လာမယ့် ဧပြီ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးတဲ့ နေရာမှာ ပါတီကြီး တခုရဲ့  ဆောင်ချက်ဟာ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ပြဌာန်း ချက်တွေနဲ့ မညီ ညွတ် ဘူးလို့ အမျိုးသား ဒီမို ကရေစီ အဖွဲ့ ချုပ် ဗဟိုရွေး ကောက်ပွဲ အောင်နိုင်ရေး အဖွဲ့က ကြေညာ လိုက်ပါ တယ်။မတ်လ ၁၉ ရက် ဒီနေ့ ရက်စွဲနဲ့ သတင်း ထုတ်ပြန်ချက် တစောင် ထုတ်ပြန်ကာ ခုလို ဝေဖန် လိုက်တာ ဖြစ်ပြီး ဒီကြေညာ ချက်မှာ အာ ဏာ ရ ကြံ့ခိုင် ရေးနဲ့  ဖွံ့ဖြိုးရေး ပါတီရဲ့ မဲဆွယ် ဆောင်ရွက်ချက် တချို့ကို ထောက်ပြ ဝေဖန် ထားပါ တယ်။
ဒီ သတင်း ထုတ်ပြန် ချက်မှာ စစ်ကိုင်းတိုင်း၊ မင်းကင်း မြို့နယ် အတွင်းမှာ ကြံ့ခိုင်ရေး ပါတီ မဲဆွယ် စည်းရုံး ရာမှာ အန်အယ်လ်ဒီ ပါတီ ဥက္ကဋ္ဌကို ပုတ်ခတ် ပြောဆို ခဲ့တဲ့ အကြောင်းနဲ့  ရွာစာ သင်ကျောင်း ဆောက်ဖို့ ငွေ ၃ သိန်းခွဲ လှူပြီး သူ အနိုင် ရရင် နောက်ထပ်၃ သိန်းခွဲ လှူဦး မယ် ဆိုပြီး စည်းရုံး တာမျိုးဟာ မဲဝယ်တဲ့ လုပ်ရပ် ဖြစ်လို့ ဥပဒေနဲ့ မညီတဲ့ အကြောင်း ဖော်ပြ ထားပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲ ကော်မရှင်က ကြိုတင်မဲကို မတ်လ ၃၀ နဲ့ ၃၁ရက် နေ့တွေ မှာ ပေးရမယ်လို့ ညွှန်ကြား ထားပေမယ့် တနင်္သာရီ တိုင်း၊ လောင်းလုံ မြို့နယ်မှာ အခုကတည်းက ကြိုတင်မဲ ကောက်ယူနေတယ်လို့ အန်အယ်လ်ဒီက ဆိုပါတယ်။
အလားတူ နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာလည်း အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဦးမင်းသူရဲ့ ဟောပြောပွဲမှာ တိုက်ခိုက် ခံရတဲ့ အကြောင်း ဒါတွေဟာ ဥပဒေနဲ့ မညီဘဲ၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရေးကိုလဲ ထိခိုက်စေနိုင်တယ်လို့ အန်အယ်ဒီ ပါတီက ဆိုပါတယ်။
အဖွဲ့ချုပ် အောင်နိုင်ရေး မန်နေဂျာ ဦးဥာဏ်ဝင်းက “အဲဒါမျိုးတွေဟာ ဥပဒေနဲ့ ငြိပါတယ်။ ဒါလာဘ်ပေး လာဘ်ယူ ကိစ္စတွေပါ ။ အလားတူ ဖြစ်ရပ်မျိုးတွေ တတိုင်းပြည်လုံး အများကြီးပါ။ ကျနော်တို့ အားလုံးကို မထည့်ပါဘူး ။ အရေးကြီးတဲ့ အချက်တွေကို ရွေးပြီး သတင်း ထုတ် ပြန် ချက်မှာ ထည့်ထားတာပါ။” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့ကလည်း ကော့မှူးမြို့နယ်အတွင်းမှာ သေဆုံးသူ ၄၀၀ကျော်ရဲ့ စာရင်းတွေအပါအ၀င် လူပေါင်း ၂ ထောင်ကျော်ရဲ့ မဲ စာရင်းတွေ မှားယွင်းနေ မှု တောင်တွင်းကြီးမြို့နယ်မှာ မဲစာရင်းတွေ ကူးယူခွင့် မရမှုတွေနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီက သတင်း ထုတ် ပြန် ခဲ့ပါသေးတယ်။
No comments:
Post a Comment