Wednesday, September 8, 2010

တောင်ပိုင်း ၀ နယ်မြေရှိ နအဖ ၀န်ထမ်းများ ၂၄ နာရီ သတိထားကြရန် တြိဂံစစ်တိုင်း လျှို့ဝှက်စာပို့

သျှမ်းသံတော်ဆင့်

တောင်ပိုင်း ၀ တပ်ဖွဲ့နှင့် စစ်ဖြစ်လျှင် စစ်ဘေးစစ်ဒဏ်မှရှောင်တိမ်းနိုင်ရန် မိုင်းတုံ၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ ၀န်ထမ်းများ ၂၄ နာရီ သတိထားကြရန် တြိဂံစစ်တိုင်းရုံးမှ လျှို့ဝှက်စာပေးပို့ ထားကြောင်းအမည်မဖေါ် လိုသည့်ပညာရေးဌာနအသိုင်း အ၀ိုင်း ကဆိုသည်။

“မိုင်းဆတ် စကခ ကနေတဆင့်လာတာ၊ ပြည်သူတွေကို တရားဝင်အသိပေးတာတော့မရှိဘူး။ အစိုးရ၀န်ထမ်း အားလုံးကို လျှို့ဝှက်သတိပေးတဲ့သဘော။ အထုပ်အပိုးတွေ အသင့်ပြင်ထားခိုင်းတယ်တဲ့၊ စာက ၅ ရက်နေ့ ထွက်တယ်၊ ကျမတို့က ၆ ရက်နေ့မှတွေ့ရတယ်” - ဟု အသက် ၄၀ ကျော် ပညာရေးဝန်ထမ်းတဦးကပြော၏။

စက်တင်္ဘာ ၁ ရက်နေ့ နောက်ဆုံးထား၍ တောင်ပိုင်း ၀ တပ်ဖွဲ့ မြောက်ပိုင်းသို့ တပ်ရုပ်ပြန်ရန် စကခ ၁၄ ၏ ရာဇဒဏ်ကို ၀တပ်ဖွဲ့က ထပ်မံဖီဆန်ထားသောကြောင့် တင်းမာနေသည့်အခြေအနေကြားမှ ၀န်ထမ်းများအား လျှို့ဝှက်သတိပေးခြင်း ဖြစ်သည်ဟုဆို၏။

မိုင်းတုံအနောက်တောင်ဘက် ၀ တပ်ဖွဲ့ဌာနချုပ် မိုင်းကျွက် နှင့် ဟွေ့အော့တွင်မူ ဒေသခံလူထုအား စစ်ပြေးဒုက္ခ သည်ဆိုင်ရာ အစမ်းလေ့ကျင့်မှုကို ယနေ့မနက်ပိုင်းမှစ၍ ဆင့်ခေါ်လေ့ကျင့်ပေးနေကြောင်း အမည်မဖေါ်လိုသည့် တောင်ပိုင်း ၀ တပ်မှူး တဦးက ဤကဲ့သို့ပြော၏။

“ကျနော်ထင်တာကတော့ ခြိမ်းခြောက်မှုတခုဘဲ၊ ဘာဘဲဖြစ်ဖြစ် သတိဝိရိယအမြဲရှိဖို့တော့လိုတယ်၊ သူတို့ဘက် စစ်ရေး ပြင်ဆင်မှုလှုပ်လှုပ်ရှားရှားမတွေ့ရပေမယ့် ရာနှုန်းပြည့်စိတ်မချရလို့ စစ်ဘေးစစ်ဒဏ်ကနေစနစ်တကျရှောင် တိမ်းတဲ့ လက်တွေ့အစမ်းလေ့ကျင့်မှုတွေ ပြုလုပ်ပေးရတာဖြစ်တယ်”

နယ်စပ်ဒေသစစ်ရေးအခြေအနေ မျက်ခြေမပြတ်စောင့်လေ့လာသည့် အိမ်နီးချင်းထိုင်းနိုင်ငံကလည်း စက်တင်္ဘာ ၆ ရက်နေ့မှစ၍ သျှမ်းပြည်နှင့်ကပ်လျက်ရှိသည့် ချင်းမိုင်ခရိုင် ၀ိန်းဟဲင်မြို့နယ် ပိန်းလုံအုပ်စု၊ ချင်းဒေါင်းမြို့နယ်မိန့်နာ့အုပ်စုတို့ ၌လည်း ကျေးလက်ရွာသားများဆင့်ခေါ်စုစည်းခိုင်းပြီး ထိုင်းစစ်တပ်က စစ်ဘေးစစ်ဒဏ် ရှောင်တိမ်းသည့်လက်တွေ့အစမ်း လေ့ကျင့်မှု ဆက်တိုက်ြုပလုပ်ပေးနေကြောင်း အဆိုပါရွာ ဒေသခံများက ပြောပြပါသည်။

ရွေးကောက်ပွဲ မတိုင်မီအထိ တရုတ်နယ်စပ်အပစ်ရပ်များအား နအဖ ထိုးစစ်ဆင်တိုက်ခိုက်ရန်မဖြစ်နိုင်သေး ကြောင်း၊ ကိုးကန့်အခြေအနေကဲ့သို့ အခွင့်အခါကောင်းပေးခဲ့လျှင် သျှမ်းတပ် (တပ်မဟာ ၁ ) ဗိုလ်ချုပ်ပန်ဖှ တပ်ဖွဲ့ကိုမူ အင်အားသုံး ၀င်ရောက်တိုက်ခိုက်ဖွယ်ရှိကြောင်း - တရုတ်ပြည် ယူနန်နယ် မိုင်းလျဲမ်း ကောင်တီ လုံခြုံရေးတပ်ဖွဲ့မှူးတဦး၏ သုံးသပ်ချက်ကို ကိုးကားပြီး ကုန်သည်ကြီးတဦးက သျှမ်းသံတော်ဆင့်သို့ ပြန်လည် ပြောပြဖူးပါသည်။

No comments: