Thursday, June 10, 2010

နျူကလီးယား စီမံကိန်း ပေါက်ကြားပြီးနောက် လုံခြုံရေး တိုးမြှင့်

ဧရာဝတီ Thursday, June 10, 2010

စစ်အစိုးရ၏ နျူကလီးယားနှင့် ဒုံးကျည်စီမံကိန်းများ သတင်း ပေါက်ကြား ပြီးနောက် စစ်တပ်တွင်းမှ သံသယ ရှိသူများကို စောင့်ကြည့်ခြင်း၊ လုံခြုံရေး တိုးမြှင့်ခြင်းများ ပြုလုပ်လိုက်ကြောင်း စစ်တပ် အသိုင်းအဝိုင်းမှ သိရှိရသည်။

နျူကလီးယား၊ ဒုံးကျည် နှင့် ဥမင်လိုဏ်ခေါင်း စသည့် လျှို့ဝှက် စီမံကိန်း သုံးခုတွင် ပါဝင်ပတ်သက် နေသူများ၊ နျူကလီးယား စီမံကိန်းကို ထုတ်ဖော် ခဲ့သော ဗိုလ်မှူး စိုင်းသိန်းဝင်းနှင့် အဆက် အသွယ် ရှိသည်ဟု ယူဆရ သူများမှာ မေးမြန်း စစ်ဆေးခံ နေရကြောင်းလည်း ကြားသိရသည်။

ပေါက်ကြား သွားသည့် နျူကလီးယား၊ လိုဏ်ခေါင်း၊ ဒုံးကျည် စီမံကိန်းတို့နှင့် သက်ဆိုင်သည့် ဓာတ်ပုံ၊ အချက်အလက် များကို စုဆောင်းရန် နိုင်ငံခြား သံရုံးများသို့ ညွှန်ကြား ထားကြောင်း ရန်ကုန် စစ်ဖက် ရေးရာ လုံခြုံရေး (စရဖ) အသိုင်း အဝိုင်းနှင့် နီးစပ်သူ တဦးက ပြောသည်။

“စစ်တပ်ရဲ့ လျှို့ဝှက်သတင်းတွေ အံ့သြလောက်အောင် ပေါက်ကြားပြီးရင်း ပေါက်ကြားနေတဲ့ ကိစ္စမှာ နောက်ထပ် ဖော်ထုတ်နေတဲ့သူတွေများ ရှိနေဦးမလားဆိုတာကို ကျနော်တို့ စိုးရိမ်မိနေပါတယ်”ဟု နေပြည်တော်မှ စစ်တပ်အရာရှိတဦး က ဧရာဝတီသို့ ပြောသည်။

ဗိုလ်မှူး စိုင်းသိန်းဝင်းသည် စက်လက်နက် ပစ္စည်းထုတ်လုပ်ရေး လက်ထောက် အကြီးအကဲ ဗိုလ်ချုပ် သိန်းဌေး နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ရင်းနှီးမှုများရှိခဲ့ဖူးသည်ဟု စစ်တပ်အတွင်း ပြောဆိုမှုများ ရှိနေသည်။ ဗိုလ်ချုပ် သိန်းဌေးသည် စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်မှုတွင် အဓိက ကျသော ပုဂ္ဂိုလ် ဖြစ်ပြီး စစ်အစိုးရ၏ ဒုံးကျည်စီမံကိန်းကို ထောက်ခံ အားပေးသူ တဦးလည်း ဖြစ်သည်။

ဗိုလ်ချုပ် သိန်းဌေးသည် ဒုံးကျည်စီမံကိန်းအတွက် ဥမင်လိုဏ်ခေါင်းများ ဖောက်လုပ်ခြင်း၊ တိုက်လေယာဉ်များနှင့် စစ်သင်္ဘောများအတွက် အသုံးအဆောင်ပစ္စည်းများ ကိုထုတ်လုပ်ရာတွင် ပါဝင်ဖူးခြင်းရှိသဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ယုံကြည်မှုကို ရရှိထားသူဖြစ်သည် ဟု စစ်တပ်အသိုင်းအဝိုင်းက ပြောသည်။

ကာကွယ်ရေး ဝန်ကြီးဌာန (စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး) လက်အောက်တွင် အဓိက စက်ရုံ ၁၃ ခုရှိကြောင်း၊ ၎င်းတို့မှာ ခေတ်မီ လက်နက်များ၊ လက်နက်ငယ်များ၊ ကျည်ဆန်၊ ခဲယမ်း၊ မိုင်း နှင့် အပိုပစ္စည်းများထုတ်လုပ်ကြောင်း၊ ဒုံးကျည်များ၊ နျူကလီးယား လက်နက်များ ကိုထပ်မံ ပြုလုပ်သွားရန် သို့မဟုတ် ဝယ်ယူရန် ကာကွယ်ရေး ဝန်ကြီးဌာနမှ စိတ်ဝင်စားနေကြောင်း ကက-နက် အသိုင်းအဝိုင်းမှ သိရှိရသည်။

“ထိပ်ပိုင်း ခေါင်းဆောင်တွေ အဓိက ကြုံနေရတဲ့ ပြဿနာကတော့ သူတို့ရဲ့လက်အောက်ငယ်သားတွေ ပြန် မလှန် နိုင် အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ အချက်ပါပဲ၊ အခုဆိုရင် ထိပ်ပိုင်းက ခေါင်းဆောင်တွေက စစ်တပ်ထဲမှာ ဖြစ်နေတဲ့ ကိစ္စတွေကြောင့် ပိုလို့တောင် စိုးရိမ်လာကြပြီ”ဟု နေပြည်တော် စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူ တဦးကပြောသည်။

ယခုနှစ် ဇန်နဝါရီလ က ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်နှင့် တခြားသူ နှစ်ဦးတို့သည် ဗိုလ်ချုပ်ကြီး သူရရွှေမန်း ၏ မြောက်ကိုရီးယား ခရီးစဉ်၊ ဥမင်လိုဏ်ခေါင်း စီမံကိန်း စသည့် လျှို့ဝှက်ချက်များ ပေါက်ကြားမှု ဖြင့် သေဒဏ်နှင့် တသက်တကျွန်း ထောင်ဒဏ်များကို အင်းစိန်ထောင်တွင်း အထူးတရားရုံးက ချမှတ်ခဲ့သည်။

ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်သည် ယခင်က အတွင်းရေးမှူး (၂) ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦး၏ ကိုယ်ရေးအရာရှိ ဖြစ်ခဲ့ဖူးသည်။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း စစ်တပ်အရာရှိ ၂၀၀ ခန့်သည် စစ်တပ်ကို စွန့်ခွာခဲ့ကြကြောင်း၊ စွန့်ခွာရသည့် အကြောင်း အရင်းများမှာ လစာ နည်းပါးခြင်း၊ တင်းမာလွန်းသည့် ဗျူရိုကရေစီ စနစ် ဆန်လွန်းခြင်း၊ ထိပ်ပိုင်း ခေါင်းဆောင် များနှင့် နီးစပ်မှု နည်းပါးခြင်းတို့ ဖြစ်ကြသည်ဟု စစ်တပ်အသိုင်းအဝိုင်းက ပြောသည်။

နိုင်ငံတကာ မီဒီယာအသိုင်းအဝိုင်းမှ စစ်အစိုးရ၏ နျူကလီးယား၊ ဥမင်လိုဏ်ခေါင်း၊ ဒုံးကျည်စီမံကိန်းများကို အကျယ်တဝင့် ထုတ်ဖော်ပြောကြားနေချိန် စစ်အစိုးရ ချုပ်ကိုင်ထားသော ရုပ်သံလိုင်းများတွင် ယင်းကိစ္စများနှင့် ပတ်သက်သည့် မည်သည့် အကြောင်းကိုမျှ ပြောဆိုခြင်း မပြုပေ။

ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗွီဘီ) နှင့် အယ်လ်ဂျာဇီးယား သတင်းဌာနများက အသုံးပြုခဲ့သည့် ဗီဒီယို မှတ်တမ်းများ ကြောင့် ဒုံးပျံ အင်ဂျင် အထူးပြု ဘာသာရပ်နှင့် ရုရှားမှ ဘွဲ့ရခဲ့သူ ဗိုလ်မှူး စိုင်းသိန်းဝင်း၏ အမည်သည် မြန်မာ စစ်တပ် အရာရှိများအကြား ပျံ့နှံ့သွားခဲ့ကြောင်း စစ်တပ်နှင့် နီးစပ်သူများက ပြောသည်။


No comments: