Saturday, July 20, 2013

မဲဆောက်တွင် မြန်မာနိုင်ငံသားများ ကိုယ်ပိုင်တိုက်ခန်းများ ဝယ်ယူနိုင်ပြီ

မြတ်နိုးခင်

ထိုင်းနိုင်ငံ၊ တာ့ခရိုင် မဲဆောက်မြို့၊ သက်ဆဘန်းရပ်ကွက်၊ မယ်ရမက်သွားရာလမ်းတွင် တည်ဆောက်နေသော Vee Condo အထပ်မြင့် တိုက်ခန်းဆောက်လုပ်ရေးမှ မြန်မာနိုင်ငံသားများ ကိုယ်ပိုင်တိုက်ခန်းများ ၀ယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

Vee Condo မှ ဆောက်လုပ်နေသော အထပ်မြင့်တိုက်မှာ အထပ်ပေါင်း (၇)ထပ်ရှိပြီး အခန်းပေါင်း ၇၉ ခန်း ပါဝင်ကြောင်း သိရသည်။


တိုက်ခန်းများ၏ ဈေးနှုန်းများမှာ အခန်းအမျိုးအစားအလိုက် ကွာခြားမှုရှိကြောင်း တိုက်ခန်းအရောင်းဌာနမှ အရောင်းဝန်ထမ်းတစ်ဦးဖြစ်သူ နန်းသောင်းစိန်က ယခုလို အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။

" တိုက်ခန်းဝယ်မဲ့သူက မဲဆောက်မှာ နေတာဆိုလို့ရှိရင် ပတ်စ်ပို့နဲ့ နေရပ်လိပ်စာကိုပြပြီးတော့ အခန်းကို ဘွတ်ကင် လုပ်ထားလို့ရပါတယ်။ တိုက်ခန်းပိုင်ဆိုင်မှုအတွက် လိုအပ်တဲ့ စာရင်းဇယား၊ စာချုပ်တွေကိုလည်း ကျွန်မတို့ ကုမ္ပဏီက ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ဘဏ်ကဒ်နဲ့လည်း ဝယ်ယူလို့ ရပါတယ်။ ဈေးနှုန်းတွေကတော့ အခန်းအကျယ်အဝန်းကို လိုက်ပြီးတော့ သတ်မှတ်ထားပါတယ်။ " ဟု ပြောသည်။

တိုက်ခန်း တစ်ခန်းကို ဘတ် (၁၅) သိန်း လောက်ရှိပြီး ၄င်းအထဲကမှ ၁၀% (ဘတ် - ၁၀၀၀၀)ကို အရင်းပေးသွင်းရမှာဖြစ်ပြီး လက်ကျန်ငွေကို အရစ်ကျပေးလို့ရကြောင်း၊ အဆိုပါ အခန်းထဲတွင် လိုအပ်သောအခန်းပစ္စည်း အပြည့်အစုံကို ထည့်ပေးထားကြောင်း၊ ယခု အထပ် ၇ ထပ်မှာ ၃ ထပ်က ရောင်းပြီးသွားပြီဖြစ်ကြောင်း မနန်းသောင်းစိန်က ပြောသည်။

အဆိုပါ ဆောက်လုပ်ရေး၏ ကုမ္ပဏီ Wonder We Asset သည် ချင်းမိုင်မြို့တွင်ရှိပြီး မြန်မာနိုင်ငံသားများအနေဖြင့် တိုက်ခန်းများကို မဲဆောက်မြို့ တစ်ခုတည်းမှာသာမက ချင်းမိုင်မြို့တွင်လည်း ၀ယ်ယူလို့ရရှိနိုင်ကြောင်း၊ ထို့အပြင် တိုက်ခန်းပိုင်ရှင် သူဌေးမှာ ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် နာမည်အကြီးဆုံး ဖြစ်သောကြောင့် ၀ယ်ယူသူများအနေဖြင့် စိတ်ချရပြီး အာမခံချက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများကို နိုင်ငံတကာ ဥပဒေအရ မြေယာပိုင်ဆိုင်ခွင့်ပေးထားသည့် ဥပဒေများမရှိသလို ယခုလို တိုက်ခန်းဝယ်ယူခွင့် ပိုင်ဆိုင်ခွင့် ပေးခြင်းသည်လည်း ရေတိုသာဖြစ်နိုင်ပြီး သားစဉ်မြေးဆက် အာမခံမှု ရှိနိုင်မည်မဟုတ်ကြောင်း မဲဆောက်မြို့အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့၏ ရုံးတာဝန်ခံ ကိုမျိုးဇော်က ပြောသည်။

" ကျွန်တော်တို့ အလုပ်သမားအရေး လုပ်လာတဲ့ တစ်လျှောက်လုံးမှာ ရွေ့ပြောင်းအလုပ်သမားတွေ မြေယာပိုင် ဆိုင်ခွင့်၊ အိမ်ပိုင်ဆိုင်ခွင့်ရှိတယ်လို့ တစ်ခါမှ မကြားဖူးပါဘူး။ ဥပဒေ ပြဌာန်းထားတာလည်း မရှိပါဘူး။ မြေယာပိုင် ဆိုင်မှုကိုမဆိုထားနဲ့ ကျွန်တော်တို့ ကားဝယ်မယ်ဆိုရင်တောင် မြန်မာနိုင်ငံသားတွေ ဝယ်ခွင့်မရှိပါဘူး။ အခုနောက်ပိုင်း ယာယီပတ်စ်ပို့တွေ လုပ်လာတော့ ယဉ်မောင်းလိုင်စင် လုပ်ခွင့်ပေးတာတော့၊ ဆိုင်ကယ်လိုင်စင် လုပ်ခွင့်ပေးတာတွေ ရှိလာတာပေါ့။ တကယ်လို့ မြန်မာနိုင်ငံသားတွေက ဝယ်ခွင့်ရှိလာမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ မြန်မာနိုင်ငံသားတွေက ဒီမှာပဲအခြေချပြီးတော့ စီးပွားရေးလုပ်နေကြတဲ့ မြန်မာနိုင်ငံသား တွေ အများကြီး ရှိနေကြတယ်လေ။ မြန်မာနိုင်ငံကို ပြန်ပြီးတော့ စီးပွားရေးလုပ်မယ်ဆိုရင် သူတို့က ဘာမှ လုပ်တတ်မှာတော့ မဟုတ်ဘူး။ အခုလိုမျိုး တိုက်ခန်းဝယ်ပြီး စီးပွားရေး လုပ်ရမယ်ဆိုရင်တော့ သူတို့အတွက် အကောင်းဆုံးပေါ့။ ဒါပေမဲ့ မြေယာကိုတော့ ပိုင်ဆိုင်ရမှာ မဟုတ်ဘူး။ တကယ်လို့ တိုက်ခန်းက ပျက်စီးသွားပြီ ဆိုရင် အဲဒီမြေနဲ့က သူတို့နဲ့ ဘာမှ ဆိုင်မှာမဟုတ်ဘူး။ အဲဒီတော့ ဆွေစဉ်မျိုးဆက်လည်း မပိုင်နိုင်တော့ဘူး။ တကယ်လို့ တိုက်ခန်းပျက်သွားလို့ ဒီနေရာက သူ့နေရာပါလို့ ပြောဖို့တောင် အာမခံချက် ရှိမှာမဟုတ်ပါဘူး။ တကယ်လို့ အဲဒီ ကုမ္ပဏီက ပျက်သွားတယ်ဆိုရင် အဲဒီနေရာကို သူပိုင်ပါတယ်လို့ ပြောလို့မရပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ သူက နိုင်ငံခြားသား ဖြစ်နေလို့။ စာရွက်စာတမ်းတွေနဲ့ ပိုင်ဆိုင်ကြောင်း လုပ်ပေးမယ်ဆိုရင်လည်း ရေရှည်မှာတော့ လွယ်မယ်မထင်ပါဘူး။ " ဟု ကိုမျိုးဇော်က ပြောသည်။

ထိုင်းနိုင်ငံတွင် သတ်မှတ်ထားသော ဥပဒေအရ နိုင်ငံခြားသားများ၊ ရွေ့ပြောင်းအလုပ်သမားများ မြေယာ၊ မြေကွက်များကို ဝယ်ယူခွင့်၊ ပိုင်ဆိုင်ခွင့်ရှိသည့် ဥပဒေများမရှိကြောင်း၊ ယခုနှစ်တွင် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များမှ မြန်မာနိုင်ငံသားများအား တိုက်ခန်းများ ရောင်းချနေမှုများသည် ပထမဆုံးအကြိမ်လည်းဖြစ်ကြောင်း၊ ထိုသို့ ရောင်းချနေမှုများတွင် ပိုင်ဆိုင်မှုသည် တိုက်ခန်းတစ်ခုတည်းကိုသာ ပိုင်ဆိုင်မှုရှိပြီး မြေယာပိုင်ဆိုင်မှု လုံးဝရှိမည်မဟုတ်ကြောင်း သုံးသပ်ပြောဆိုနေသူများလည်း ရှိနေကြသည်။

No comments: