Saturday, July 20, 2013

တိုင်းရင်းဘာသာ သင်ကြားနိုင်ဖို့ လိုအပ်တဲ့ ဥပဒေကို ပြဌာန်းပေးရန် ပညာရေး ကွန်ယက် အဆိုပြု

ရွှေဟင်္သာ

တိုင်းရင်းသား ဒေသများ အတွင်း၌ မိခင် ဘာသာ စကားများ တရားဝင် သင်ကြားနိုင်ရန် ဥပဒေ အဖြစ် တိတိကျကျ ပြဌာန်း ပေးသင့်ကြောင်း ပညာရေး စနစ် ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ယက်မှ အဖွဲ့ဝင် ဒေါက်တာ သိန်းလွင်မှ ဆိုပါသည်။

“ဒီတိုင်းရင်းသား ဘာသာ စကားတွေ သင်ကြားဖို့ကို ဥပဒေ အရ တိတိကျကျ ပြဌာန်း ပေးထားတာမျိုး မရှိသေးတဲ့ အတွက် အရင်ဆုံး လိုတာက ဥပေဒပြဌာန်းဖို့ပေါ့ဗျာ၊ ဥပဒေမရှိတဲ့ အတွက် အုပ်ချုပ်တဲ့ သူတွေရဲ့ ခွင့်ပြုချက်ကို သွားတောင်း နေရတယ်၊ အရေးကြီးဆုံးကတော့ ဥပဒေ တစ်ရပ် ဖြစ်လာဖို့ အရေးကြီးတယ်” ဟု ဒေါက်တာ သိန်းလွင် က ဆိုပါသည်။

တိုင်းရင်းသား ဘာသာ စကားဖွံ့ဖြိုးတိုးတက်ရန် အတွက်“Tri-Language Teaching System” ခေါ် မိခင်ဘာသာ စကားနှင့် မြန်မာ၊ အင်္ဂလိပ်ဘာသာ တို့အား သက်ဆိုင်ရာ တိုင်းရင်းသား ဒေသကျောင်းများ၌ တရားဝင် သင်ကြားခွင့် ရရှိရေးအတွက် တောင်းဆို နေမှုများ ရှိနေသည်။

ဤ“Tri-Language Teaching System” စနစ်အား ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ယက်မှ လွှတ်တော် ပညာရေး မြှင့်တင်ရေး ကော်မီတီအား တင်ပြထားသည့် “ပညာရေး မူဝါဒ (မူကြမ်း)” ၌ ရေးသား တင်ပြ ထားပါသည်။

၎င်းပညာရေး မူဝါဒ (မူကြမ်း) အား လွှတ်တော်မှ လက်ခံ ဆွေးနွေးပြီး အတည်ပြုနိုင်မည် ဆိုပါက လက်ရှိ ကျင့်သုံး နေသည့် မြန်မာနိုင်ငံ ပညာရေး မူဝါဒကို ဤမူကြမ်းဖြင့် အစားထိုး ကျင့်သုံးသွားရန် ရှိကြောင်းလည်း ဒေါက်တာ သိန်းလွင်မှ ဆိုပါသည်။

“လောလောဆယ်တော့ လွှတ်တော်ရဲ့ ပညာရေး မြှင့်တင်ရေး ကော်မီတီကို တင်ထားတဲ့ အဆင့်ပဲ ရှိသေးတယ်၊ လွှတ်တော်မှာ ဆွေးနွေးတဲ့ အဆင့်တော့ မရောက်သေးဘူး၊ ပြီးခဲ့တဲ့ အပတ်ကလည်း ကျွှန်တော်တို့ သမ္မတ ဦးသိန်းစိန်နဲ့တွေ့တော့ သူက ကောင်းပါတယ်၊ ပညာရေး ဝန်ကြီး ဌာနနဲ့ ညှိနှိုင်းဖို့ လိုတယ်၊ လွှတ်တော်မှာ လက်ခံ ဆွေးနွေးကြဖို့ ပြောတယ်”ဟု ဆိုပါသည်။

ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ရက်မှ နိုင်ငံလုံး ဆိုင်ရာ ညီလာခံကို ပထဆုံး အကြိမ် ခေါ်ယူခဲ့ပြီးနောက် ကဏ္ဍ (၁၃) ခုပါ အမျိုးသား ပညာရေး မူဝါဒ (မူကြမ်း) တစ်စောင်အား ရေးဆွဲနိုင်ခဲ့ပါသည်။

ဤမူကြမ်း၏ (၁၂) မြောက် ကဏ္ဍ၌လည်း တိုင်းရင်းသား ဘာသာ စကား သင်ကြားရေး၌ တိုင်းရင်းသား လူမျိုးများ၏ ဘာသာ စကားနှင့် ယဉ်ကျေးမှုများ ထိန်းသိမ်း ပြန့်ပွားနိုင်ရေး အတွက် တိုင်းရင်းသား ဘာသာ စကားများကို တိုင်းရင်းသားများ နေထိုင်ရာ ဒေသများတွင် ကျောင်းသုံး ဘာသာ စကားအဖြစ် အသုံးပြုသွားမည် ဖြစ်ကြောင်း၊ ဗမာစာနှင့် အင်္ဂလိပ်စာ သင်ကြားရာတွင်လည်း မိခင် ဘာသာ စကား သင်ကြားနည်း မဟုတ်သော ဒုတိယ ဘာသာ စကား သင်ကြားနည်းကို အသုံးပြုမည်ဟု ထည့်သွင်း ရေးဆွဲ ထားပါသည်။

ဤကဲ့သို့ ဥပဒေအရ သတ်မှတ် ပြဌာန်းပေးထားခြင်း မရှိသေးသော်လည်း တိုင်းရင်းသား လက်နက်ကိုင် ပါတီ များကမူ “Tri-Language Teaching System” စနစ်ကို ၄င်းတို့၏ အမျိုးသား ကျောင်းများ၌ သင်ကြား ခဲ့သည်မှာ ကြာလှပြီး ဖြစ်ပါသည်။

သို့သော်လည်း အစိတ်အပိုင်း အရသာ သင်ကြားနိုင်ခဲ့ပြီး တမျိုးသားလုံးကို လွှမ်းခြုံနိုင်သော အခြေအနေ မရှိခဲ့ပေ။

တိုင်းရင်းသား ဘာသာ စာပေကို တိုင်းရင်းသား ပြည်နယ်များတွင် တရားဝင် သင်ကြားခွင့် ရှိခဲ့ဘူးပါသည်။ (၁၉၄၈)ခု နှစ်မှ (၁၉၇၄) ခုနှစ် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်မတိုင်မီ အထိ ရှိခဲ့သည်ဟု သိရပါသည်။ နောက်ပိုင်း၌ တရားဝင် သင်ကြားခွင့်များ ပိတ်ပင် လိုက်ပြီး ယနေ့အထိ ပြန်လည် သင်ကြားခွင့် ရရေး တောင်းဆို နေရကြောင်း တိုင်းရင်းသား ပါတီများက ဆိုပါသည်။

No comments: