Monday, June 7, 2010

ကြံ့ဖွံ့အသင်းဆိုင်းဘုတ်များ ဖြုတ်ချ

ဧရာဝတီ Monday, June 07, 2010

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (ကြံ့ဖွံ့) က ရန်ကုန်မြို့တွင်းရှိ မြို့နယ် ရုံးခွဲတချို့သည် ၎င်းတို့၏ ဆိုင်းဘုတ်များကို ယနေ့ ဖြုတ်ချ ခဲ့ကြောင်း သိရသည်။

တာမွေ၊ မင်္ဂလာတောင်ညွန့်၊ အလုံ၊ ကျောက်တံတားနှင့် ရန်ကင်းမြို့နယ်ရှိ ရုံးများတွင် တပ်ဆင်ထားသော ဆိုင်းဘုတ်များကို ဖြုတ်ချ နေခြင်း ဖြစ်ကြောင်း မျက်မြင်သက်သေများက ဆိုသည်။

ဧပြီလ ၂၉ ရက်နေ့တွင် ကြံ့ဖွံ့အသင်း ခေါင်းဆောင်များဖြစ်သော ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်၊ တခြားသော ၀န်ကြီး ၂၆ ဦးနှင့် စစ်တပ်မှ အရာရှိတို့စုစည်းကာ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ကြံ့ဖွံ့ ပါတီကို ဖွဲ့စည်းခဲ့သည်။

ယခုကဲ့သို့ ဆိုင်းဘုတ်ဖြုတ်ချခြင်းမှာ ကြံ့ဖွံ့ အသင်းကို နိုင်ငံရေး ပါတီအဖြစ်သို့ လုံးလုံးလျားလျား အသွင်ပြောင်းလဲခြင်း ဟုတ်၊ မဟုတ် ကိုမူ မသိရှိရသေးပေ။

ကြံ့ဖွံ့သည် ၁၉၉၃ ခုနှစ်တွင် လူမှုရေးအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ခဲ့ပြီး စတင် ဖွဲ့စည်းစဉ်က နိုင်ငံရေးနှင့် မပတ်သက်ဟု ဆိုခဲ့သော် လည်း နောက်ပိုင်းတွင် နအဖ၏ နိုင်ငံရေးမူဝါဒများကို အကောင် အထည် ဖော်လာခဲ့ကြောင်း တွေ့ရသည်။

No comments: