Monday, September 6, 2010

ကားရာဖြတ်ကိစ္စ နေပြည်တော်က စိစစ်မည်

လင်းနိုင်ဦး / ၀၆ စက်တင်ဘာ ၂၀၁၀

ခိုးသွင်းကားများကို လိုင်စင်လုပ်ပေးရာတွင် တနေရာနှင့် တနေရာ အခွန် ရာဖြတ်ဈေးနှုန်း မတူညီခြင်း၊ လာဘ်ပေးလာဘ်ယူ များလာခြင်းတို့ကြောင့် မော်တော်ကားတန်ဖိုး ရာဖြတ်ခြင်းကိစ္စကို နေပြည်တော်ရုံးကသာ စိစစ် ဆုံးဖြတ်မည်ဟု သိရသည်။

မော်လမြိုင်မြို့ ပြည်တွင်းအခွန်ဦးစီးရုံးမှ အခွန်ဦးစီးမှူးတဦးက “ဒီနေ့ စက်တင်ဘာ (၆) ရက်နေ့မှာ အဲဒီအစီအစဉ်ကို စပါပြီ။ လိုင်စင်လာလုပ်တဲ့ ခိုးသွင်းကားတွေကို ကျနော်တို့ ဒီ မော်လမြိုင် အခွန်ဦးစီးဌာနကနေ ကာလတန်ဖိုးသတ်မှတ်မယ်။ အဲဒါ နေပြည်တော်ကို ဖက်စ်နဲ့ လှမ်းပို့ပေးရမယ်။ ဒီက သတ်မှတ်တဲ့ နှုန်းထားကို နေပြည်တော်က အတည်ပြုချင်လည်း ပြုမယ်၊ တန်ဖိုးကို ထပ်ပြီး တိုးမြှင့်သတ်မှတ်တာမျိုးလည်း လုပ်ချင်လုပ်မယ်။ အဲဒါ နေပြည်တော်က အကြောင်းပြန်ချက် ရောက်လာတော့မှ ကျနော်တို့က သတ်မှတ်တန်ဖိုးရဲ့ (၈၅) ရာခိုင်နှုန်းကို အခွန်ကောက်ပြီး လိုင်စင်လုပ်ပေးရမယ်” ဟု ရှင်းပြသည်။

ခိုးသွင်းကားများကို လိုင်စင်လုပ်ရန် ကာလတန်ဖိုး သတ်မှတ်ရာတွင် အကြမ်းဖျင်း တန်ဖိုးသတ်မှတ်ချက်သာ ရှိပြီး လက်တွေ့တွင် လိုင်စင်ဝင်သည့် လူအနေအထားပေါ် မူတည် လုပ်ကိုင်ဆောင်ရွက်ပေးရသည်ဟု သိရသည်။

လိုင်စင်လုပ်ဆောင်ရာတွင် အရာရှိကြီးများက အရာရှိငယ်လေးများကို စေလွှတ်ကာ ကားလိုင်စင်ဝင်ခိုင်းခြင်းမျိုးရှိပြီး ထိုကားများအတွက် တန်ဖိုးလျှော့သတ်မှတ်ပေးရသည်ဟု ယင်းအခွန်ဦးစီးမှူးက ပြောသည်။

၎င်းက “အရှေ့တောင်တိုင်း စစ်ဌာနချုပ်က အရာရှိကြီးတွေက စစ်ဗိုလ်ငယ်လေးတွေကို လွှတ်ပြီး ကားလိုင်စင် လာဝင်တာတွေ ရှိတယ်။ အဲဒီကားမျိုးဆိုရင် လက်ရှိတန်ဖိုး သတ်မှတ်ချက်ရဲ့ (၂ဝ) ရာခိုင်နှုန်းအောက် တန်ဖိုးသတ်မှတ်ပေးရပြီး အဲဒီတန်ဖိုးရဲ့ (၈၅) ရာခိုင်နှုန်းကိုသာ အခွန်ကောက်ရတော့ တန်ဖိုးအရမ်းနည်းတယ်” ဟု ပြောသည်။

ထို့ကြောင့် လိုင်စင်လာလုပ်သည့် ကားပိုင်ရှင် ဗိုလ်မှူး ဗိုလ်ချုပ်များအနေဖြင့် ကားတစီးကို ကျပ်ငွေ သိန်း (၅ဝဝ) မှ (၁,ဝဝဝ) ကျော် အလွယ်တကူ အမြတ်ရရှိကြကြောင်း၊ ယခုကဲ့သို့ စစ်အရာရှိများကို ကာလတန်ဖိုး လျှော့ချ သတ်မှတ်ပေးရခြင်းကို အခွင့်ကောင်းယူပြီး ကြံ့ဖွံ့ခေါင်းဆောင်များ၊ ဒီကေဘီအေ ခေါင်းဆောင်များလည်း လိုင်စင်လာဝင်ကြကြောင်း၊ ၎င်းတို့ကိုလည်း လျှော့ပေးရကြောင်း အဆိုပါ အခွန်ဦးစီးမှူးက ရှင်းပြသည်။

No comments: