Saturday, June 5, 2010

ပတ်ဝန်းကျင် ထိန်းသိမ်းရေး အခမ်းအနား ကျင်းပ

ရိုးမ ၃။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အခမ်းအနားကို ထိုင်းနိုင်ငံ၊ မဲဆောင်မြို့ရှိ (SAW) စာသင်ကျောင်းတွင် ကျောင်း (၈) ကျောင်း ပူးပေါင်းကာ ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ကျောင်းသား (၁၀၀) ကျော်ပါဝင်၍ ပတ်ဝန်းကျင်မှ စွန့်ပစ်ပစ္စည်းများကို စနစ်တကျ အသုံးပြုနိုင်ရန်အတွက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု (SAW) စာသင်ကျောင်းမှ ကျောင်းဆရာ ကိုသီဟမောင်မောင်က ပြောသည်။

“ပထမ ရည်ရွယ်ချက်ကတော့ ကျနော်တို့ကျောင်းရဲ့ ဒီနေ့ ဆောင်ပုဒ်လေးတစ်ခုကတော့ ကျနော်တို့ လူမှုဘဝမှာ လွှင့်ပစ်စရာဆိုလို့ ကျနော်တို့က အတွေးအခေါ်ဟောင်းတွေ ဆိုးညစ်တဲ့ အတွေးအခေါ်တွေကလွဲရင် ဘာမှလွှင့်ပစ်စရာ မရှိပါဘူးလို့ ကလေးတွေကို အသိပေးလိုခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ကျောင်းသူများက မိန်းကလေးများ၏ သဘာဝအရ ကြိုက်နှစ်သက်တတ်သော ပန်းပွင့်ကလေးများ၊ ပန်းစိုက်အိုး ကလေးများနှင့် ခဲတံထည့် ပစ္စည်းများကို ဖန်တီးစေပြီး ယောက်ျားလေးများအတွက် ဆောက်လုပ်ရေးနှင့် ပတ်သက်သော အသိပညာပေးခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်သော အသိပေးခြင်းတို့ကို အဓိကထား လုပ်ဆောင်ပေးသည်ဟု ၎င်းက ဆက်ပြောသည်။

ယင်းအခမ်းအနားတွင် စွန့်ပစ်ပစ္စည်းများဖြစ်သည့် စက္ကူ၊ ပလပ်စတစ်၊ ၀ါးဟောင်း၊ သစ်ဟောင်းများနှင့် အခြားစွန့်ပစ်ပစ္စည်းများဖြင့် ပြုလုပ်ထားသည်း လူသုံးကုန်းပစ္စည်းအသစ် အမျိုးပေါင်း (၅၀) အလှဆင်ထားသည်။

သဘာဝဘေးအန္တရာယ် မဖြစ်ဖို့၊ လူ့ကျန်းမာရေး မထိခိုက်စေဖို့၊ ရာသီဥတု မဖောက်ပြန်ဖို့အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာ စွန့်ပစ်ပစ္စည်းတွေကို အလှဆင်ခြင်းဖြစ်သည်ဟုလည်း အခမ်းအနားတွင် ပါဝင်သည့် ကျောင်သူတဦးက ပြောသည်။

“အဲလိုမျိုးလုပ်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ကို တဖက်ကနေ ထိန်းသိမ်းခြင်းဖြစ်တယ်။ စွန့်ပစ်ထားတဲ့ ပစ္စည်းတွေကို ပန်းအမျိုးမျိုးလုပ်လို့ ရတယ်။ အချိုရေသောက်ပြီးတော့ စွန့်ပစ်ထားတဲ့ ပိုက်တွေကို ပန်းပုံ လုပ်လို့လည်း ရတယ်။ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာလည်း ရောက်ပါတယ်” ဟု အဆိုပါ မိန်းကလေးက ပြောသည်။

ယနေ့ပြုလုပ်သည့် အခမ်းအနားကို SEW, One Dream One World, Sun House, New Light, ဆာမူထော၊ လှည်းဘီး၊ မိုးမခ၊ BLSO စသည့်ကျောင်းများမှ ကျောင်းသားများ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်သည်။

No comments: