နိရဉ္စရာ
ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်းတွင် စက်တင်္ဘာလ ၄ ရက်နေ့က ပို့ချခဲ့သော မဲရုံမှူး သင်တန်းကို ၀န်ထမ်းများ အနေဖြင့် ကိုယ့်စရိတ်ဖြင့်ကိုယ် တက်ရောက် ခဲ့ကြရသည်ဟု သတင်း ရရှိသည်။
အဆိုပါ သင်တန်းတွင် သင်တန်းသူ သင်တန်းသား ၃၀၀ နီးပါး တက်ရောက်ခဲ့ပြီး သင်တန်းသား အများစုမှာ ကျောင်းဆရာ ဆရာမများ ဖြစ်ကြသည်။
သင်တန်းကို တက်ရောက်ခဲ့သူ တစ်ဦးက “ သင်တန်းကို မောင်တောမြို့နယ် တောင်ပိုင်း မဲရုံမှူးတွေ အတွက် အလယ်သံကျော်ကျေးရွာမှာ ဖွင့်လှစ် ပို့ချပေးခဲ့ပါတယ်။ အကုန်လုံး ၀န်ထမ်းတွေပါဘဲ။ အများစုကတော့ နယ်ကျေးရွာတွေမှာ တာဝန်ကျနေတဲ့ ကျောင်းဆရာ ဆရာမတွေ ဖြစ်ကြပါတယ်။ ကိုယ့်စရိတ်ကိုယ်လာပြီး တက်ရောက် သင်ကြားရတာ ဖြစ်ပါတယ်။ ခရီးစရိတ်နဲ့ စားစရိတ်လည်း မရပါဘူး” ဟု ပြောသည်။
သင်တန်းကို အဆိုပါနေ့ နံနက် ၈ နာရီတွင် ဖွင့်လှစ်ပို့ချခဲ့ပြီး နေ့လည် ၁၁ နာရီတွင် ပီးဆုံးခဲ့သည်။
“ ကျွန်တော်တို့က မောင်တောမြို့နယ် တောင်ပိုင်း သ၀င်ချောင်းကနေ လာရတာ ဖြစ်ပါတယ်။ ခရီးတစ်ခုသွားရင် ခရီးစရိတ် အပါအ၀င် စားစရိတ်တွေလည်း ကုန်ကျပါတယ်။ ဒါပေမယ့် ဒါတွေကို သက်ဆိုင်ရာက ထုတ်မပေးပါဘူး။ ထမင်းလည်း ထမင်းဆိုင်မှာ ကိုယ်ပိုက်ဆံနဲ့ကိုယ် စားခဲ့ရပါတယ်” ဟု တခြား ကျောင်းဆရာ တစ်ဦးကလည်း ပြောသည်။
ရမဒန် ဥပုတ်လ ဖြစ်သဖြင့် အလယ်သံကျော်ရှိ ကုလားထမင်းဆိုင်များလည်း မဖွင့်သဖြင့် အများစု သင်တန်းသားများမှာ ထမင်းငတ်ခဲ့ကြရသည်ဟု သိရသည်။
တခြား သင်တန်းတက်ရောက်ခဲ့သူ တစ်ဦးကလည်း “သင်တန်းမှာ မဲရုံမှူးတွေရဲ့ တာဝန် ၀တ္တရား တွေကို စာအုပ်မှာ ပါတဲ့ အတိုင်းရှင်းလင်း ပြတာ ဖြစ်ပါတယ်။ မဲရုံကို ဘယ်လို စောင့်ရမယ်။ မဲပုံးတွေကို ဘယ်လိုထားရမယ်။ မဲလာထည့်တဲ့သူတွေကို ဘယ်လို ဆက်ဆံရမယ်။ အဲဒါတွေကို ပြတာပါ။ ကြံ့ဖွတ် ပါတီ အနိုင် ရရှိရေး အတွက် မဲတွေကို ဘယ်လို လိမ်ရမယ်ဆိုတာတော့ သူတို့ ပြောတာတွေ မရှိပါဘူး။ မဲမထည့်ချင်တဲ့ သူတွေကို အတင်းမဲထည့် မခိုင်း ရဘူး ဆိုပီး တော့ သူတို့ပြောတာတွေထဲမှာ ပါဝင်ပါတယ်” ဟု ပြောသည်။
ယခုအခါ ရွေးကောက်ပွဲကော်မရှင်က ရခိုင်ပြည်နယ် အနှံ့အပြားတွင် မဲရုံမှူး သင်တန်းများကို ပို့ချနေပြီး သင်တန်းတက်ရောက်သူများအား တစုံတရာ ငွေကြေး ထောက်ပံ့ပေးမူ မရှိသဖြင့် သင်တန်းတက်ရောက်နေရသူများ အနေဖြင့် အခက်ကြုံတွေ့နေရကြောင်း ပြည်တွင်းမှ လာသော သတင်းများအရ သိရသည်။
ကျေးရွာ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်များ အနေဖြင့်လည်း လိုအပ်သော ခရီးစရိတ်နှင့် အသုံးစရိတ်များကို မရရှိသဖြင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်၏ အမိန့်ကို နာခံသော ကျေးရွာ ကော်မရှင်များ ရှိသလို အမိန့်ကို မနာခံဘဲ ကိုယ်ထင်ရာ ကိုယ်လုပ်နေသော ကျေးရွာ ကော်မရှင်များလည်း ရှိနေကြောင်း ကြားသိရသည်။
No comments:
Post a Comment