Saturday, June 5, 2010

မယ်လဒုက္ခသည်စခန်းတွင်း ကာလဝမ်းရောဂါ ဆက်လက်ဖြစ်ပွား

ဘုန်းခိုင်။

မယ်လ ဒုက္ခသည်စခန်းတွင်း ဒုက္ခသည် (၁၁)ဦး ကာလဝမ်းရောဂါ ဖြစ်ပွားခဲ့ပြီး ယခုအချိန်ထိ ၀မ်းရောဂါဖြစ်သည့် လူနာ (၂၀)ဦး စခန်းတွင်းရှိ အေအမ်အိုင်ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေရသည်။

မယ်လဒုက္ခသည်စခန်းတွင်း ၀မ်းရောဂါဖြင့် တက်ရောက်ခဲ့သည်လူနာ (၅၀)ဦးတွင် ကာလ၀မ်းရောဂါပိုးတွေ့ရှိသည့် လူနာ (၁၁) ဦးရှိခဲ့ပြီး အခုလက်ရှိ ကာလ၀မ်းရောဂါသည်တွေနှင့် ဝမ်းရောဂါသည်တွေ တက်ရောက်ကုသနေမှု အခြေအနေကို မယ်လဒုက္ခသည်စခန်း ဆေးရုံတာဝန်ခံ ဆရာ စောနေဆဲလ်က “မယ်လဒုက္ခသည်စခန်းမှာ ကာလဝမ်းရောဂါ ဖြစ်တဲ့လူနာ (၁၁) ယောက်ရှိပြီ။ ဒါက စဖြစ်တဲ့ ပြီးခဲ့တဲ့လ (၂၇) ရက်နေ့ကနေ ဒီနေ့ထိပေါ့လေ။ အခု လက်ရှိဆေးရုံမှာ ကာလ၀မ်းရောဂါ လူနာ (၃)ဦး ရှိတယ်။ တချို့သက်သာတဲ့သူတွေ ဆေးရုံက ပြန်ဆင်းခိုင်းလိုက်ပြီ၊ ၀မ်းရောဂါနဲ့ လူနာက မနေ့ကနဲ့ ဒီနေ့ထိ အယောက် (၂၀) ဆေးရုံမှာ ထပ်ရောက်လာတယ်။ ကျနော်တို့စခန်းထဲက ဆေးရုံမှာ ကုသရေးနဲ့ ဆေးဝါးအလုံအလောက်ရှိတယ်”ဟု ပြောသည်။


“ကာလ၀မ်းရောဂါ ဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းမှာ မသန့်ရှင်းသည့် သောက်သုံးရေနှင့် အစားအသောက်များကြောင့်” ဟု ဆရာ စောနေဆဲလ်က ပြောသည်။

“မယ်လ ဒုက္ခသည် စခန်းမှာက အစားအစာနဲ့ပါတ်သက်လို့ လတ်လတ်ဆက်ဆက် မစားနိုင်ကြဘူး၊ ပြီးတော့ ကောင်းကောင်းမွန်မွန် မချက်ဘူး၊ တကိုယ်ရေ သန့်ရှင်းရေးကိစ္စတွေ မရှိတဲ့အတွက်ကြောင့် ဖြစ်တယ်၊ ရေမလုံလောက်တာ ပြဿနာတခု၊ သောက်ရေရှားပါးတော့ သူတို့ဟာသူတို့ တူးပြီးသောက်တဲ့ရေကို သန့်ရှင်းအောင်မလုပ်တာတွေလည်း ပါတယ်” ဟု ဆရာ စောနေဆလ်က ဆက်ပြောသည်။

ယင်းကဲ့သို့ အခြေအနေများကြောင့် ကာလဝမ်းရောဂါ စတင်ဖြစ်ပွားခဲ့သည့် ဇုန်စီရှိ၊ စီဝမ်းအေနှင့် စီဝမ်းဘီရပ်ကွက်တွင်းတွင် လူနေထူထပ်သည့်အတွက် ကာလ၀မ်းရောဂါ ကူးစက်မှုများ ဖြစ်ပွားနေကြောင်း ၎င်းကဆက်ပြောသည်။

“ပထဦးဆုံး ကာလဝမ်းရောဂါဖြစ်တဲ့သူရဲ့ အိမ်ဘေးမှာ နှစ်အိမ်သုံးအိမ်က အဲလိုရောဂါတွေ ဖြစ်နေတာ။ ပြီးတော့ ဆေးရုံထဲမှာ လာပြတဲ့အထဲက အဲဒီလူအိမ်ဘေးနားက လူတွေပဲ များတယ်၊ စခန်းတွင်းမှာ solidarity အဖွဲ့က ရေကိုသန့် စင်အောင်လုပ်တာ။ ဆေးထည့်တာတို့လုပ်ထားပေးတယ်” ဟု ပြောသည်။

မယ်လဒုက္ခသည်စခန်းတွင်း ကာလဝမ်းရောဂါဖြစ်ပွားမှုကို စခန်းဆေးရုံသို့ ၀မ်းရောဂါဖြင့် တက်ရောက်ကုသမှု ခံယူနေသည့် အသက် (၃၈) နှစ်အရွယ် အမျိုးသားတဦးကို ဆေးစစ်ကြည့်ရာမှ ပြီးခဲ့သည့်လ (၂၇) ရက်နေ့တွင် ရောဂါပိုး ရှိနေကြောင်းကို သိရှိခဲ့ပြီး အဆိုပါနေ့က စခန်းဆေးရုံတွင် ကာလဝမ်းရောဂါ သံသယရှိသူ လူနာ (၇) ဦးလည်း ရှိနေသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မြောက်ဖက် (၆၅)ကီလိုမီတာအကွာတွင် ရှိသည့် မယ်လဒုက္ခသည်စခန်းသည် မြန်မာပြည်သား ဒုက္ခသည် (၅၀၀၀၀) ငါးသောင်းနေထိုင်လျက်ရှိပြီး ၂၀၀၇ ခုနှစ်၊ သြဂုတ်လအတွင်းကလည်း ကာလ၀မ်းရောဂါပိုးတွေ့သည့် လူနာ (၁၀) ဦး ရှိခဲ့သည်။

No comments: