မြင့်မောင်
နယူးဒေလီ(မဇ္ဈိမ) ။ ။ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့အနီး စစ်အစိုးရက တပ်အင်အား တိုးချဲ့လာသော်လည်း ရွေးကောက်ပွဲ မတိုင်ခင် တိုက်ပွဲမဖြစ်နိုင်ကြောင်း လေ့လာ အကဲခတ်သူများက ပြောဆိုကြသည်။
ယခုလ ၁ ရက်နေ့ နောက်ဆုံးထားကာ နယ်ခြားစောင့်တပ်ဖွဲ့ရေး အကြောင်းပြန်ရန် စစ်အစိုးရက ပြောခဲ့သော်လည်း ဆက်လက်ငြင်းဆန်ဆဲ ဗိုလ်နှုတ်ခမ်းမွှေး၏ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် DKBA ၊ ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) SSA-N ၊ ဝ‘ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ဒေသများအနီး လွန်ခဲ့သည့် ၂ ရက်ခန့်မှစ၍ နအဖ စစ်တပ်များ တိုးချဲ့ချထားလာခဲ့သည်။
“တပ်အင်အား တိုးချဲ့ချထားတယ်။ တပ်အင်အားကို အတိအကျပြောလို့ မရသေးဘူး။ ဝင်လိုက် ထွက်လိုက်ပဲ။ လောလောဆယ် တိုက်ပွဲဖြစ်ဖို့ မရှိသေးဘူး။ DKBA နှုတ်ခမ်းမွှေးအဖွဲ့နဲ့ တိုက်ပွဲဖြစ်ဖို့ အခြေအနေမရှိဘူး” ဟု KNLA တပ်မဟာ ၂ဝ၁ မှာ ဗိုလ်မှူးစောကြည်အောင်က ပြောသည်။
ကရင်ပြည်နယ် မြဝတီခရိုင် ဝေါ်လေဂွင်သည် KNU ၏ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေဖြစ်ပြီး၊ DKBA (ဗိုလ်နှုတ်ခမ်းမွှေး) တပ်ဖွဲ့လည်း တည်ရှိသည်။ ထို့ပြင် ၎င်းဂွင်အနီး မူလကတည်းက ရှိပြီးဖြစ်သည့် စစ်အစိုးရတပ် ခမရ ၄ဝ၃ ၊ ၃၅၇ နှင့် ၂၇၅ တပ်ရင်းများသို့ တပ်သားအင်အား ဖြည့်တင်းမှုများ ရှိလာသည်။ ထို့ကြောင့် စစ်တပ်ဘက်က ထိုးစစ်ဆင်လာလျှင် ခုခံနိုင်ရန် အင်အားဖြည့်သည့်အနေဖြင့် ဝေါ်လေဂွင်ရှိ ကရင့်တပ်မဟာ ၂ဝ၁ ဆီသို့ တပ်မဟာ ၁ဝ၁ တပ်ဖွဲ့ဝင်များလည်း ရောက်ရှိနေပြီဖြစ်သည်။
''ကျနော်တို့ နယ်မြေထဲလာရင် ကျနော်တို့က ပြန်ပြီး ခုခံရမယ်။ ကျနော်တို့ဘက်က ညှိနှိုင်းပြီးသားပါ။ နှုတ်ခမ်းမွှေးအဖွဲ့ကို ရန်သူက ထိုးစစ်ဆင်လာရင် ကျနော်တို့က လက်ပိုက်ကြည့်မနေဘူး။ ဝိုင်းတိုက်မယ်၊ ဝိုင်းပြီး အကူအညီ ပေးမှာပါ” ဟု ဗိုလ်မှူး စောကြည်အောင်က ပြောသည်။
ထို့ပြင် SSA-N တပ်မဟာ ၁ နှင့် UWSA ထိန်းချုပ်ရာ နယ်မြေများအနီး စစ်အစိုးရတပ်များကို ရောက်ရှိလာသည်။
SSA-N တပ်မဟာ ၁ လှုပ်ရှားနေသည့် ဒေသအနီးရှိ မုန်းယိုင်နှင့် မုန်းချို မြို့နယ်များဘက်သို့ ကျောက်မဲ၊ မေမြို့ဘက်မှ စစ်အစိုးရတပ်အချို့နှင့် မိုင်းမောဘက်မှ စခက ၁ ၊ ၂ တို့ စေလွှတ်ထားပြီး၊ တန့်ယန်း၊ မုန်းယိုင်၊ မုန်းချို၊ လွယ်လင်နှင့် မိုင်းရှုမြို့နယ်အတွင်းရှိ ကားလမ်းများနှင့် တံတားများတွင် ဒေသခံ လားဟူ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များနှင့် အရပ်သားများကို လုံခြုံရေး ချထားခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် သျှမ်းသံတော်ဆင့် သတင်းစဉ်မှ လက်ထောက်အယ်ဒီတာ ဦးစိန်ကြည် အဆိုအရ သိရသည်။
ထို့ပြင် လားရှိုးတိုင်းမှူးနှင့် တန့်ယန်း ဗျူဟာမှူးသည် ကား ၁ဝ စီးဖြင့် သံလွင်မြစ်ကူးတံတား တာ့ကောင်းအက်မှတဆင့် အရှေ့ဘက်ကမ်းရှိ ဝ’ နယ်ခြား (လွယ်ပန်ဇုံ ဝ’တပ်စခန်းနှင့် မျက်နှာချင်းဆိုင်) ရှိ နအဖ စစ်တပ်၏ အကြီးဆုံးခံတပ် လွယ်ပန်လုံ တပ်စခန်းကို ယနေ့နံနက်ပိုင်းက သွားရောက် စစ်ဆေးခဲ့ကြောင်း သျှမ်းသံတော်ဆင့် ဝဘ်ဆိုဒ်တွင် ယနေ့ ဖော်ပြထားသည်။
သံလွင်မြစ်အရှေ့ဘက်ကမ်းရှိ ဝ’ နယ်မြေနှင့် မုန်းလား နယ်မြေတို့တွင် စစ်အစိုးရအနေဖြင့် ရွေးကောက်ပွဲ ကာလအတွင်း ထိုးစစ်ဆင်မှု အလားအလာ မရှိသေးကြောင်းနှင့် ရွေးကောက်ပွဲနောက်ပိုင်းတွင် ထိုးစစ်ဆင်မှု ဖြစ်ပေါ်နိုင်ကြောင်း ဦးစိန်ကြည်က သုံးသပ်သည်။
သို့သော် သံလွင်မြစ် အနောက်ဘက်ခြမ်း ဒေသတွင် ထိန်းချုပ်ထားသည့် SSA-N တပ်မဟာ ၁ ကို ထိုးစစ်ဆင်လာနိုင်မည့် အခြေအနေ ပိုများကြောင်း သူက ပြောဆိုသည်။
နယ်ခြားစောင့်တပ်အရေး ဆက်လက်ငြင်းဆန်ဆဲ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုကော်မတီဝင်များ၊ ဝန်ထမ်းများ၊ တိုက်နယ်မှူးအထက် အရာရှိများ ခရီးသွားလျှင် လက်နက်ကိုင်ဆောင်ခွင့်နှင့် စစ်ယူနီဖောင်း ဝတ်ခွင့်ပါ ခွင့်မပြုတော့သလို၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ခွင့်ပြုမိန့် ရရှိမှသာ သွားလာရမည်ဟု ယခုလ ၅ ရက်နေ့တွင် ညွှန်ကြားခဲ့ပြီးဖြစ်သည်။
No comments:
Post a Comment