Wednesday, September 8, 2010

နမ့်ခမ်းဒေသသို့ ရဲတပ်ဖွဲ့ဝင်များ စတင်စေလွတ်

သျှမ်းသံတော်ဆင့်

ရွေးကောက်ပွဲ လုံခြုံရေးအတွက် သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်သို့ ရဲအင်အား ၂၀၀ ခန့် စေလွတ်ရန်ရှိပြီး စက် တင် ဘာလ ၂ ရက်နေ့က အရာရှိအများစု ပါဝင်သည့် ရဲတပ်ဖွဲ့ဝင်တချို့ စတင်ရောက်ရှိလာကြောင်း စုံစမ်းသိရသည်။

နအဖပြည်ထဲရေးဝန်ကြီးဋ္ဌာနက စေလွတ်ခြင်းဖြစ်ပြီး ယခုရောက်ရှိလာသော ရဲတပ်ဖွဲ့ဝင်များကို နမ့်ခမ်းမြို့နှင့် ၂၆ မိုင်ခန့် ဝေးသည့် မုံးဝီးမြို့နယ်ခွဲနှင့် ကွန်ဟိုင်းရွာရဲစခန်းများသို့ ပို့ဆောင်နေကြောင်း အာဏာပိုင်များနှင့်နီးစပ်သူ တစ်ဦးက သျှမ်း သံတော်ဆင့်သို့ ပြောသည်။

“လောလောဆယ်တော့ အရာရှိတွေ အများစုရောက်လာပြီ မုံးဝီးကို ၁၅ ယောက်ပို့လိုက်တယ် ကွန်ဟိုင်းရွာကိုလည်း ပို့ တယ် အားလုံး ၂၀၀ လောက်ဒီကိုရောက်မယ်လို့ သိရတယ် မြို့ပေါ်ရဲစခန်းမှာလည်း တော်တော်များများရောက်နေတယ်” ဟု နီးစပ်သူက ဆိုသည်။

အဆိုပါရဲများရောက်ရှိလာပြီးနောက် ညအချိန်တွင် နမ့်ခမ်းမြို့ပေါ်၌ ရဲလှည့်ကင်းများ ပုံမှန်ပြုလုပ်နေကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုစဉ်က နမ့်ခမ်းမြို့နယ် ကြံ့ဖွံ့အတွင်းရေးမှူး စိုင်းကျော်မြင့် နှင့် ကြူကုတ် (ပန်ဆိုင်း) ကြံ့ဖွံ့ အတွင်းရေးမှူး ဦးဝင်းမြင့်တို့သည် အမည်မသိသေနတ်သမားများ၏ လုပ်ကြံခြင်း ခံခဲ့ရပြီး နမ့်ခမ်းမြို့ နယ်မဲဆန္ဒနယ် အများစုက ဖွဲ့စည်းပုံကို ကန့်ကွက်မဲပေးခဲ့ကြသည်။

ထို့အပြင် ဒေသအတွင်း ရဲနှင့် လက်နက်ကိုင် ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသောကြောင့် နအဖ အာဏာပိုင်များ ၏ လုံခြုံရေးအရ အထူးအာရုံစိုက်ခြင်းခံရသည့် ဒေသတစ်ခုဖြစ်နေသည်။

No comments: