Friday, June 4, 2010

ကွမ်းခြံကုန်းဓားပြမှု ကေအန်ယူ တပ်ဖွဲ့ဟောင်းများ ပါဝင်ဟု ရဲမှူးချုပ်ခင်ရီ စွပ်စွဲ

တက်လူ / ၀၄ ဇွန် ၂၀၁၀

ကွမ်းခြံကုန်းမြို့နယ်အတွင်း ဒရယ်လူးကျေးရွာတွင် လူသတ် ဓားပြတိုက်ခဲ့သော တရားခံများအနက် (၂) ယောက်မှာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ (၁) လက်အောက်မှဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲမှူးချုပ်ခင်ရီက ပြောကြားလိုက်သည်။

ရန်ကုန်မြို့ ပြည်ထဲရေး ရုံးရှိ စည်းဝေး ခန်းမတွင် ပြည်တွင်း ပြည်ပ သတင်းထောက်များ နှင့်တွေ့ဆုံကာ ယနေ့ပြု လုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ ပြောကြား လိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်လအတွင်း ဒရယ်လူးတွင် ဖြစ်ပွားခဲ့သည့် ဓားပြတိုက်မှု ဖြစ်စဉ်တွင် ဓားပြ (၅) ဦးပါဝင်ပြီး (၄) ဦး ဖမ်းဆီး ရမိထားကြောင်း၊ ဖမ်းဆီးရရှိထားသူထဲမှ ခင်မောင်ဝင်း (ခ) မောင်ဝင်းနှင့် ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည့် အေးသန်းတို့မှာ ကေအန်ယူ ထပ်မဟာ (၁) လက်အောက်ခံ ဗိုလ်မောင်နီ၏တပ်ခွဲမှ တပ်ဖွဲ့ဝင်ဟောင်းများဖြစ်ကြောင်း ရဲမှူးချုပ် ခင်ရီက ပြောသည်။


၎င်းတို့ (၂) ဦးမှာ ၁၉၉၀ ပြည့်နှစ်က သထုံမြို့ ရှေ့တန်း အမှတ် (၆၆) ခြေမြန်တပ်မဌာနချုပ်တွင် အလင်းဝင်ခဲ့ကြသော ကေအန်ယူတပ်ဖွဲ့ဝင်ဟောင်းများဖြစ်ပြီး ဓားပြများ ပစ်ခတ်ခဲ့သော သေနတ်များမှ AK-47 ဖြစ်ပြီး M-67 လက်ပစ်ဗုံးကိုလည်း အသုံးပြုသွားခဲ့ခြင်းဖြစ်ကြောင်း ရဲမှူးချုပ်က ပြောကြားသွားသည်။

ပြီးခဲ့သည့် မေ (၁၆) ရက်တွင် ကွမ်းခြံကုန်းမြို့နယ် ဒရယ်လူးကျေးရွာ၌ အိမ်ရှင် ဒေါ်သိန်းမြင့်နေအိမ်ကို ဓားပြတိုက်မှုဖြစ်ပွားခဲ့ရာ ပွဲချင်းပြီး လူ (၂) ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ (၁၂) ဦးထဲမှ နောက်ထပ် (၁) ဦး သေဆုံး ခဲ့ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ဓားပြတိုက်သူများက စစ်အ၀တ်အစားများ ၀တ်ဆင်ထားသည့်အတွက် ရန်ကုန်တွင် စစ်သားများ ဓားပြတိုက်သည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သေးသည်။

ထိုသတင်းထွက်ပေါ်မှုနှင့်ပတ်သက်၍ ရဲမှူးချုပ်က “ပြည်ပအသံလွှင့်ဌာတွေက ထင်ယောင်ထင်မှားဖြစ်အောင် အသံလွှင့်တာတွေ ရှိပါတယ်။ စစ်သားယောင်ဆောင်ပြီးတော့ ဓားပြတိုက်တာသာ ဖြစ်ပါတယ်” ဟု ရှင်းလင်းပြောဆိုသည်။

ယခုအခါ ဓားပြ တရားခံများအနက်မှ (၄) ဦး ဖမ်းမိကာ (၁) ဦးမှာ ထွက်ပြေးနေဆဲဖြစ်ကြောင်း သိရသည်။

ကွမ်းခြံကုန်းဓားပြတိုက်မှုနှင့် ပတ်သက်၍ ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ရဲမှူးချုပ်ခင်ရီ၏ ပြောကြားချက်များကို ကေအန်ယူတပ်မဟာ (၁) မှ ဗဟိုအဆင့်ခေါင်းဆောင်တဦးဖြစ်သူ ပဒိုသောသီဘွဲက ငြင်းဆန်လိုက်သည်။

၎င်းက “ကျနော်တို့တပ်မဟာ (၁) မှာ ဗိုလ်မောင်နီဆိုတာ ဘယ်တပ်ရင်း တပ်ဖွဲ့မှာမှ မရှိခဲ့ဘူး။ ရန်ကုန်တိုင်းထဲအထိ သေနတ်တွေ လက်ပစ်ဗုံးတွေ ယူပြီး ဓားပြသွားတိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သတင်းစာရှင်းလင်းပွဲလုပ်တဲ့ ရဲချုပ်ခင်ရီအနေနဲ့ စဉ်းစားတွေးခေါ်ဖို့ လိုတယ်။ ဒီကိစ္စက ကေအန်ယူရဲ့ဂုဏ်သိက္ခာကို ဖျက်လိုဖျက်ဆီးလုပ်တာ ဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

လွန်ခဲ့သည့် (၁၅) နှစ်ခန့်က ကေအန်ယူတပ်မဟာ (၁) တွင် မောင်နီတဦးရှိခဲ့ပြီး လက်ရှိ ဒီကေဘီအေအဖွဲ့ဝင်ဖြစ်ကာ ဘီးလင်းမြို့နယ် ကော်ဟဲကွင်တွင် တာဝန်ထမ်းဆောင်နေသည်ဟု ဒီကေဘီအေတပ်မှူးတဦးက ပြောသည်။

No comments: