Monday, September 6, 2010

ရွေးကောက်ပွဲ အတွက် နိုင်ငံသားကဒ်များ လုပ်ပေးရာတွင် လ၀ကမှ ငွေတောင်းခံ

တာကလူး

ရခိုင်ပြည်နယ် မြို့တော် စစ်တွေရှိ ဆင်ခြေဖုန်း ရပ်ကွက်များတွင် လာမည့် ရွေးကောက်ပွဲတွင် မဲပေးနိုင်စေရန် အသက် (၁၈)နှစ် ပြည့်ပြီးသူတိုင်းအား နိုင်ငံသား စီစစ်ရေး မှတ်ပုံတင် ကဒ်များ ပြုလုပ် ပေးနေရာတွင် လ၀က ၀န်ထမ်းများမှ ကဒ်လုပ်ခ အဖြစ် ငွေ အဆမတန် တောင်းခံနေကြောင်း သတင်းရရှိသည်။

ယခုရက်ပိုင်း အတွင်း စစ်တွေ အနောက်ဘက်ရှိ မင်းဂံ အမှတ် (၂) ရပ်ကွက်တွင် လ၀ကမှ ယာယီရုံး တစ်ခု ဖွင့်လှစ်ထားပြီး ၄င်းကျေးရွာနှင့် အနီးအနား ကျေးရွာများမှ ရွာသားများအား မလုပ်မနေရ နိုင်ငံသားကဒ်များ ပြုလုပ် ပေးနေရာတွင် ထိုသို့ ငွေ အဆမတန် တောင်းခံနေခြင်း ဖြစ်သည်။

နိုင်ငံသား ကဒ်ပြား တခုအတွက် ရွာသားတစ်ဦးလျှင် ကျပ် ၃၀၀၀ မှ ကျပ် ၁၀၀၀၀ အထိ တောင်းခံနေသည်ဟု မင်းဂံရွာသား တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“နိုင်ငံတော်က ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့ အသက်ပြည့်သူတိုင်း နိုင်ငံသားကဒ် လုပ်ထားရမယ်။ ခုမလုပ်လိုက်ပဲ ရွေးကောက်ပွဲပြီးမှ လာလုပ်သူတွေကို လုံးဝ လုပ်မပေးတော့ဘူးလို့ ရယက ရုံးတွေကနေ တဆင့် ကြေညာပြီး လ၀က အရာရှိတွေက ကျွန်တော်တို့ မင်းဂံ အကွက် (၂)မှာ ဒီလဆန်း (၁)ရက်နေ့ ကနေ ယာယီရုံး တစ်ခုကို ဖွင့်ပြီးတော့ မှတ်ပုံတင်တွေ လာလုပ်ပေးနေပါတယ်။ ကဒ်ပြား တစ်ခုကို ကျပ် ၃၀၀၀ ကနေ ၁၀၀၀၀ထိ ယူပါတယ်” ဟု ပြောသည်။

မင်းဂံရပ်ကွက်တွင် နေထိုင်သူ အများစုမှာ တစ်နေ့လုပ်မှ တစ်နေ့စားရသူ ဆင်းရဲသားများ ဖြစ်ကြသဖြင့် လ၀ကမှ တောင်းသောငွေကို မပေးနိုင်ဘဲ ဖြစ်နေသည်ဟု သူက ပြောသည်။

“လ၀က ၀န်ထမ်းတွေက မှတ်ပုံတင် လုပ်ခတွေကို အဆမတန် တောင်းခံနေကြတော့ ရွာသားတွေ တော်တော် အခက် တွေ့နေကြရပါတယ်။ မြို့ပေါ်ရပ်ကွက်တွေမှာ လုပ်ပေး ခဲ့တုန်းက တစ်ယောက်ကို ကျပ် ၁၅၀၀၊ ၂၀၀၀ လောက်ပဲ ကုန်ကျ ခဲ့ကြတယ် လို့ ကြား ပါတယ်။ ခု ကျွန်တော်တို့ ရွာတွေမှာ ကျတော့ တစ်ယောက်ကို အနည်းဆုံး ကျပ် ၃၀၀၀ စီ ပေးနေကြရတယ်။ တချို့ အထောက်အထား စာရွက် စာတန်းတွေ မပြည့်စုံသူတွေကို ကျပ် ၁၀၀၀၀ ထိ တောင်းခံ နေတာတွေလည်း ရှိနေ ပါတယ်” ဟု ၄င်း ရွာသားက ပြောသည်။

မှတ်ပုံတင် ပြုလုပ်မည့် ရွာသားတစ်ဦးလျှင် ပက်စ်ပို့ ဓါတ်ပုံ (၂) ပုံ၊ ပုံစံ (၁၀)၊ အိမ်ထောင်စု ကဒ်ပြား မိတ္တူ (သို့) မိဘ မှတ်ပုံတင်များ မိတ္တူ၊ ရယက ထောက်ခံစာ နှင့် ကျောင်းသား ဖြစ်လျှင် ကျောင်းထောက်ခံစာ စသည့် အထောက်အထားများ ကို လ၀က သို့ ပေးကြရသည်။

လ၀ကမှ နိုင်ငံသား စိစစ်ရေး ကဒ်ပြားများ ထုတ်ပေးနေသော ကျေးရွာများမှာ စစ်တွေမြို့ အနောက်ဘက်တွင် တည်ရှိသော မင်းဂံရှိ ရပ်ကွက် (၅)ခု နှင့် ၎င်းရပ်ကွက် အနီးအနားရှိ ကန်တော်ကြီး၊ ကန်တော်ချေ စသည့် ဆင်ခြေဖုံး ဆင်းရဲသား ကျေးရွာများ ဖြစ်ကြသည်။

နိုင်ငံသား စိစစ်ရေးကဒ်ပြားမှာ မြန်မာနိုင်ငံ အတွင်း ခရီးသွားလာရာတွင် အလွန် အရေးကြီးသည့် အပြင်၊ ယခုအချိန်တွင် မပြုလုပ်လိုက်လျှင် နောင် လုပ်မပေးတော့ဟု လ၀က ၀န်ထမ်းများမှ အကျပ်ကိုင် ပြောဆိုနေခြင်းကြောင့် မှတ်ပုံတင် မရှိသည့် ရွာသားများမှာ မတတ်နိုင်သည့် ကြားမှ ငွေကြေး အဆမတန် ပေးကာ မှတ်ပုံတင်များ ရယူ နေကြရကြောင်းလည်း အဆိုပါ မင်းဂံ ရွာသားက ဆက်ပြောသည်။

ဒေသခံများ၏ ပြောကြားချက်အရ လာမည့် ရွေးကောက်ပွဲတွင် မဲစာရင်းများကို အသေးစိတ် ပြုစုနိုင်ရန် ယခုနှစ်ဆန်းပိုင်းမှ စ၍ လ၀ကမှ ရခိုင်ပြည်နယ်အတွင်းတွင် အိမ်ထောင်စု စာရင်းများ ကောက်ခံခြင်း၊ ကျေးရွာ အလိုက် အိမ်ခြေ လူဦးရေ ဆိုင်းဘုတ်များ ကပ်ခြင်း နှင့် နိုင်ငံသား စီစစ်ရေး ကဒ်ပြားများထုတ်ပေးခြင်း တို့ကို လုပ်ဆောင်နေကြောင်း သိရသည်။

ယခင်လအတွင်း ရခိုင်ပြည်နယ် နယ်စပ်မြို့နယ်များ ဖြစ်ကြသည့် ဘူးသီးတောင် နှင့် မောင်တောမြို့နယ်များရှိ ကျေးရွာများတွင် လ၀က မှ မူဆလင်မဟုတ်သည့် တိုင်းရင်း သားများအား နိုင်ငံသား စီစစ်ရေးကဒ်ပြားများ ပြုလုပ်ပေးခဲ့ရာတွင် အသက် ၁၀ နှစ်နှင့် ၁၀ နှစ် အထက် ကလေးငယ်များကိုလည်း အခကြေးငွေ အဆမတန် ယူကာ မလုပ် မနေရ နိုင်ငံသား ကဒ်များ ပြုလုပ်ပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

No comments: