Friday, June 11, 2010

ကုလအထူးကိုယ်စားလှယ် တရုတ်အာဏာပိုင်များနှင့် တွေ့မည်

NEJ / ၁၁ ဇွန် ၂၀၁၀

မြန်မာ့အရေးဆွေးနွေးရန် အာရှနိုင်ငံများသို့ ခရီးထွက်နေသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ပေးအပ်ထားခြင်းခံရသူ မစ္စတာ ဗီဂျေး နမ်ဘီယာသည် ယနေ့ တရုတ်နိုင်ငံသို့ သွားရောက်၍ တရုတ်အာဏာပိုင်များနှင့် ဆွေးနွေးရန်ရှိသည်ဟု ကုလသမဂ္ဂက သတင်းထုတ်ပြန်သည်။

မြန်မာ့အရေးကိစ္စ အထူးတာဝန်ပေးအပ်ခြင်း ခံထားရသည့် မစ္စတာ နမ်ဘီယာသည် အာရှနိုင်ငံများသို့ ခရီးထွက်ခဲ့ရာတွင် အိန္ဒိယနိုင်ငံနှင့် စင်ကာပူနိုင်ငံသို့ သွားရောက်ခဲ့ပြီးသည့်နောက် တရုတ်နိုင်ငံသို့ ဆက်လက်သွားရောက်ခြင်းဖြစ်သည်။


ကုလသမဂ္ဂလက်ထောက် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် အိန္ဒိယနိုင်ငံဖွား ဗီဂျေး နမ်ဘီယာသည် အိန္ဒိယနိုင်ငံတွင် နိုင်ငံခြားရေးအတွင်းဝန် နေရူး ပါမာရားနှင့် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ရှစ်ဖ် ရှန်ကာမင်နွန် တို့နှင့်တွေ့ဆုံခဲ့ပြီး ဇွန် (၉) ရက်၊ စင်ကာပူနိုင်ငံသို့ ရောက်ရှိခဲ့စဉ်တွင် နိုင်ငံခြားရေးဝန်ကြီး ဂျော့ခ်ျယိုးနှင့်လည်း တွေ့ဆုံခဲ့သည်ဟု သိရသည်။

ယခုနှစ် မတ်လအတွင်း မြန်မာ့မိတ်ဆွေများ အဖွဲ့ဝင်နိုင်ငံတို့နှင့် ဆွေးနွေးခဲ့စဉ်တွင် မစ္စတာဘန်ကီမွန်းက မြန်မာနိုင်ငံတွင် တရားမျှတ လွတ်လပ်ပြီး အားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲအဖြစ် ကျင်းပပေးသင့်ကြောင်း အလေးထားတင်ပြခဲ့သည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးပြီး လွတ်လပ် တရားမျှတသည့် ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ပေးရန်အတွက်လည်း တောင်းဆိုခဲ့သည်။

စစ်အစိုးရထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲဥပဒေသစ်သည် ကုလသမဂ္ဂက မျှော်လင့်ထားသည့်အတိုင်း မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲဖြစ်မြောက်ရေး မဟုတ်သည့်အတွက် စိုးရိမ်ပူပန်မိသည်ဟုလည်း မစ္စတာဘန်ကီမွန်းက ပြောကြားခဲ့သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ်ဖြစ်ခဲ့သည့် နိုင်ဂျီးရီးယား နိုင်ငံသား မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီကို ယခုနှစ်ဆန်းပိုင်းတွင် ဆူဒန်နိုင်ငံ ဒါဖောဒေသဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ပြီးနောက်ပိုင်း အတွင်းရေးမှူးချုပ်က မစ္စတာ ဗီဂျေး နမ်ဘီယာကို မြန်မာနိုင်ငံအရေး ကြားဝင်ဆောင်ရွက်ပေးရန် အထူးတာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။


No comments: