
လျှပ်စစ်ဓါတ်အား ၈ မဂ္ဂါဝပ် ထုတ်လွှတ်မည့် ကော့သောင်းမြို့ရှိ ကျောက်မီးသွေး လောင်စာသုံး ဓါတ်အားပေး စက်ရုံကြောင့် စက်ရုံ ဝန်း ကျင် နေထိုင်သူများ ကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်နေကြပြီး၊ ရပ်တန့်သွားသည်ထိ ကန့်ကွက်သွားမည် ဖြစ်ကြောင်း မြို့ခံများက ပြောသည်။
‘သန်းဖြိုးသူ’ သတ္တုတူးဖေါ်ရေး လုပ်ငန်း ကုမ္ပဏီ လိမိတက် ပိုင်သည့် ထိုစက်ရုံသည် မီးခိုးခေါင်းတိုင် ပေ ၄၀ ခန့်သာ မြင့်ပြီး၊ လူနေ အိမ် နှင့် ပေ ၄၀ ကျော်သာ ကွာဝေးကာ မိုင်ဝက်ခန့်တွင် မြို့သုံး သောက်ရေကန် ရှိခြင်းကြောင့် မြို့ခံများက စိုးရိမ်ခြင်း ဖြစ်သည်။
“ကျနော်တို့ နေတဲ့ ရပ်ကွက်က စက်ရုံနဲ့ သိပ်နီးတယ် ဆိုတော့ လူတိုင်းလိုလို ရောဂါ ဖြစ်မှာ အရမ်းကြောက်တာပေါ့နော်” ဟု စက်ရုံနှင့် ပေ ၆၀ ခန့် အကွာတွင် နေထိုင်သူတဦးက ပြောသည်။
စက်ရုံသည် ကော့သောင်းမြို့ မြောက်ဘက် အေးရိပ်ငြိမ်း နှင့် ရွှေပြည်သာ ရပ်ကွက်ကြားတွင် ရှိပြီး စက်ရုံလည်ပတ်နိုင်ရန်အတွက် စက်ရုံ နဘေးတွင် ထိုင်း-မြန်မာ နယ်နိမိတ်အဖြစ် သတ်မှတ်ထားသည့် ပါချန်မြစ်ရေကို စုတ်ယူသုံးစွဲရန်နှင့် ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်မှ ကျောက်မီးသွေးကို တူးဖော်ရန် စီစဉ်ထားသည်။
“လူနေရပ်ကွက်ကြားမှာ စက်ရုံ လာဆောက်တာ ကျနော်တို့အတွက် အရမ်းအန္တရာယ် ကြီးတယ်။ ဒီစက်ရုံ မလည်နိုင်အောင်တော့ ကျနော် တို့ ကန့်ကွက်ရမှာပဲ” ဟု ရွှေပြည်သာ ရပ်ကွက်သား တဦးက ပြောသည်။
ထိုစက်ရုံကို ယခင် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးခင်ဇော်လက်ထက် ၂ဝ၁၁ ခု နှစ်လယ်ခန့်က စတင်တည်ဆောက်ခဲ့ရာ ၉၅ ရာနှုန်းခန့် ပြီးစီးပြီ ဖြစ်ပြီး၊ ဧပြီလဆန်းပိုင်းတွင် စတင်လည်ပတ်မည်ဟု ဒေသခံများက ပြောသည်။
မတ်လ ၁ ရက်နေ့ နေ့လည်ပိုင်းတွင် ကော့သောင်းမြို့ အထက ၃ ၌ စက်ရုံ မန်နေဂျာ ဦးလှမော်က ဓါတ်အားပေးစက်ရုံမှ ရရှိမည့် အကျိုး ကျေးဇူးနှင့် ပတ်သက်၍ မြို့ခံများကို ဖိတ်ကြားကာ ဟောပြောခဲ့ပြီး၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ တနင်္သာရီတိုင်း စည်းရုံးရေးမှူး ကို သန်း ထွန်းက စက်ရုံမှ ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို ထောက်ပြပြောဆိုခြင်းကြောင့် ဟောပြောပွဲကို ဖျက်သိမ်းခဲ့သည်။
“သူက ကောင်းကျိုးသက်သက် ပြောသွားတယ်။ ကျနော်က ဆိုးကျိုးတွေ အများကြီး ရှိတဲ့အကြောင်း ထောက်ပြပြီး ဒီဆိုကျိုးတွေကို ဘယ်လို ကာကွယ်ပေးမယ်။ ဘယ်လို စောင့်ထိန်းပေးမယ် ဆိုပြီး ထကန့်ကွက်တော့ သူက ဘာမှ မဖြေဘဲနဲ့ အစည်းအဝေးကို ဖျက်သိမ်း လိုက်တယ်” ဟု ကိုသန်းထွန်းက ပြောသည်။
စက်ရုံတည်ဆောက်နေစဉ် လွန်ခဲ့သည့် ၂၀၁၀ ခုနှစ် အောက်တိုဘာလ အတွင်းကလည်း ကော့သောင်း ဒီမိုကရက်တစ် ပါတီ (မြန်မာ) က စက်ရုံဆောက်လုပ်ခြင်းကို ရပ်တန့်ပေးရန် မန်နေဂျာထံ သွားရောက် ကန့်ကွက်ခဲ့သေးကြောင်း ကိုသန်းထွန်းက ပြောသည်။
ကျောက်မီးသွေးစက်ရုံကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးနှင့် သက်ဆိုင်သည့် အချက်အလက်များကို စုဆောင်းကာ စက်ရုံမလည်ပတ်မီ ဒေသခံများကို စာဖြန့်ကာ ပညာပေးသွားမည်ဟုလည်း သူက ပြောသည်။
ဒေသခံများနှင့် ပညာရှင်များ၏ ကန့်ကွက်ပြောဆိုမှုကြောင့် အီတာလျံ-ထိုင်း ဖွံ့ဖြိုးရေး ကုမ္ပဏီက အကောင်အထည် ဖော်မည့် ထားဝယ် အထူး စီးပွား ရေးဇုန် စီမံကိန်းအတွင်းရှိ မဂ္ဂါဝပ် ၄,၀၀၀ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ဇန်နဝါရီလဆန်းတွင် အစိုး ရက ဆောက်လုပ်ခွင့် မပြုဘဲ ရန့်တန့်ပေးခဲ့သည်။
ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့၊ အက်ဆစ်မိုးကို ရွာသွန်းစေနိုင်သည့် ဆာလဖာဒိုင် အောက် ဆိုဒ်ဓါတ်ငွေ့၊ အသက်ရှူလမ်းကြောင်းတွင် ကင်ဆာရောဂါ ဖြစ်စေနိုင်သည့် အမှုန်အမွှား အများအပြား ထွက်လာနိုင်သည့်အပြင် ကာဗွန် မိုနောက်ဆိုဒ်၊ သောက်သုံးရေနှင့် ပင်လယ်ရေထုကို ညစ်ညမ်းစေနိုင် သည့် ပြဒါး၊ စိန် ဆိုသည့် အာစင်းနစ်ဓါတ် စသည့် လေထု၊ ရေထု နှင့် မြေထုကို ညစ်ညမ်းစေနိုင်သည့် ဓာတ်ငွေ့ပေါင်း များစွာ ထွက်ရှိလာနိုင်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် များ က ပြောသည်။
No comments:
Post a Comment