သျှမ်းသံတော်ဆင့်
လာမည့် ရွေး ကောက်ပွဲ၌ ကြံ့ဖွတ် ပါတီ အနိုင်ရရေးအတွက် လားရှိုးကြီး ‘ယူလီခ’ ဆေးခန်း ပိုင်ရှင် သျှမ်း ဆရာဝန်ဒေါက်တာ စိုင်းမောက်ခမ်းက အခမဲ့ ဆေးကုပေးမည်ဟု လူထုကျန်းမာရေး အကြောင်းပြု မက်လုံး ပေးပြီး စည်းရုံးရေး ဆင်းနေကြောင်း သျှမ်းပြည် မြောက်ပိုင်း သတင်း ရပ်ကွက်က ဆိုပါသည်။
“ဟုတ်တယ်၊ လာမယ့် စက်တင်ဘာ ၃ ရက်နေ့ လားရှိုးမြို့ အရှေ့မြောက်ဘက် ၇ မိုင်လောက်ဝေးတဲ့ မတ်ချီ့နူ ကျေးရွာအုပ်စုဘက် စည်းရုံးရေးဆင်းမယ်၊ ကျန်းမာရေးအဖွဲ့နဲ့လာမယ်၊ ဆိုင်ရာရပ်ရွာအကြီးအကဲတွေကနေ လူစု ခိုင်းထားတယ်။ မတ်ချီ့နူဘက်ပြီးရင် နမ့်ပေါ့င်ကျေးရွာအုပ်စုဘက်သွားပြီး အခမဲ့ ဆေးစစ်ဆေးပေးဦးမယ်တဲ့။ ရွေးကောက်ပွဲအတွက် ကြံ့ဖွတ်ကိုပဲ မဲပေးဖို့ ဟောပြောမယ် ဆိုဘဲ” - ဟု လားရှိုးရောက် မတ်ချီ့နူရွာသားတဦးက ပြောပါသည်။
ကြံ့ဖွတ်အသင်း နိုင်ငံရေးပါတီ အဖြစ်ပြောင်းလဲ ခဲ့စဉ်မှစ၍ လားရှိုးကြီး ‘ဟုံးယာယူလီခ’ အထူးကုဆေးခန်းပိုင်ရှင် သျှမ်းဆရာဝန် ဒေါက်တာစိုင်းမောက်ခမ်း သျှမ်း ပြည် မြောက်ပိုင်းတလွှား ဆက်တိုက် စည်းရုံးရေးဆင်းခဲ့၏။ အထူး သဖြင့် လားရှိုးမြို့နယ်အတွင်း စည်းရုံးရေး ဆင်းရာ မှာ ‘ကြံ့ဖွတ်ပါတီကို ထောက်ခံမှု မပေးပါက ထ နှစ်လုံးဘ၀ ရောက်သွား နိုင်ကြောင်း’- ပြောဆို ခြိမ်းခြောက် ခဲ့သေးသည်ဟု ဆိုသည်။
“မထင်မှတ်ဘဲ ဆရာက ကြံ့ဖွတ်ယူနီဖေါင်းကြီးနဲ့ ဆိုတော့ အသိတချို့က ဒီလူဘယ်တုန်းက ထဘီစိမ်းပြောင်းဝတ် လိုက်တာလဲ မေးဖူးတယ်။ သူကိုယ်တိုင်ကတော့ ဒီ(၈) လပိုင်းထဲမှာပြောတဲ့စကားက ကိုယ့်အမျိုးသားရေးအတွက် ကောင်း ကျိုးလုပ်ပေးချင်ရင်နှလုံးသားထက် ဦးနှောက်ကိုသုံးရမယ်။ ဦးနှောက်မသုံးဘဲ နှလုံးသားဆန္ဒတခုဘဲကြည့်ရင် ထ နှစ်လုံး နဲ့ကြံရမယ်။ ‘ထ’ တလုံးက ထောင်၊ နောက် ‘ထ’ တလုံးက (သျှမ်းဘာသာ ထိန်င်- အဓိပ္ပါယ်က ‘တော’) တောထဲ ရောက်သွားမယ် ဆိုတဲ့သဘော၊ ကြံ့ဖွတ်ကို မထောက်ခံရင် အဲဒီလမ်း ၂ ခု ဘဲ ခင်ဗျားတို့ ရွေးဖို့ရှိတယ် လို့ပြောတယ်” - ဟု လားရှိုးသားလူငယ်တဦးက ပြောသည်။
ဒေါက်တာစိုင်းမောက်ခမ်း ကြံ့ဖွတ်ဝင်ရခြင်းနှင့် ပတ်သက်၍ အဆိုပါပုဂ္ဂိုလ်က - ကြံ့ဖွတ်ပါတီဝင်ရန် ယခင်တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်ကိုယ်တိုင်နှစ်ဆန်းပိုင်းကတည်းက ဖြောင်းဖြဖိအားပေးခဲ့ကြောင်း၊ စက်မှု(၁) ၀န်ကြီးဦးအောင် သောင်းကိုယ်တိုင်လားရှိုးတိုင်းမှူးကဲ့သို့ တိုက်တွန်းခဲ့သော်လည်း နိုင်ငံကျော်တေးရေးဆရာ ဒေါက်တာစိုင်းခမ်းလိတ် က ပါးနပ်စွာငြင်းဆိုခဲ့ကြောင်း၊ ဆေးခန်းကြီး ဖွင့်ထားသည့် ဒေါက်တာစိုင်းမောက်ခမ်းမှာမူ လက်မခံလျှင် စစ်အာဏာ ပိုင်များ အနှောင့်အယှက်ပေးလာမည်ကို စိုးရိမ်သောကြောင့် မလွဲသာ ၀င်လိုက်ရကြောင်း၊သို့သော်လည်း ၎င်း၏ပြောစကားများ အပေါ် အံ့သြမိကြောင်း ထိုလူငယ်ကကောက်ချက်ချသည်။
တပြည်လုံး၏ သျှမ်းစာပေယဉ်ကျေးမှုဗဟိုကော်မတီ ဥက္ကဌတာဝန်ယူနေသေးသူ အသက် ၆၀ ကျော် သျှမ်းဆရာဝန် ဒေါက်တာ စိုင်းမောက်ခမ်း ကြံ့ဖွတ်ပါတီအတွက် လားရှိုးမြို့နယ် ပြည်နယ်လွှတ်တော် အမတ်လောင်းအဖြစ် နာမည် မတင်သွင်းမီကပင် သျှမ်းစာပေယဉ်ကျေးမှုအသင်းဝင်အချို့က နိုင်ငံရေးလုပ်လျှင် မိမိကိုယ်ပိုင်အသိဖြင့် ဥက္ကဌနေရာမှ နှုတ်ထွက်သင့်သည်ဟု အတန်တန်ပြောဆိုကြဘူးသည်။
No comments:
Post a Comment