခုနှစ်ကတည်းက လယ်ဧကပေါင်း လေးထောင်ကျော် သိမ်းယူခဲ့ပြီး အဆိုပါ လယ်များကို တဧက ကျပ် သုံးသောင်းမှ သုံးသောင်းခွဲထိ သီးစားခ ယူပြီး လယ်ပိုင်ရှင်များကို စစ်တပ်မှ ဌားရမ်း လုပ်ပိုင်ခွင့် ပေးခဲ့သည်။

ယခုအခါ အဆိုပါမြေများကို တပ်မြေ အဖြစ် သတ်မှတ်လိုသဖြင့် တဧက လျော်ကြေးငွေ ၁၂ ကျပ်နုန်းပေပြီး လယ်ပိုင်ရှင်များကို အတင်း လက်မှတ်ထိုးခိုင်းခြင်း ဖြစ်ကြောင်း သိရသည်။

၎င်း လယ်မြေများတွင် ဆက်လက်ပြီး လယ်လုပ်လျှင် တပ်မြေအား ကျူးကျော် ဝင်ရောက် လုပ်ကိုင်မှုဖြင့် စစ်တပ်မှ တရားစွဲဆိုမည်ဟု ခြိမ်းခြောက် ထားကြောင်း သိရသည်။

ယခုအခါတွင် လယ်သမားတချို့မှာ တဧက ၁၂ကျပ်နှုန်းဖြင့် လျော်ကြေး ပေးသည်ကို လက်ခံကြောင်း လက်မှတ် ရေးထိုးထားသော်လည်း လယ်သမား အများအပြားမှာ အဆိုပါ လုပ်ရပ် အပေါ် မကျေနပ်သဖြင့် ကမ္ဘာ့အလုပ်သမားများအဖွဲ့ချုပ်(ILO) ကို တိုင်းကြား ထားကြောင်း သိရသည်။

No comments: