လက်နက်ချရန် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ငြင်းဆန်လိုက်ပြီးနောက် မြန်မာပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်မြို့တော်မြစ်ကြီးနား၏ မြို့တွင်း၊ မြို့ပြင်ဂိတ်များတွင် မြန်မာစစ်အစိုးရမှ အစစ်အဆေး တိုးလုပ်လာသည်။အထူးသဖြင့် KIO လက်အောက် ”Education and Economic Development for Youth (EEDY)” ခေါ် KIO လူငယ်အင်အားစုများကို ပစ်မှတ်ထား တဖန်ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်သည်။
ယင်းအခြေအနေကို မြို့ခံတစ်ဦးက “ည ဆိုရင် ရဲတွေကားနဲ့အပုံလိုက်ပဲ၊ လမ်းဆုံတွေမှာ ဖြတ်လာတဲ့ဆိုင်ကယ်တွေကို ရပ်ခိုင်းပြီး စစ်နေတယ်။ ညဈေးတန်းမှာ လမ်းဆုံလမ်းခွတွေမှာ စစ်နေတာ။ စစ်သားတွေချီးပဲ။ EEDY သင်တန်းဆင်းတွေကို ရှာနေတာ” ဟု ပြောသည်။
EEDY လူငယ်များအပြင် တခြား KIO နှင့်ပတ်သက်ဆက်နွယ်နေသည်ဟု ယူဆထားသူများကိုလည်း စစ်သားနှင့်ရဲများက လိုက်လံစစ်ဆေးနေသည်ဟု သိရသည်။
စစ်အစိုးရမှ KIO အား စက်တင်ဘာလ ၁ နေ့မှစတင်ကာ လက်နက်ချရန် ရာဇသံ ပေးထားသော်လည်း KIO မှ လက်နက်မစွန့်နိုင်ကြောင်းကို သြဂုတ် ၃၀ ရက်နေ့က ကြေငြာချက် ထုတ်ပြန်ခဲ့သည်။
ယခင် ဧပြီ ၁၇ ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအတွင်း ဗုံးဆက်တိုက်ပေါက်ကွဲပြီးနောက် စစ်အစိုးရလုံခြုံတပ်ဖွဲ့များက မသင်္ကာမှုဖြင့် EEDY လူငယ် ၁၀၀ ကျော်ကို ဖမ်းဆီးထားရာ ယခုချိန်ထိ ထက်ဝက်ကျော်သာ လွတ်ပေးကြောင်း သိရသည်။
လူငယ်များအား အမှတ် (၁) ရဲစခန်းတွင် မချုပ်နှောင်မီ မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တွင် စစ်ထောက်လှမ်းရေးများ နည်းမျိုးစုံဖြင့် မေးမြန်းစစ်ဆေးကြောင်း အဖမ်းခံခဲ့ရသူများပြောသည်။
“နမ္မတီး-မြစ်ကြီးနား လမ်းမ တစ်လျှောက်မှာလည်း စစ်တပ်ကား၊ စစ်သားတွေ၊ လမ်းပေါ်မှာ ဒီတိုင်း လျှောက်သွားနေကြတာ စစ်ဝတ်စုံအပြည့်ပဲ၊ လမ်းဘေးမှာ အလံအနီတွေ ပြန်တပ်ထားတယ်၊ KIO ကိုခြောက်နေတာနေမှာ” ဟု မျက်မြင်တစ်ဦးကလည်း ပြောသည်။
မြစ်ကြီးနားမြို့ အရှေ့ဘက် KIO ဌာနချုပ် လိုင်ဇာမြို့သို့သွားရာ မြစ်ကြီးနား-ဗန်းမော် လမ်းမ တစ်လျှောက်တွင်လည်း ယခင်ထက် လုံခြုံရေးတပ်ဖွဲ့များ တိုး၍ချထားကာ ဖြတ်သန်းသွားလာသူတိုင်းကို ရပ်တန့် စစ်ဆေးနေကြောင်း သိရသည်။
No comments:
Post a Comment